Tuesday, November 1, 2016

ဘတ်ဂျက်နှင့်ပတ်သက်၍ ပြန်လည်ပြင်ဆင်ခဲ့ရခြင်းများကြောင့် အစိုးရ၏ ငွေလုံးငွေရင်း အသုံးစရိတ်များ အပြောင်းအလဲရှိနိုင်ခြင်းအပေါ် စောင့်ဆိုင်းသုံးစွဲရသည့်အတွက် ပြည်တွင်းဈေးကွက်တွင် သက်ရောက်မှုအချို့ရှိခဲ့



The Mirror Daily's photo.
နေပြည်တော် အောက်တိုဘာ ၃၁
ဘတ်ဂျက်နှင့်ပတ်သက်၍ ပြန်လည်ပြင်ဆင်ခဲ့ရခြင်းများကြောင့် အစိုးရ၏ငွေလုံးငွေရင်းအသုံးစရိတ်များ အပြောင်းအလဲရှိနိုင်ခြင်းအပေါ် စောင့်ဆိုင်းသုံးစွဲရသည့်အတွက် ပြည်တွင်းဈေးကွက်တွင် သက်ရောက်မှုအချို့ရှိခဲ့ပါကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတက ယနေ့ ကမ္ဘာ့စီးပွားရေးအခြေအနေသည် တိုးတက်မှုနှေးကွေးနေသည့်အတွက် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တိုက်တွန်းထားသည်ကို တွေ့ရပါကြောင်း၊ ကမ္ဘာ့စီးပွားရေးနှေးကွေးမှုအကျိုးဆက်ကြောင့် ကုန်သွယ်မှုနယ်ပယ် တွင် တိုးတက်မှုများ နှေးကွေးလာသည်ကိုလည်း သိရပါကြောင်း၊ IMF ၏ ခန့်မှန်းထုတ်ပြန်ချက်အရ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို ကြည့်သည့်အခါ အာရှနိုင်ငံများတွင် တိုးတက်မှုအနေအထားကောင်းဖြင့် ဆက်လက်ရပ်တည်နေသည်ကို တွေ့ရပါကြောင်း၊ ဒေသတွင်းနိုင်ငံများတွင် ကောင်းမွန်သည့် စီးပွားရေး အခြေအနေကောင်းများ ထိန်းသိမ်းထားနိုင်သည့် တစ်ချိန်တည်းမှာပင် စီးပွားရေးနယ်ပယ် ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့်တင်ပြီး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဘဏ္ဍာရေးကော်မရှင် (၂ /၂ဝ၁၆) အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများ အတည်ပြုပေးရမည်ဖြစ်
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယနေ့ကျင်းပသည့် ဘဏ္ဍာရေးကော်မရှင် (၂/၂ဝ၁၆) ကြိမ်မြောက် အစည်း အဝေးတွင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များက ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို ဘဏ္ဍာရေး ကော်မရှင်က အတည်ပြုပေးရမည်ဖြစ်ပါကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်သည် မိမိတို့အစိုးရအဖွဲ့ တာဝန်ယူသည့် သက်တမ်း၏ ပထမနှစ်ဖြစ်ပါကြောင်း။
အစိုးရသစ် စတင်တာဝန်ယူစဉ် ပြည်ထောင်စုဝန်ကြီး ဌာနများကို ပြင်ဆင်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့သည့်အတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေစာရင်းနှင့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး ပြန်လည်ပြင်ဆင်ခဲ့ရပါကြောင်း၊ ယခုပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်း အဝေးတွင် ဆွေးနွေးအတည်ပြုပေးနိုင်ရန်အတွက် ဘဏ္ဍာရေးကော်မရှင်က ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုစာရင်း နှင့်အတူ ထောက်ခံတင်ပြရမည်ဖြစ်ပါကြောင်း။
မက်ခရိုစီးပွားရေးအခြေအနေ
လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံတော်၏ မက်ခရိုစီးပွားရေးအခြေအနေအရ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(ဂျီဒီပီ)သည် ခန့်မှန်းထားသည်ထက် လျော့နည်းနိုင်ပြီး စီးပွားရေးတိုးတက်မှု နှုန်းသည်လည်း ခန့်မှန်းသည်ထက် လျော့နည်းနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ယင်းလျော့နည်းရခြင်းသည် လယ်ယာကဏ္ဍတွင် သဘာဝဘေးကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းခြင်း၊ သစ်တောကဏ္ဍတွင် သစ်ထုတ်လုပ်မှုများ လျှော့ချထားခြင်း၊ စွမ်းအင်ကဏ္ဍတွင် ကမ္ဘာနှင့်အဝှမ်း ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းမှုကြောင့် ရငွေများ လျော့နည်းသွားခြင်း၊ သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို လျော့နည်းစေရန် စီမံဆောင်ရွက်မှုကြောင့် ထုတ်လုပ်မှုလျော့နည်းခြင်းတို့ ဖြစ်ပေါ်ခဲ့ပါကြောင်း ပြောကြားသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်းမတည်ငြိမ်မှုများကို ကြုံတွေ့ခဲ့ရ
အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ခဲ့မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ ငွေကြေးတန်ဖိုးများအပေါ် ရိုက်ခတ်ခဲ့ရာတွင် မြန်မာနိုင်ငံသည်လည်း နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်မှုများကို ကြုံတွေ့ခဲ့ရပါကြောင်း၊ နှစ်အဆက်ဆက် ဘတ်ဂျက်လိုငွေပြမှုအပါအဝင် ကုန် ထုတ်လုပ်မှု၊ စားသုံးမှု၊ ဝယ်လိုအား၊ ရောင်းလိုအား အခြေ အနေများအရ ငွေဖောင်းပွမှုနှုန်း မြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ငွေရေး ကြေးရေး နယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေပြီဖြစ်ပါကြောင်း၊ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုတိုးမြှင့်ရရှိရန်၊ နိုင်ငံပိုင်လုပ်ငန်းများ ပြန်လည်တည်ဆောက်ရန်၊ ပြောင်းလဲနိုင်ရန် ဆက်လက် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ကမ္ဘာ့စီးပွားရေး နှေးကွေးကျပ်တည်းနေသည့် ယခုအချိန်တွင် နိုင်ငံတော်၏ဘဏ္ဍာငွေများကို သုံးစွဲရာတွင် စိစိစစ်စစ်၊ အကျိုးရှိရှိ သုံးစွဲကြရန်၊ သုံးစွဲမှုများနှင့်ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှုမြှင့်တင်ပြီး စောင့်ကြည့်မှုခံယူနိုင်ရန် မှာကြားလိုပါကြောင်း။
စီးပွားရေးမူဝါဒ ၁၂ ချက် ချမှတ်ပေးထား
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမေရိကန်ခရီးစဉ် အပြီးတွင် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဥပဒေကိုလည်း ပြင်ဆင်ပြဋ္ဌာန်းပေးနိုင်ခဲ့သည့်အတွက် ပိတ်ဆို့မှုများဖယ်ရှားပေးချိန်နှင့် အချိန်ကိုက်ဟု ဆိုနိုင်ပါကြောင်း၊ ပြည်တွင်းစီးပွား ရေးအပေါ် သက်ရောက်မှုရှိနေသည်မှာ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံတော်အစိုးရ၏ စီမံကိန်းနှင့် ဘတ်ဂျက်သုံးစွဲမှုများပင် ဖြစ်ပါကြောင်း၊ စီးပွားရေး တိုးတက်မှုကို တွန်းတင်နိုင်ရန် စီးပွားရေးမူဝါဒ ၁၂ ချက် ကို ချမှတ်ပေးထားပြီး ရင်းနှီးမြှုပ်နှံမှု ဦးစားပေးမူဝါဒများလည်း ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး စသည့်လုပ်ငန်းစဉ်များသည်လည်း ယခုဆိုလျှင် လမ်းကြောင်းမှန်ပေါ်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့သို့ ဆက်လက်လျှောက်လှမ်းနေနိုင်ပြီ ဖြစ်ပါကြောင်း၊ အစိုးရ အလွှဲအပြောင်း၏နောက်တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်တည်ဆောက်ရင်း တစ်ဖက်ကလည်း မူဝါဒ အသစ်များနှင့် အပြောင်းအလဲများ ဖြစ်ထွန်းလာရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာတွင် ယခုအတန်အသင့် တည်ငြိမ်လာပြီဖြစ်သည့်အတွက် နိုင်ငံတော်က အလေးထားနေသည့် စီးပွားရေးနယ်ပယ်ကြီးတစ်ခုလုံး တိုးတက်မှုကို အာရုံစိုက်ပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း။
သတ်မှတ်ချိန်အတွင်း ပြန်လည်အပ်နှံကြရန် လိုအပ်
ယခုနှစ်တွင် အစိုးရဌာနများအနေဖြင့် အဓိကအားထားရသည့် ရငွေများ လျော့နည်းနိုင်သည့်အတွက် အသုံးစရိတ်များကို ချင့်ချိန်သုံးစွဲကြရန်နှင့် ရငွေကိုလည်း တတ်နိုင်သမျှ တိုးတက်အောင် ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးမူဝါဒကို အကောင်အထည်ဖော်နိုင်ရန် ဌာနများ အနေဖြင့် ရငွေများကို လျာထားခဲ့သည်ထက် ပိုမိုတိုးမြှင့် ရရှိရန်၊ သုံးငွေများကို အလေအလွင့်မရှိစေဘဲ ထိရောက်စွာ သုံးစွဲရန်၊ အခြေအနေတစ်ရပ်ရပ်ကြောင့် ပိုလျှံငွေ ပြန်လည်အပ်နှံရပါကလည်း သတ်မှတ်ချိန်အတွင်း ပြန်လည်အပ်နှံကြရန် လိုအပ်ပါကြောင်း။
ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရှင်းလင်း တင်ပြမည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုနှင့် စိစစ်မှု၊ ပြည်ထောင်စုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထပ်မံထောက်ပံ့ရမည့်ထောက်ပံ့ငွေ၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေးဥပဒေကြမ်းတို့အပေါ် ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စုဌာနအဖွဲ့အစည်းများ၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများမှာ သာမန်အသုံးစရိတ်တွင် ကျပ် ၆ဝ၇ ဒသမ ၃၈၆ ဘီလီယံ၊ ငွေလုံးငွေရင်းအသုံးစရိတ်တွင် ကျပ် ၅၅၃ ဒသမ ၇၂၆ ဘီလီယံ၊ြေ<ွကးမြီအသုံးစရိတ်တွင် ကျပ် ၄၆ ဒသမ ၈၆ဝ ဘီလီယံ၊ လုပ်ငန်းသုံးရင်းနှီးငွေတွင် ကျပ် ၁၄၆ ဒသမ ၆၄၂ ဘီလီယံ စုစုပေါင်းဖြည့်စွက် ခွင့်ပြုတောင်းခံမှု ကျပ် ၁၃၅၄ ဒသမ ၆၁၄ ဘီလီယံ ဖြစ်ပါကြောင်း။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ပထမ (၆)လတာကာလအတွင်း ဘတ်ဂျက်အကောင်အထည် ဖော်နိုင်မှုအခြေအနေများအရ အချို့ဗဟိုအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများ ရငွေလျော့နည်းလျာထားခြင်း၊ အချို့ဗဟိုအဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများ ရငွေတိုးမြှင့် လျာထားလိုခြင်း၊ အချို့ဗဟိုအဖွဲ့အစည်းနှင့် ဝန်ကြီးဌာန များ သုံးငွေ ထပ်မံလိုအပ်ခြင်းနှင့် သုံးငွေလျော့နည်း သုံးစွဲလိုခြင်း စသည်တို့ကိုတွက်ချက်ရာတွင် ရငွေမှာ မူလ ခန့်မှန်းခြေထက် ကျပ် ၁၇၃ ဒသမ ၅ဝ၉ ဘီလီယံ ပိုမိုရရှိလာသည်ကို အသုံးစရိတ်မှာ မူလခန့်မှန်းခြေထက် ကျပ် ၉၁ဝ ဒသမ ၉၉ဝ ဘီလီယံ ပိုမိုလာကြောင်း တွေ့ရှိရပါကြောင်း။
လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၉၇ ရာခိုင်နှုန်းဖြစ်
ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများက ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၂၁၂၁ ဒသမ ၇၇၉ ဘီလီယံ တောင်းခံခဲ့သည့်အပေါ် ကျပ် ၇၆၇ ဒသမ ၁၆၅ ဘီလီယံ စိစစ်လျှော့ချခဲ့ပြီး ကျပ် ၁၃၅၄ ဒသမ ၆၁၄ ဘီလီယံ ခွင့်ပြုထားပါကြောင်း၊ ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၏ မူလခန့်မှန်းခြေအသုံးစရိတ် ကျပ် ၂ဝ၂၆၆ ဒသမ ၆၄ဝ ဘီလီယံဖြစ်ပြီး ယခုခွင့်ပြုမည့် ဖြည့်စွက်ခွင့်ပြု ငွေကျပ် ၁၃၅၄ ဒသမ ၆၁၄ ဘီလီယံ အပါအဝင် ပြုပြင်ပြီး ခန့်မှန်းခြေအသုံးစရိတ် ကျပ် ၂၁၁၇၇ ဒသမ ၆၃ဝ ဘီလီယံဖြစ်ပါကြောင်း၊ ရငွေဘက်တွင် မူလခန့်မှန်းခြေ ရငွေကျပ် ၁၆၉၇၈ ဒသမ ၉၉၁ ဘီလီယံဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေရငွေကျပ် ၁၇၁၅၂ ဒသမ ၅ဝဝ ဘီလီယံဖြစ်ပါ ကြောင်း၊ ပြုပြင်ပြီးခန့်မှန်းခြေအရ လိုငွေမှာ ကျပ် ၄ဝ၂၅ ဒသမ ၁၃ဝ ဘီလီယံဖြစ်ပြီး ပြုပြင်ပြီးခန့်မှန်းခြေရေးဆွဲချိန်တွင် ခန့်မှန်းထားရှိသည့် ဂျီဒီပီတန်ဖိုးမှာ ကျပ် ၈၁ဝ၆၄ ဒသမ ၃၃၉ ဘီလီယံဖြစ်သည့်အတွက် လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၉၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း။
သို့ဖြစ်၍ ပြည်ထောင်စုဌာနအဖွဲ့အစည်းများ၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်း အပါအဝင် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းအား ဘဏ္ဍာရေးကော်မရှင်ကသုံးသပ်၍ ထောက်ခံအတည်ပြု ပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ပြည်ထောင်စုမှ ထောက်ပံ့ငွေအဖြစ် ခွင့်ပြုပေးခဲ့
ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေစာရင်းတွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ အရအသုံးလျာထားမှုအခြေအနေမှာ စုစုပေါင်း ရငွေ ကျပ် ၅၆၁ ဒသမ ၅၁၂ ဘီလီယံ၊ စုစုပေါင်းအသုံး စရိတ် ကျပ် ၂၂၄၉ ဒသမ ၇၃၁ ဘီလီယံ၊ အသားတင် လိုငွေ ကျပ် ၁၆၈၈ ဒသမ ၂၁၉ ဘီလီယံ ဖြစ်ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်များ၏ မူလခန့်မှန်းခြေ လိုငွေ ကျပ် ၁၆၈၈ ဒသမ ၂၁၉ ဘီလီယံအား ပြည်ထောင်စုမှ ထောက်ပံ့ငွေအဖြစ် ခွင့်ပြုပေးခဲ့ပါကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် စုစုပေါင်းကျပ် ၃၂ ဒသမ ၂ဝဝ ဘီလီယံကိုလည်း ဥပဒေ နှင့်အညီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ပေး ခဲ့ပါကြောင်း။
သို့ဖြစ်၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ စိစစ်လျှော့ချမှုနှင့် ခွင့်ပြုနိုင်မှုအခြေအနေမှာ စုစုပေါင်းဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှု ကျပ် ၃၁၄ ဒသမ ဝ၉၉ ဘီလီယံ၊ စုစုပေါင်း စိစစ် လျှော့ချမှု ကျပ် ၅၆ ဒသမ ၈၂၅ ဘီလီယံ၊ ဖြည့်စွက်ခွင့်ပြုငွေခွင့်ပြုမှု ကျပ် ၂၅၇ ဒသမ ၂၇၄ ဘီလီယံ ဖြစ်ပါကြောင်း။
ခွဲဝေပေးထားသည့်ဘဏ္ဍာငွေများအကျိုးရှိထိရောက်စွာ အသုံးပြုသွားကြရန်ဖြစ်
တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအနေဖြင့် ရရှိမည့်ဘဏ္ဍာငွေအရင်းအမြစ်နှင့် ခွဲဝေပေးထားသည့် ဘဏ္ဍာငွေများကို မိမိဒေသအတွက် အကျိုးရှိထိရောက်စွာ အသုံးပြုသွားကြရန်ဖြစ်ပါကြောင်း၊ စီမံကိန်းများ အကောင် အထည်ဖော်သည့်နေရာတွင် အသုံးပြုသည့်ပစ္စည်းများကို ဈေးနှုန်းသင့်တင့်မျှတပြီး အရည်အသွေးပြည့်မီစေရန်၊ တည်ဆောက်မှု သပ်ရပ်ကောင်းမွန်စေရန်၊ လုပ်ငန်းများကို သတ်မှတ်ကာလအတိုင်း ပြီးစီးနိုင်ရေးလုပ်ငန်း အကောင်အထည်ဖော်မှုအချိန်ဇယားရေးဆွဲပြီး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃ဝ၊ ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းထားချက်နှင့်အညီ ပြည်ထောင်စုက ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ ရေးနှစ်အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများအပေါ် စိစစ်ခွင့်ပြုထားသော ဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၂၅၇ ဒသမ ၂၇၄ ဘီလီယံနှင့် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းအရ ပြည်ထောင်စုက ထပ်မံထောက်ပံ့ပေးရမည့် ကျပ် ၁၇ ဒသမ ၉၃ဝ ဘီလီယံတို့ကို ဘဏ္ဍာရေးကော်မရှင်က သုံးသပ်၍ အတည်ပြု ပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ထပ်မံထောက်ပံ့ရမည့် ထောက်ပံ့ငွေ
ဘဏ္ဍာရေးကော်မရှင်အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုနှင့် စိစစ်မှု၊ ပြည်ထောင်စုမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထပ်မံထောက်ပံ့ရမည့် ထောက်ပံ့ငွေ၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဒေသအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြပါကြောင်း၊ နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်သည့် စီမံကိန်းများ၊ ဘတ်ဂျက်များဖြစ်ရန် အစိုးရဌာန ဆိုင်ရာများက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်အဝရှိရန် အရေးကြီးပါကြောင်း၊ ပြည်သူ့ဘဏ္ဍာ ငွေများကို ကိုင်တွယ်သုံးစွဲကြရာတွင် ပြည်သူ့အကျိုးအတွက် စနစ်တကျရှိကြရန် လိုအပ်ပါကြောင်း။
အချိန်မရွေး အစစ်ဆေးခံနိုင်ရမည်
ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲကြရာတွင် ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ တိကျစွာ သုံးစွဲကြရမည်ဖြစ်ပါကြောင်း၊ သုံးစွဲမှုများအတွက် ဌာနတွင်း စာရင်းစစ်အဖွဲ့၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့၏ စစ်ဆေးမှုများကို စနစ်တကျခံယူနိုင်ရန် လိုအပ်ပါကြောင်း၊ တည်ဆောက် ရေး၊ ဝယ်ယူရေး၊ ပြင်ဆင်ထိန်းသိမ်းရေးအသုံးစရိတ်များ သုံးစွဲရာတွင် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးတို့၏ ညွှန်ကြားချက်များနှင့်အညီ ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူဆောင်ရွက်ခြင်း၊ ဈေးနှုန်း၊ အရည်အသွေး စိစစ်ခြင်းတို့ကို ဆောင်ရွက်ကြရန်လိုပြီး အချိန်မရွေး အစစ်ဆေးခံနိုင်ရမည်ဖြစ်ပါကြောင်း။
ယခုအတည်ပြုနိုင်ပြီဖြစ်သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ ရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု၊ ပြုပြင်ပြီး ခန့်မှန်း ခြေငွေစာရင်းနှင့် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ယခုအစည်းအဝေးတွင် ဆွေးနွေးအတည်ပြုထားသည့်အတိုင်း ဘဏ္ဍာရေး ကော်မရှင်၏ထောက်ခံချက်ဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ သတ်မှတ်ချိန်အတွင်း ပေးပို့သွားမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုအစိုးရ ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများအနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးမှသာ သုံးစွဲရမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ပြည်ထောင်စုက ထောက်ပံ့ပေးမည့်ငွေများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးမှသာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များကို နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းများ တင်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များကို ပြောလိုသည်မှာ ဘတ်ဂျက်ဆိုသည်မှာ တစ်နှစ်တာကာလ အတွက်သာ ခန့်မှန်းရေးဆွဲခြင်းဖြစ်ပြီး ခန့်မှန်းလျာထားမှုနှင့် အကောင်အထည်ဖော်မှုသည် တတ်နိုင်သမျှ အနီးစပ် ဆုံးဖြစ်ရမည်ဖြစ်ပါကြောင်း၊ မူလခန့်မှန်းခြေနှင့် ခြောက်လကျော်လွန်ပြီးသည့်နောက် ဆောင်ရွက်သည့် ပြုပြင်ပြီး ခန့်မှန်းခြေ၊ ရငွေနှင့်သုံးငွေများစွာ ကွာခြားခြင်း၊ ပိုလျှံငွေများပြားစွာ ပြန်လည်အပ်နှံရခြင်း၊ ရန်ပုံငွေလွှဲပြောင်း သုံးစွဲမှုများကို မကြာခဏပြုလုပ်ခြင်းတို့သည် နှစ်စဉ် ဘတ်ဂျက်ရေးဆွဲမှုများအပေါ် များစွာထိခိုက်စေပါကြောင်း၊ ချမှတ်ထားသည့် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒများ ကိုလည်း အကျိုးသက်ရောက်မှုရှိစေပါကြောင်း။
ယခုနှစ်အတွက် မူလခန့်မှန်းခြေနှင့်ပြုပြင်ပြီး ခန့်မှန်းခြေအတွေ့အကြုံများကိုအခြေခံပြီး လာမည့်ဘဏ္ဍာရေး နှစ်အတွက် မူလခန့်မှန်းခြေရေးဆွဲသည့်အခါ လျာထားသင့်သည့် ရငွေများ၊ သုံးငွေများအတွက် ကြိုတင်မြော်တွေး တွက်ဆစီမံထားကြရန် မှာကြားလိုကြောင်း၊ ပြည်သူက အပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး ပြီး ပြည်သူ့ဘဏ္ဍာငွေများကို နိုင်ငံတော်အတွက် စီမံခန့်ခွဲ သုံးစွဲကြရာတွင် မြန်မာကျပ်ငွေဖြစ်စေ၊ နိုင်ငံခြားငွေဖြစ်စေ လေလွင့်ယိုဖိတ်မှုမရှိစေရန် သတိပြုကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်ရငွေများ တိုးတက်ရရှိရန်အတွက် ရငွေရှာဖွေရသည့်ဌာနများက ကြိုးပမ်းဆောင်ရွက်ပေးကြစေ လိုပါကြောင်း။
နိုင်ငံတော်၏နှစ်ရှည်၊ နှစ်တို၊ နှစ်စဉ် စီမံကိန်းများ အောင်မြင်စွာဖော်ဆောင်နိုင်ရန် လုံလောက်သည့် ဘတ်ဂျက်ရရှိနိုင်ရေး၊ နိုင်ငံ၏ကြွေးမြီခံနိုင်ရည်ရှိမှု အခြေအနေကို မထိခိုက်စေရန် ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီ အချိုးကို နည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းဆောင်ရွက်ရေး၊ ပြည်ပကရရှိနိုင်သည့် ထောက်ပံ့ငွေနှင့် သက်သာသည့် ချေးငွေများကို စနစ်တကျ ရယူသုံးစွဲနိုင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့် စီးပွားရေးတည်ငြိမ်မှုကို ဟန်ချက်ညီအောင် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးတို့ကို အမြဲထာဝစဉ် ဦးထိပ်ထား ဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဘဏ္ဍာရေးကော်မရှင် က ထောက်ခံတင်ပြခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိ ထိရောက်အောင် စီမံခန့်ခွဲသုံးစွဲကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment