Monday, October 31, 2016

ကျေးရွာတွေမှာလည်း လုံခြုံရေးကို ယခင်ကထက် တိုးမြှင့်ချထားတယ်



The Mirror Daily's photo.
''ဒီရွာမှာမွေး၊ ဒီရွာမှာကြီးပြင်းခဲ့တယ်။ ဒီဒေသကနေ ဘယ်လိုအကြောင်း နဲ့ပဲဖြစ်ဖြစ် နေရပ်ကို စွန့်ခွာမသွားဘူး''လို့ မောင်တောခရိုင်အတွင်းရှိ ဖားဝပ်ချောင်း ကျေးရွာသား အသက်(၆၅)နှစ်အရွယ် ဦးမောင်မြစိန်က ပြောပါတယ်။
''မောင်တောနဲ့ ရသေ့တောင်ဒေသတွေမှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ သတင်းကြားတဲ့အချိန်မှာပဲ ဒေသခံတွေက စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့တွေကို ကြောက်ရွံ့ထိတ်လန့်ပြီး နေရပ်စွန့်ခွာထွက်ပြေးသွားကြတယ်။ ကျွန်တော်ကတော့ ကြောက်ရွံ့မှုဖြစ်ခဲ့ပေမယ့် ရွာကနေထွက်မပြေးခဲ့ဘူး''လို့ ၎င်းက ဆိုပါတယ်။
လက်ရှိအချိန်မှာ နယ်မြေတည်ငြိမ်အေးချမ်းလာပြီဖြစ်သော်လည်း ကြောက်ရွံ့ထိတ်လန့်မှုကရှိနေဆဲဖြစ်တဲ့အတွက် လယ်ယာလုပ်ငန်းခွင်နဲ့ တခြားလုပ်ငန်းတွေလုပ်ဖို့ အခက်အခဲရှိနေသေးတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကို စုံစမ်းလေ့လာဖို့အတွက်လည်း ရခိုင်ပြည်နယ် လွှတ်တော်ကနေ အောက်တိုဘာ ၂၄ ရက်က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးပါဝင်တဲ့ စုံစမ်းရေး ကော်မတီကိုဖွဲ့စည်းခဲ့တယ်လို့ စုံစမ်းရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောပါတယ်။
''ပထမအချက်က အကြမ်းဖက်မှုကနေ ကြောက်ရွံ့ ထိတ်လန့်ပြီး နေရပ်စွန့်ခွာထွက်ပြေးလာသူတွေကို မောင်တော၊ စစ်တွေ၊ ဘူးသီးတောင်မြို့နယ်တွေမှာ တွေ့ရတယ်။ နေရပ်ပြန်ဖို့ အခက်အခဲရှိနေကြတယ်။ စိုးရိမ်ကြောင့်ကြမှု များနေကြတယ်။ အကြမ်းဖက်သူတွေလက်ထဲမှာ သေနတ်တွေပါသွားတဲ့အတွက် ကိုယ့်နေရာ ကိုယ့်ဒေသကို ပြန်ဖို့ အတော်လေးစိုးရိမ်နေကြတယ်''ဟု စုံစမ်းရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။
လုံခြုံရေး တိုးမြှင့်ချ
အကြမ်းဖက်မှုဖြစ်ပွားပြီးနောက်ပိုင်း အကြမ်းဖက်သူ တွေကို ဖမ်းဆီးရမိဖို့နဲ့ ပါသွားတဲ့လက်နက်တွေ ပြန်ရဖို့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေက အပူတပြင်းဆောင်ရွက်နေပြီး ကျေးရွာတွေမှာလည်း လုံခြုံရေးကို ယခင်ကထက် တိုးမြှင့်ချထားတယ်လို့ တာဝန်ရှိသူတွေထံမှ သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်က မောင်တောမြို့နယ်ရှိကျေးရွာများမှ ဒေသခံများနဲ့တွေ့ဆုံရာမှာ ရဲမှူးချုပ်သူရစန်းလွင်က ''ကိုယ့်ရွာကို ကာကွယ်ဖို့ သင်တန်းတွေ ပေးသွားမယ်။ ဥပဒေနဲ့အညီ နိုင်ငံတကာစည်းမျဉ်းနဲ့အညီ သင်ကြားပေးသွားမယ်။ လက်နက်ကိုင်ပြီး လုပ်ချင်တိုင်းတော့ လုပ်လို့မရဘူး''လို့ ပြောပါတယ်။
ဒေသအခြေအနေကို ကျီးကန်းပြင် ဌာနချုပ် သွားရာ လမ်းရှိ လောင်းလုံရွာမှ ဒေါ်အေးအေးခိုင်က ''အကြမ်းဖက်မှုကြောင့် ပြေးလည်း မပြေးဘူး။ ပြေးဖို့အတွက် ပိုက်ဆံလည်းမရှိဘူး။ ကြောက်ကြောက်နဲ့ပဲနေရတယ်။အနီးအနားမှာရှိတဲ့ ဘာသာခြားရွာတွေမှာ ယောက်ျားတွေ မရှိကြဘူး။ မိန်းမနဲ့ ကလေးတွေပဲရှိကြတယ်။ ယောက်ျား တွေက သဲချောင်းဘက်သွားကြတယ်''ဟုပြောပါတယ်။
