Monday, October 31, 2016

ရန်ကုန်မြို့ မြစ်ချောင်းများအတွင်း ပြေးဆွဲမည့် Water Taxi စနစ်အား ကျွမ်းကျင်သူများနှင့် လေ့လာဆောင်ရွက်နေ



Image may contain: sky, ocean, bridge, outdoor and water
ရန်ကုန် အောက်တိုဘာ ၃ဝ
ရန်ကုန်မြို့ မြစ်ချောင်းများအတွင်း အကောင်အထည်ဖော်မည့် ရေကြောင်းသယ်ယူပို့ဆောင်ရေးစနစ်ကို ကျွမ်းကျင်သူများဖြင့် အကြိမ်ကြိမ်လေ့လာဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ရန်ကုန်မြို့ရှိ မြစ်ချောင်းများအတွင်း အကောင်အထည်ဖော်မည့် သယ်ယူပို့ဆောင်ရေးစနစ်ကို စနစ်တကျ လေ့လာပြီးမှသာ ရေရှည်ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဝေဖန်သုံးသပ်မှုများရှိနေသည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင်လည်း အောက်တိုဘာ ၂၈ ရက်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က မေးမြန်းဆွေးနွေးခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့သာမက ပြင်ပကျွမ်းကျင်ပညာရှင်များ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များဖြင့် အကြိမ်ကြိမ် လေ့လာသုံးသပ်မှုများ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်မြို့ရှိ မြစ်ချောင်းများအတွင်း Water Taxi စနစ် အကောင်အထည်ဖော်ရန် ယခုနှစ်အတွင်း ကျွမ်းကျင်ပညာရှင်များဖြင့် ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်ခဲ့သည်။ ယင်းစနစ်အကောင်အထည်ဖော်ရန်အတွက် ပြည်တွင်း ပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့ မြစ်အတွင်းသွား ခရီးသည်ပို့ဆောင်ရေးကို ယခင်အစိုးရ လက်ထက်တွင်လည်း ဆောင်ရွက်ခဲ့ပြီး မအောင်မြင်ခဲ့သည့်အတွက် ယခုအကောင်အထည်ဖော်ရာတွင် အမှန်တကယ်အကျိုးရှိ၊ မရှိ လေ့လာဆန်းစစ်ပြီးမှသာ ဆောင်ရွက်သင့်သည်ဟု ဝေဖန်အကြံပြုထားကြခြင်းဖြစ်သည်။ သယ်ယူပို့ဆောင်ရေးစနစ်ကို ရေရှည် ဖွံ့ဖြိုးတိုးတက်သော စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ပြီး လျှပ်စစ်ရထား စီမံကိန်းကဲ့သို့ ရပ်နားလိုက်ရသည့်ဖြစ်စဉ်မျိုး မဖြစ်စေရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။
''သယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့အပြင် သက်ဆိုင်ရာဌာနက တာဝန်ရှိသူတွေနဲ့ ဂျပန်၊ အင်္ဂလန်၊ ပြင်သစ်တို့က ပြင်ပပညာရှင်တွေ ပါဝင်ပြီး ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပုဇွန် တောင်ချောင်း၊ ငမိုးရိပ်ချောင်းတို့မှာ အကြိမ်ကြိမ် လေ့လာဆောင်ရွက်ခဲ့ ပါတယ်။ ထိုင်းနိုင်ငံမှာ စနစ်တကျ အကောင်အထည်ဖော်ခဲ့သလိုမျိုး ဆောင်ရွက်ရမှာပါ။ ရန်ကုန်မြို့မှာ သဘာဝကပေးထားတဲ့ မြစ်ချောင်း တွေရှိတဲ့အတွက် စနစ်တကျအသုံးချနိုင်ရင် ယာဉ်ကြောပိတ်ဆို့မှုကိုလည်း ထိရောက်စွာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ မြစ်ချောင်းတွေရဲ့ အကျယ်၊ ရေစူး၊ ဒီရေအတက်အကျတွေနဲ့ တံတားတွေရဲ့ကင်းလွတ် အကွာအဝေးတွေ၊ ဘယ်လိုရေယာဉ် အသုံးပြုမလဲ ဆိုတာတွေ လေ့လာခဲ့ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြစ်ကြောင်းသွား ရေယာဉ်ပို့ဆောင် ရေးဆောင်ရွက်ပါက စည်းကမ်းချက်များ စနစ်တကျချမှတ်ကြပ်မတ်ရန် လိုအပ်မည်ဖြစ်ပြီး ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အဓိကထား ဆောင်ရွက်သင့်ကြောင်း ရန်ကုန်မြို့ခံများက အကြံပြုကြသည်။
လက်ရှိတွင် ကွင်းဆင်းလေ့လာ ဆောင်ရွက်ချက်များအရ ရန်ကုန်မြစ်နှင့် လှိုင်မြစ်တွင် လှိုင်သာယာမှ ပန်းဆိုးတန်းခရီးစဉ်၌ ဆိပ်ကမ်း ခုနစ်ခု၊ ငမိုးရိပ်ချောင်း၌ ဒဂုံမြို့သစ်မြောက် ပိုင်းမှ ညောင်တန်းအထိ ခရီးစဉ်အတွက် ဆိပ်ကမ်း ၁၁ ခုကို လျာထားသတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအဖွဲ့ထံမှ သိရသည်။
(ဝဝ၁)

No comments:

Post a Comment