Tuesday, November 1, 2016

မိုဆူးမြို့အရှေ့ဘက်ပိုင်းဆီသို့ ဦးတည်၍ အီရတ်တပ်ဖွဲ့များ ထိုးစစ်ပြန်လည်စတင်



Image may contain: sky, outdoor and one or more people
ဘဂ္ဂဒက် အောက်တိုဘာ ၃၁
အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (အိုင်အက်စ်) လက်အောက်သို့ ကျရောက်နေသည့် နောက်ဆုံးလက်ကျန် မြို့ကြီးဖြစ်သည့် မိုဆူးမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရန် ဦးတည်သည့် ထိုးစစ်ကို အီရတ်တပ်ဖွဲ့များက အောက်တိုဘာ ၃၁ ရက်တွင် ပြန်လည်စတင်ခဲ့ကြောင်း၊ စစ်ဆင်ရေး၏ ပစ်မှတ်မှာ တိုက်ဂရစ်မြစ်က နှစ်ပိုင်းခွဲခြားထားသည့် မိုဆူးမြို့၏ အရှေ့ဘက်ကမ်းဒေသဖြစ်ကြောင်း အီရတ်စစ်ဘက်တာဝန်ရှိသူများက ပြောကြားကြသည်။
အီရတ်ကြည်းတပ်၏ အကြမ်းဖက်မှုချေမှုန်းရေးတပ်ဖွဲ့သည် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ချီတက်ခဲ့ရာတွင် အခြားသော ရှေ့တန်းစစ်မြေပြင်ရှိ တပ်ဖွဲ့များထက် မြေပြင်ထိုးဖောက်မှုကို ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင် ခဲ့ပြီး မိုဆူးမြို့အနီး အခြားတပ်ဖွဲ့များကို စောင့်ဆိုင်းနေခဲ့သည်။
အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏လေကြောင်း ပစ်ကူပေးမှုနှင့် မြေပြင်အထောက်အကူပေးမှုတို့နှင့်အတူ အီရတ်အစိုးရတပ်ဖွဲ့များနှင့် ကာဒစ်ပက်ရှ်ဟာမာဂါ တိုက်ခိုက်ရေးသမားများက သဘောထားတင်းမာသည့် ဆွန်နီစစ်သွေးကြွများ သိမ်းယူထားသည့် မိုဆူးမြို့အား ပြန်လည်သိမ်းယူနိုင်ရေးအတွက် အောက်တိုဘာ ၁၇ ရက်မှစကာ မြေပြင်ထိုးစစ်ဆင်နွှဲနေခြင်းဖြစ်သည်။
အီရန် လိုလားသော အီရတ်ရှီးယိုက်ပြည်သူ့စစ်များသည် အောက်တိုဘာ ၂၉ ရက်တွင် အီရတ်အစိုးရ၏ တပ်ဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်။ ဆီးရီးယားနိုင်ငံတွင်းရှိ အိုင်အက်စ်တို့၏ ခြေကုပ်စခန်းတည်ရာ ရတ်ကွာမြို့နှင့် မိုဆူးမြို့အကြားရှိ လမ်းကြောင်းများကို ဖြတ်တောက်နိုင်ရန် ယင်းတပ်ဖွဲ့များလုပ်ဆောင် ခဲ့ကြသည်။
ရိုက်တာ။

No comments:

Post a Comment