
ကိုလံဘို နိုဝင်ဘာ ၂၄
ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈ သန်း တန်ဖိုးရှိ ကိုကင်းများကို သိမ်းဆည်းရမိကြောင်း သီရိလင်္ကာ အကောက်ခွန်အဖွဲ့က နိုဝင်ဘာ ၂၄ ရက် တွင် ပြောကြားသည်။
အဆိုပါမူးယစ်ဆေးများကို ဘရာဇီးနိုင်ငံမှ တင်ပို့သော သကြားပါဝင်သောကုန်သေတ္တာတစ်လုံးအတွင်း သိုဝှက်သယ်ဆောင်ကာ မှောင်ခိုတင်သွင်းလာခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
သင်္ဘောဖြင့် တင်ဆောင်လာသော ကုန်သေတ္တာ တစ်လုံးအတွင်း သကြားအိတ်ရှစ်အိတ်တွင် သိုဝှက်ယူဆောင်လာသည့် ကိုကင်း ကီလိုဂရမ် ၂ဝဝ ခန့်ကို သီရိလင်္ကာအကောက်ခွန် တာဝန်ရှိသူများက သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းဌာန ပြောရေးဆိုခွင့်ရှိသူ ဒါမက်ဘီနာ ခါနာဒါဝါက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
မှောင်ခိုတင်သွင်းလာသော ယင်းကိုကင်းများကို သီရိလင်္ကာနိုင်ငံတွင်းရှိ ဈေးကွက်သို့ တင်သွင်းခြင်း သို့မဟုတ် အခြားဈေးကွက်များသို့ ဆက်လက်တင်ပို့ရန် ရှိ၊ မရှိ စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။
အဆိုပါ ကုန်သေတ္တာသည် ဘရာဇီးနိုင်ငံမှ ဝင်ရောက်လာခြင်းဖြစ်ပြီး သီရိလင်္ကာရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးဗျူရိုက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ခါနာဒါဝါက ပြောကြားသည်။
သီရိလင်္ကာအကောက်ခွန်အဖွဲ့မှ သိမ်းဆည်းရမိသော မူးယစ်ဆေးများကို ရဲတပ်ဖွဲ့ မူးယစ်နှိမ်နင်းရေး ဗျူရိုသို့ လွှဲအပ်ပေးခဲ့သည်။
ယခုနှစ် ဇွန်လအတွင်းက သီရိလင်္ကာနိုင်ငံသို့ ဘရာဇီးနိုင်ငံမှ ရောက်ရှိလာသော သကြားကုန်သေတ္တာများအတွင်းမှ ကိုကင်းများကို သိမ်းဆည်းရမိပြီးချိန် နောက်ပိုင်း သိရီလင်္ကာအကောက်ခွန်ဌာနက ယင်းနိုင်ငံမှတင်သွင်းသော သကြားသေတ္တာများကို ပိုမိုစစ်ဆေးမှု ပြုလုပ်လာသည်။
ဆင်ဟွာ။
No comments:
Post a Comment