Saturday, October 29, 2016

ကမ္ဘာ့အကြီးဆုံး အဏ္ဏဝါဘေးမဲ့ဥယျာဉ် အန္တာတိတ်သမုဒ္ဒရာအတွင်း ထူထောင်မည်



Image may contain: sky, ocean, outdoor and nature
ဆစ်ဒနီ အောက်တိုဘာ ၂၈
အန္တာတိတ်သမုဒ္ဒရာအတွင်း ကမ္ဘာ့အကြီးဆုံး အဏ္ဏဝါ ဥယျာဉ် ထူထောင်ရန် ကမ္ဘာ့နိုင်ငံပေါင်း ၂၄ နိုင်ငံနှင့် ဥရောပသမဂ္ဂတို့ အောက်တိုဘာ ၂၈ ရက်တွင် သဘောတူညီလိုက်ကြကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
ရော့စ်ပင်လယ်၌ အဏ္ဏဝါဥယျာဉ် ထူထောင်သွားရန် အန္တာတိတ်အဏ္ဏဝါအရင်းအမြစ်များ ထိန်းသိမ်းစောင့်ရှောက် ရေးကော်မရှင်၏ အစည်းအဝေးတွင် သဘောတူညီခဲ့ကြ ခြင်းဖြစ်သည်။
အန္တာတိတ်သမုဒ္ဒရာအတွင်း ထူထောင်မည့် အဏ္ဏဝါ ဥယျာဉ်သည် ရေသတ္တဝါများအတွက် ဘေးမဲ့ဥယျာဉ်ဖြစ်ပြီး စတုရန်း ကီလိုမီတာ ၁ ဒသမ ၅၅ သန်း (စတုရန်းမိုင် ၆ဝဝဝဝဝ)အထိ ကျယ်ပြန့်စွာ တည်ရှိမည်ဖြစ်သည်။
အဏ္ဏဝါဥယျာဉ်သည် တောင်ပိုင်းသမုဒ္ဒရာ နယ်မြေ၏ ၁၂ ရာခိုင်နှုန်းကျော် လွှမ်းခြုံမည်ဖြစ်ကြောင်း၊ ရေခဲငှက်များ၊ ပင်လယ်ပျော်ငှက်များ၊ ဝေလငါးများ အပါအဝင် ရေသတ္တဝါမျိုးစိတ် ၁ဝဝဝဝ ကျော် ကျက်စားရာ နေရာအဖြစ် တည်ရှိလာမည်ဖြစ်ကြောင်း၊ ရေသတ္တဝါများကို ဘေးမဲ့ပေးရာနေရာအဖြစ် သတ်မှတ်မည်ဖြစ်ရာ ၃၅ နှစ်တာမျှ စီးပွားဖြစ် ငါးဖမ်းဆီးခြင်းမှ ကာကွယ်ပေးမည် ဖြစ်ကြောင်း တာဝန်ရှိသူများက သြစတြေးလျနိုင်ငံ ဟိုဘတ် မြို့၌ ကျင်းပသော အစည်းအဝေးတွင် ပြောကြားကြသည်။
ရော့စ်ပင်လယ်၏ စတုရန်းကီလိုမီတာ ၁ ဒသမ ၁ သန်း (စတုရန်းမိုင် ၄၂၅ဝဝဝ)တွင် ငါးဖမ်းဆီးခြင်းကို လုံးဝပိတ်ပင်မည်ဖြစ်သော်လည်း သုတေသနဇုန်နယ်မြေ များအဖြစ် သတ်မှတ်ထားသော ဧရိယာများတွင် သုတေသန ပြုလုပ်ရန်အလို့ငှာ စည်းကမ်းချက်များနှင့်အညီ ငါးဖမ်းဆီးနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြား ကြသည်။
ရိုက်တာ။

No comments:

Post a Comment