နေပြည်တော် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၅၂)ကြိမ်မြောက်
အရှေ့တောင်အာရှဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာရှိများအစည်းအဝေး နှင့်
(၃၆)ကြိမ်မြောက် အရှေ့တောင် အာရှဗဟိုဘဏ်ဥက္ကဋ္ဌများ၏ ဘုတ်အဖွဲ့ အစည်းအဝေးများ
(52nd SEACEN Governors’ Conference / High-Level Seminar and 36th
Meeting of the SEACEN Board of Governors) ကို ယနေ့နံနက် ၉နာရီ က
နေပြည်တော်ရှိ The Lake Garden Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား သည်။ (အပေါ်ပုံ)
ယင်းနောက် ဖိလစ်ပိုင်နိုင်ငံဗဟို ဘဏ်ဥက္ကဋ္ဌ Mr.Amando M. Tetangco.,Jr ၊ အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Dr.Hans Genberg ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ‘ဒုတိယဦးဆောင်ညွှန်ကြား ရေးမှူး Mr.Mitsuhiro Furusawa နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ဒုတိယစီးပွားရေး အမှုဆောင်ချုပ် Dr. Juzhong Zhuang တို့က နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားကြသည်။
ထို့နောက် အစည်းအဝေး ပထမပိုင်း ကို ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက သဘာပတိအဖြစ်ဆောင်ရွက်ပြီး ငွေကြေးမူဝါဒဆိုင်ရာမူဘောင်နှင့် ငွေရေး ကြေးရေးစနစ်တည်ငြိမ်ရေး၊ စီးပွားရေး ထွန်းသစ်စနိုင်ငံများ၏ ငွေကြေးမူဝါဒ ဆိုင်ရာ မဟာဗျူဟာချမှတ်မှုများဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဗဟိုဘဏ် ဥက္ကဋ္ဌများက ဆွေးနွေးကြသည်။
ဆက်လက်၍ အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဗဟို ဘဏ်ဥက္ကဋ္ဌများသည် SEACEN အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးမူဝါဒဆိုင်ရာ မဟာဗျူဟာအပေါ် အကျိုးသက်ရောက် စေခဲ့သည့် က္ဘာလုံးဆိုင်ရာ ငွေရေး ကြေးရေး ပေါင်းစည်းမှု တိုးမြှင့်ဆောင် ရွက်ခြင်း၊ ဗဟိုဘဏ်များ၏ အဓိက ရည်မှန်းချက်ဖြစ်သည့် ငွေကြေးမူဝါဒ ကို အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် ငွေရေးကြေးရေးတည်ငြိမ် ရေးကိုပါ ထည့်သွင်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများ တွင် ငွေကြေးမူဝါဒဆိုင်ရာ မဟာဗျူဟာ အပြောင်းအလဲများနှင့် အရေးပါမှုအပေါ် လေ့လာသုံးသပ်ခြင်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အစည်းအဝေး ဒုတိယပိုင်းတွင် ငွေရေးကြေးရေး တည်ငြိမ်ရေးတွင် ဗဟို ဘဏ်များ၏ အခန်းကဏ္ဍ (The Role of Central Bank in Financial Stability) အပေါ် ဖိလစ်ပိုင် ဗဟိုဘဏ်ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ပြီး ငွေကြေးတည်ငြိမ်မှုနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်မှုတို့ အတွက် ဆောင်ရွက်ရာတွင် လျော်ကန်၍ ဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ အရှေ့ တောင်အာရှဗဟိုဘဏ်အဖွဲ့၏ အဖွဲ့ဝင် ဗဟိုဘဏ်ဥက္ကဋ္ဌများက ဆွေးနွေးကြ သည်။
ထို့နောက် The Only Game in Town-Are Central Banks/ Monetary Authorities Expected to Do Too Much အကြောင်းအရာ ကို ထိုင်းဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ဖီဂျီဗဟို ဘဏ်ဥက္ကဋ္ဌတို့က ဦးဆောင်ဆွေးနွေး ကြပြီး အစည်းအဝေး တက်ရောက်လာ သူများက အမြင်ချင်းဖလှယ်ဆွေးနွေး ကြသည်။
ပထမနေ့ အစည်းအဝေးအစီအစဉ် များကို ညနေ ၅ နာရီတွင် ကျင်းပ ပြီးစီးခဲ့ပြီး ဒုတိယနေ့အစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:
Post a Comment