Saturday, October 29, 2016

၁၅ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ် ကမ္ပည်းပြား ယုဝတီခရစ်ယာန်အသင်း (YWCA)၌ တပ်ဆင်


သတင်း - မြတ်စန္ဒီ၊ ဓာတ်ပုံ - ဇော်မင်းလတ်
ရန်ကုန် အောက်တိုဘာ ၂၈

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် Royal Philips Corporation တို့ ပူးပေါင်း၍ ၁၅ ခုမြောက် ရန်ကုန် မြို့ပြအမွေအနှစ် ကမ္ပည်းပြားတပ်ဆင်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက ဗိုလ်ကလေးဈေးလမ်းရှိ ယုဝတီ ခရစ်ယာန်အသင်း အဆောက်အအုံ (YWCA)၌ ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့YHTဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဒေါ်မေမေ သွယ်၊YWCAဥက္ကဋ္ဌ ဒေါ်မေတင်ဦးနှငYWCAအထွေထွေ အတွင်းရေးမှူး ဒေါက်တာဇင်မာဦးတို့က အထိမ်းအမှတ် အပြာရောင်ကမ္ပည်းပြားကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

YHT ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက''YWCA ဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ Ms. Ba Maung Chain တို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကြောင့်ပဲ ၂ဝ ရာစုအတွင်း ရန်ကုန်မြို့နဲ့ နိုင်ငံ့ဂုဏ်ကို ပုံဖော်ခဲ့ကြ သော လှုပ်ရှားတက်ကြွတဲ့ မြန်မာအဖွဲ့ အစည်းတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်၊ ဒါတွေဟာ ပတ်ဝန်းကျင်အပေါ် ယခုတိုင် လွှမ်းမိုးမှုရှိနေတဲ့ ထူးခြားတဲ့အတိတ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတစ်ခုလည်း ဖြစ်ပါတယ်''ဟု ပြောသည်။ 

ရန်ကုန်YWCA အသင်းဥက္ကဋ္ဌ ဒေါ်မေတင်ဦးကလည်း ''YWCA အသင်းကြီးဟာ မေတ္တာဖြင့် အချင်းချင်း ဝန်ကို ထမ်းဆောင်ကြလော့ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အမျိုးသမီးတွေရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ် ပေါင်း ၁ဝဝ ကျော်တိုင် ဆောင်ရွက်လာ ခဲ့ပါတယ်၊ ဒီအသင်းကြီးရဲ့ အဆောက် အအုံကို အခုလိုမျိုး အပြာရောင်ကမ္ပည်း ပြား တပ်ဆင်ပေးတဲ့အတွက် အလွန်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်''ဟု ပြော သည်။
ရန်ကုန် YWCA အသင်း အဆောက်အအုံကို ကမ္ဘာYWCA အသင်းနှင့် ချိတ်ဆက်ထားသည့် အိန္ဒိယ နေရှင်နယ်ကော်မတီ၏ အသင်းခွဲတစ်ခု အဖြစ် ၁၉ဝဝ ပြည့်နှစ် ဇွန်လက တရားဝင် အသိအမှတ်ပြုခဲ့သည့်နောက် ၁၉ဝ၂ ခုနှစ်က ဆောက်လုပ်ခဲ့သည်။ ထို့နောက် နိုင်ငံအနှံ့အပြား၌ အသင်းဝင်များ တိုးပွားလာခဲ့ပြီး ရန်ကုန် YWCA အသင်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည် ဖွံ့ဖြိုးစေရေးအတွက် ကျမ်းစာသင်တန်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအစီအစဉ်များ၊ ဂီတနှင့် အိမ်တွင်းမှုပညာများသာမက စီးပွားရေး သင်တန်းနှင့် အလုပ်အကိုင်ရှာဖွေခြင်း တို့ကိုစီစဉ်ပေးခဲ့ကြောင်း သိရသည်။ 

၁၉၄၂ ခုနှစ်က မြန်မာနိုင်ငံသို့ ဒုတိယက္ဘာစစ်မီး ကူးစက်လာသောအခါ လုပ်ငန်းစဉ်များ ရပ်ဆိုင်းသွားခဲ့ပြီး ဂျပန် ခေတ်တွင် ဂျပန်စစ်တပ်က ညကပွဲခန်းမ အဖြစ် အသုံးပြုခဲ့ကြောင်း၊ ၁၉၅ဝ ပြည့်နှစ် အသင်း၏ ရွှေရတုနှစ်ပတ်လည်တွင် YWCA အဖြစ် ပြန်လည်အသက်ဝင် လာခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းသည် YHT အဖွဲ့က လုပ်ဆောင်နေသောစီမံချက်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ရန်ကုန်မြို့ပြသမိုင်း ကြောင်းတွင် အရေးပါခဲ့သော အဆောက် အအုံများနှင့် လူပုဂ္ဂိုလ်များကို အထိမ်း အမှတ်ပြုရန် ရည်ရွယ်ကြောင်း သိရ သည်။ အဆိုပါအစီအစဉ်ကို အကောင် အထည်ဖော်နိုင်ရန်အတွက် Royal Philips Corporation က အမေရိကန် ဒေါ်လာ ၇၅ဝဝဝ ကို ထောက်ပံ့ပေးအပ် မည်ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment