Wednesday, November 30, 2016

ဘားအံမြို့ ခွယ်ကဘောင်ပညာဥယျာဉ် ဘုန်းတော်ကြီးကျောင်း၌ အစာအဆိပ်သင့်မှုဖြစ်ပွား



Image may contain: 1 person
ဘားအံ နိုဝင်ဘာ ၂၉
ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၉)ရပ်ကွက် လုပ်သားလမ်းရှိ ခွယ်ကဘောင် ပညာဥယျာဉ် ဘုန်းတော်ကြီးကျောင်းတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်ကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူ ၁၃၃ ဦးခန့် တက်ရောက်သင်ကြားလျက်ရှိကြပြီး စေတနာရှင်၊ အလှူရှင်များ စုပေါင်း၍ အာဟာရဖြစ်အစားအစာများ တည်ခင်းကျွေးမွေး လေ့ရှိရာ နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီက ဇွဲကပင်-၂ ကုန်းမိသားစုများ အဖွဲ့က ကျွေးမွေးသည့် ခေါက်ဆွဲကြော်နှင့် သခွားချဉ်စားသုံးမိရာမှ အစာ အဆိပ်သင့်မှုဖြစ်ပွားခဲ့ကြကြောင်း သိရသည်။
နိုဝင်ဘာ ၂၈ ရက် ကျောင်းချိန်တွင် ကျောင်းသား ကျောင်းသူများ ကျောင်းသို့ရောက်ရှိလာခြင်းမရှိသဖြင့် စုံစမ်းမေးမြန်းရာ ကလေးများ ဖျား၊ တုန်ချမ်း၊ အန်၊ ဝမ်းသွားနေကြသဖြင့် ကျောင်းတက်နိုင်ခြင်းမရှိသည်ကို သိရှိရပြီး အမှတ်(၁၃)ကျောင်းအုပ်ဆရာမကြီးက နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကျောင်းကျန်းမာရေးဌာနသို့ အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားကြောင်း သိရသည်။
အစာအဆိပ်သင့်မှုကြောင့် အမက(၁၃)ကျောင်းမှ ကျောင်းသား ကျောင်းသူ ၄၇ ဦး၊ အမက(၈)ကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၆ ဦး၊ အထကခွဲ(၃)မှ နှစ်ဦး၊ အထက(၄)ကျောင်းမှ ငါးဦး၊ ပြင်ပအရပ်သားလူကြီး တစ်ဦး၊ ကလေးလေးဦး၊ ခွယ်ကဘောင်ပညာဥယျာဉ် ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါး၊ ကိုရင် ၁၉ ပါး၊ ဝိုင်းဝန်းလုပ်ကိုင်သူသုံးဦး၊ ဓမ္မစကူးလ်ဆရာမ နှစ်ဦး စုစုပေါင်း ၁၁ဝ တို့ ကိုယ်ပူပြီးတုန်ချမ်းကာ အဖျားတက်ခြင်း၊ ဝမ်းသွားခြင်း၊ အော့အန်ခြင်းနှင့် ဗိုက်အောင့်ခြင်း စသည့်ရောဂါဝေဒနာများ ခံစားကြ ရကြောင်း သိရသည်။
ထိုသို့အစာအဆိပ်သင့်ဖြစ်ပွားမှုကို ဘားအံပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာဌေးဌေးဝင်းနှင့်အဖွဲ့က အမက(၁၃)မူလတန်း ကျောင်းတွင်လည်းကောင်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာခင်မိုးအေး နှင့်အဖွဲ့က အမက(၈)ကျောင်းတွင် လည်းကောင်း၊ ဘားအံပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာမြတ်ကောင်းနှင့်အဖွဲ့က ဆေးဝါးကုသပေးခဲ့ကြပြီး ဘားအံခရိုင်အုပ်ချုပ်ရေးမှူး၊ ဘားအံမြို့နယ် အုပ်ချုပ် ရေးမှူး၊ ဘားအံမြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ အစာအဆိပ်သင့်သူများအနက် ကိုရင်နှစ်ပါးနှင့် မူလတန်း ကျောင်းသား သုံးဦးတို့မှာ နိုဝင်ဘာ ၂၈ ရက်က ဘားအံပြည်သူ့ဆေးရုံတွင် အတွင်းလူနာများအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြပြီး နိုဝင်ဘာ ၂၉ ရက်တွင် အစာအဆိပ်သင့်သူများအနက် ငါးဦးထပ်မံ၍ အတွင်းလူနာများအဖြစ် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment