Wednesday, November 2, 2016

နိုင်ငံ့စီးပွားဖွံ့ဖြိုးအောင်ကြိုးပမ်းအားထုတ်



Image may contain: text
လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံတော်၏မက်ခရိုစီးပွားရေး အခြေအနေအရ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)သည် ခန့်မှန်းထားသည်ထက် လျော့နည်းနိုင်ပြီး စီးပွားရေး တိုးတက်မှုနှုန်းသည်လည်း ခန့်မှန်းသည်ထက် လျော့နည်းနိုင်သည်ကို တွေ့ရှိရကြောင်း ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေး နှေးကွေးကျပ်တည်းနေသည့် အချိန်ကာလတွင် အဘက်ဘက်က အားနည်းချို့ယွင်းခဲ့သော မြန်မာနိုင်ငံအား ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် ထူထောင်ရသည့် စီးပွားရေးနယ်ပယ်များတွင် အခက်အခဲအကျပ်အတည်းများစွာရှိနိုင်သည်။ ဘတ်ဂျက်လိုငွေပြနေသော နိုင်ငံတစ်နိုင်ငံအတွက် ဖွံ့ဖြိုးမှုနှေးကွေးနေမည်ဖြစ်ပြီး ဘတ်ဂျက်ပိုငွေပြမှသာ ထိုနိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
ထို့ကြောင့် ဘတ်ဂျက်လိုငွေနှင့်ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)ကို အချိုးနည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းဆောင်ရွက်ကြရသည်။ မိသားစုတစ်စုတွင် ဝင်ငွေနည်းပြီး ထွက်ငွေများပါက အကြွေးထူလာပြီး ချို့တဲ့ဆင်းရဲသွားသည်။ လိုအပ်သော ထွက်ငွေထက် ဝင်ငွေပိုများနေပါက စုဆောင်း ငွေများလာကာ ချမ်းသာကြွယ်ဝသူ ဖြစ်လာသည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်ပြီး လယ်ယာထွက်ကုန်တိုးတက်လျှင် စီးပွားရေးကောင်းလာသည်။ တစ်ချိန်က မြန်မာနိုင်ငံ၏ပို့ကုန်အားလုံး၏ ငါးပုံလေးပုံမှာ လယ်ယာထွက်ကုန်များ ဖြစ်သည်။ ယခုအခါ သဘာဝဘေးဒဏ်နှင့်လယ်ယာထွက်ကုန်အရည်အသွေးကျဆင်းမှုကြောင့် လယ်ယာထုတ်ကုန်ကျဆင်းသွားသည်။ သစ်တောကဏ္ဍတွင်လည်း သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရန်အတွက် ထုတ်လုပ်မှုလျှော့ချထားသည်။ စွမ်းအင်ကဏ္ဍတွင်လည်း ကမ္ဘာနှင့်အဝှမ်း ရေနံနှင့်သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းမှုကြောင့် ရငွေများလျော့နည်းသွားသည်။ သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍတွင်လည်း အလားတူပင်ဖြစ်သည်။
ထိုအခြေအနေတွင် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးလိုက်သည်ဆိုသော်လည်း အကျိုးသက်ရောက်မှုကို အချိန်ကာလတစ်ခုအထိ စောင့်ရဦးမည်ဖြစ်သည်။ ယခုအခါ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ ငွေကြေးတန်ဖိုးများအပေါ် ရိုက်ခတ်ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းမတည်ငြိမ်ဘဲ ဒေါ်လာ ဈေးနှုန်းမြင့်တက်မှုနှင့်ကြုံတွေ့နေရသည်။ သွင်းကုန်တန်ဖိုးမြင့်တက်ချိန်တွင် နိုင်ငံခြားငွေမြင့်မားခြင်းကြောင့် စီးပွားရေးတွင် အနုတ်လက္ခဏာဖြစ်ခဲ့သည်။
ဘတ်ဂျက်လိုငွေပြခြင်း၊ ထုတ်လုပ်မှု၊ စားသုံးမှု၊ ဝယ်လိုမှု၊ ရောင်းလိုမှု အခြေအနေတို့နှင့်ဆက်စပ်ပြီး ငွေကြေးဖောင်းပွမှုတို့ဖြစ်လာခြင်းသည် ယခုမှဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ နှစ်အဆက်ဆက်ဖြစ်ပေါ်လာခဲ့သော အကျိုးဆက်များဖြစ်သည်။ ယင်းလိုအပ်ချက်များကို ယခုအစိုးရလက်ထက်၌ အခက်အခဲအကျပ်အတည်း စိန်ခေါ်မှုများစွာကြားမှ ကြိုးပမ်းဆောင် ရွက်နေရသည်ကို နားလည်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် ငွေရေးကြေးရေးနယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေပြီး အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုတိုးမြှင့်ရရှိရန်၊ နိုင်ငံပိုင်လုပ်ငန်းများပြန်လည်တည်ဆောက်ရန်၊ ပြောင်းလဲနိုင်ရန် စသည့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဆောင် ရွက်နေပြီဖြစ်သည်။ အစိုးရဌာနများအနေဖြင့် ရငွေများလျော့နည်းလာနိုင်သဖြင့် အသုံးစရိတ်များကို ချင့်ချိန်သုံးစွဲကြရန် အသိပေးထားပြီး ဖြစ်သည်။
ထို့ကြောင့် ပြည်ပမှရရှိနိုင်သည့် ထောက်ပံ့ငွေနှင့်သက်သာသည့်ချေးငွေများအား စနစ်တကျသုံးစွဲရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတည်ငြိမ်မှုကို ဟန်ချက်ညီအောင်ထိန်းသိမ်းဆောင်ရွက်နိုင် ရေးတို့ကို သက်ဆိုင်ရာဌာနအလိုက် ထိန်းသိမ်းဆောင်ရွက်ကြရင်း နိုင်ငံတော်၏ နှစ်တို၊ နှစ်ရှည်၊ နှစ်စဉ်စီမံကိန်းများ အောင်မြင်အောင် ဌာနများသာမက ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။ ။

No comments:

Post a Comment