
နေပြည်တော် နိုဝင်ဘာ ၂၅
ပထမအကြိမ် မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ် ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် ၂+၂ အဆင့်မြင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ ဦးဆောင်၍ လည်းကောင်း၊ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လျိုကျန်းမင်နှင့် ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ ဒုတိယညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး Xu Fenlin တို့ ဦးဆောင်၍လည်းကောင်း ဆွေးနွေး ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနှင့်တရုတ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ် အေးချမ်းရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ အပြုသဘောဆောင်သော အကူအညီများ ပေးအပ်ရေး၊ နှစ်နိုင်ငံ နယ်စပ် ဒေသများတွင် တရားမဝင် ဝင်ထွက်သွားလာမှုများ တားဆီးရေးနှင့် တရားဝင် ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသများ ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီး ဦးကျော်တင်က အစည်းအဝေး သို့ တက်ရောက်လာသည့် နှစ်ဖက်ကိုယ်စားလှယ်များအား သင်္ဂဟဟိုတယ်တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်၍ ကျင်းပသည့် ဖော်ပြပါ အစည်းအဝေးကို မြန်မာနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် အကျိုးသက်ရောက်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား အလှည့်ကျ နှစ်စဉ် ပုံမှန်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် မြန်မာ- တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် ၂+ ၂ အဆင့်မြင့် ဆွေးနွေးပွဲ မကျင်းပမီ နိုဝင်ဘာ ၂၄ ရက်တွင် ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တရုတ် နိုင်ငံခြားရေး ဒုတိယဝန်ကြီး H.E. Mr. Liu Zhenmin တို့ ဦးဆောင်သော နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့များနှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဗိုလ်ချုပ်ကြီး Xu Fenlin တို့ ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
(သတင်းစဉ်)
No comments:
Post a Comment