စာသင်ကျောင်းတချို့ ပြန်လည်ဖွင့်လှစ်နိုင်
လက်ရှိအချိန်မှာ အကြမ်းဖက်မှုဖြစ်ပွားရာဒေသတွေက စာသင်ကျောင်းတချို့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သော်လည်း စာသင်ကျောင်းအများစုက ပိတ်ထားရဆဲဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
အကြမ်းဖက်မှုဖြစ်ပွားစဉ်အခါက အကြမ်းဖက်သူတွေကို ဖမ်းဆီးအရေးယူဖို့အတွက် ရဲတပ်ဖွဲ့နဲ့ တပ်မတော် တပ်ဖွဲ့ဝင်တွေ သွားရာလမ်းတစ်လျှောက်မှာ သစ်ပင်ကြီးတွေကို ခုတ်လှဲပြီး သူတို့နောက် လိုက်လို့မရအောင် ဆောင်ရွက်ထားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
စုံစမ်းရေးကော်မတီ သွားရောက်စစ်ဆေးတဲ့အခါ ဖြစ်စဉ်ဖြစ်ပွားရာ သွားရာလမ်းတစ်လျှောက်မှာတော့ အစ္စလာမ်ဘာသာဝင်တွေနေတဲ့ ကျေးရွာတွေမှာရှိတဲ့ နေအိမ်တွေမှာ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ တွေ့ရပြီး ယောက်ျားသားတွေကို မတွေ့ရဘူးလို့ပြောပါတယ်။ နောက်ပြီး မနက်နဲ့ နေ့ခင်းပိုင်းတွေမှာ လူမရှိဘဲ ညနေစောင်းမှ ရောက်လာတယ်''ဟု စုံစမ်းရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
ကျီးကန်းပြင်ဌာနချုပ်အနီးမှာရှိတဲ့ ဝါးပိတ်ကျေးရွာဟာ အစ္စလာမ်ဘာသာဝင်တွေနေကြပြီး တချို့ အကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်တယ်။ သူတို့ကိုယ်တိုင် ကိုယ့်ရွာကိုလည်း မီးရှို့ထားပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့က မီးရှို့ထားသယောင် ဖန်တီးထားတယ်လို့ စုံစမ်းရေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။
မောင်တောမြို့နယ် ကျေးရွာများမှ ဒေသခံများနှင့် တွေ့ဆုံစဉ် ရဲမှူးချုပ်သူရစန်းလွင်က ''တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်တွေဟာ တပ်ကချမှတ်ထားတဲ့ ဥပဒေကို လိုက်နာရသလို အရပ်ဘက်ဥပဒေကိုလည်း လိုက်နာရပါတယ်။ လက်နက်ကိုင်ထားသော်လည်း လုပ်ချင်သလို လုပ်လို့မရပါဘူး။ ဥပဒေမဲ့ပြုမူလုပ်ကိုင်ရင် ဥပဒေနဲ့အညီ အရေးယူပါတယ်''ဟု ပြောပါတယ်။
ရေရှည်စီမံကိန်းနဲ့လုပ်ပြီး ဝင်စီးခဲ့တယ်ဆိုတဲ့သဘော
''အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်က ဘာကိုဖော်ပြ သလဲဆိုရင် ရည်မှန်းချက်ရှိရှိနဲ့ လုပ်ခဲ့တယ်ဆိုတာ ဖော်ပြနေတယ်။ ရေရှည်စီမံကိန်းနဲ့လုပ်ပြီး တစ်ပြိုင်နက်တည်း ဌာနချုပ်စခန်းတွေ ဝင်စီးခဲ့တယ်ဆိုတဲ့သဘောရှိတယ်'' ဟု စုံစမ်းရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
အကြမ်းဖက်သမားတွေရဲ့နောက်ကွယ်မှာ RSO တွေနဲ့ ဆက်စပ်နေတယ်။ ပြည်ပထောက်ပံ့မှုတွေ ရှိနေတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတယ်။သူတို့မှာ ရည်ရွယ်ချက်ရှိတယ်။ ရိုဟင်ဂျာဆိုတဲ့ လူမျိုး တစ်မျိုးကို ဖန်တီးမယ်။ ရိုဟင်ဂျာနယ်မြေတစ်ခု ဖန်တီးမယ်။ ခေတ်အဆက်ဆက်ကလည်း ကြိုးပမ်းခဲ့တယ်။ ရိုဟင်ဂျာဆိုတဲ့ အသိုင်းအဝိုင်းကို မြန်မာနိုင်ငံက အသိအမှတ်မပြုခဲ့လို့ တိုက်ခိုက်ရေးဘက်ကို ဦးတည်လာတာ ဖြစ်တယ်လို့ စုံစမ်းရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
ဝင်စီးတယ်ဆိုတာ နိုင်ငံတော်ကို ပုန်ကန်တာ
''အခုဖြစ်တဲ့ပြဿနာက ဒီဒေသမှာရှိတဲ့ လူ့အဖွဲ့ အစည်းနှစ်ခု ပြဿနာမဟုတ်ဘူး။ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိပါးလာတဲ့လုပ်ရပ်ဖြစ်တယ်။ ဌာနချုပ်ကို ဝင်စီးတယ်ဆိုတာ နိုင်ငံတော်ကို ပုန်ကန်တာပဲ''ဟု စုံစမ်းရေးကော်မတီဥက္ကဋ္ဌက ဆိုပါတယ်။
ကျီးကန်းပြင်ဌာနချုပ်အနီးမှာ အိမ်ခြေ ၅ဝ လောက် ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေနေတဲ့ ဝါးပိတ်ကျေးရွာကို လေ့လာရာမှာ နေထိုင်သူတွေမရှိတော့ဘဲ အိုးခွက်ပန်းကန် တွေနဲ့ဓားတွေကို ယူဆောင်သွားတာဟာ အကြံအစည် ရှိနေပြီး ဌာနချုပ်မှ မီးရှို့သလိုမျိုးဖန်တီးထားပြီး ဝါဒဖြန့်နေကြောင်း စုံစမ်းရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
ဒေသခံတိုင်းရင်းသားကျေးရွာတွေ တည်မြဲဖို့ဆိုတာ လုံခြုံရေးကအဓိကပါ။ လုံခြုံရေးမရှိရင် ဒေသခံတိုင်းရင်းသားတွေ နေထိုင်ဖို့ မတည်မြဲနိုင်ဘူး။ တချို့ တိုင်းရင်းသားရွာတွေက ဘာသာခြားတွေနေတဲ့ ရွာတွေကြားမှာရှိနေတယ်။ တိုင်းရင်းသားတွေရှိတဲ့ ရွာတွေကို လုံခြုံရေး အင်အား ဖြည့်တင်းပေးဖို့တော့ လိုတယ်။ ကျေးရွာတွေကိုလည်း မကြာခဏကင်းလှည့်ပေးဖို့လိုတယ်''ဟု စုံစမ်းရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။
''အနောက်တံခါးလုံခြုံရေးက သံဆူးကြိုးကာရုံနဲ့ မပြီးဘူး။ ကာထားတဲ့ သံဆူးကြိုးက ပလာယာတစ်ချောင်း ရှိရင် ဖြတ်ပြီးဝင်လို့ရတဲ့အနေအထားမှာရှိတယ်။ အုတ် တံတိုင်းကာဖို့ လိုအပ်တယ်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကိုလည်း စွမ်းရည်မြှင့်တင်ပေးဖို့လိုတယ်။ ရခိုင်ကျေးရွာတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေ ဖွဲ့ပေးဖို့လိုတယ်။ လက်နက်တပ်ဆင် ပေးဖို့လိုတယ်။ တိုင်းရင်းသားကျေးရွာတွေ ရေရှည်တည်မြဲ ဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ အစိုးရကဖန်တီးပေးဖို့လိုပါတယ်''လို့ စုံစမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောပါတယ်။
လေ့လာတွေ့ရှိချက် အစီရင်ခံစာပြုစု
စုံစမ်းရေးကော်မတီအနေနဲ့ လေ့လာတွေ့ရှိချက်တွေကို နှစ်ပတ်အတွင်း အစီရင်ခံစာပြုစုပြီး ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအဆင့်ထိ တင်ပြသွားမှာဖြစ်ပြီး စုံစမ်းရေးကော်မတီ၏ လုပ်ငန်း တာဝန်များသည် ဒီဇင်ဘာ ၃ဝ ရက်တွင် ပြီးစီးသွားမှာ ဖြစ်ကြောင်း စုံစမ်းရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောပါတယ်။
အကြမ်းဖက်မှုဖြစ်ပွားလို့ ဒေသခံတွေ စိုးရိမ်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးသွားပေမယ့် ရခိုင်တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေနေတဲ့ မောင်တောခရိုင်အတွင်းမှာရှိတဲ့ ကြိမ်ချောင်းကျေးရွာမှာ ဘာပြဿနာမှမရှိဘဲ သူတို့ကျေးရွာက အေးအေးချမ်းချမ်း ရှိနေတယ်လို့ ကျေးရွာသားတွေထံမှ သိရပါတယ်။
''၂ဝ၁၂ ခုနှစ်တုန်းကလည်း တခြားနေရာတွေမှာသာ ပြဿနာတွေဖြစ်တာ။ ဒီရွာမှာက ဘာပြဿနာမှ မဖြစ်ခဲ့ဘူး။ အခုလည်း အေးအေးချမ်းချမ်းပါပဲ။ အကြမ်းဖက်လုပ်ရပ် တွေကို မကြိုက်ဘူး။ အေးအေးဆေးဆေးပဲလုပ်ကိုင်စားသောက်ချင်ပါတယ်''လို့ ကြိမ်ချောင်းကျေးရွာမှ အစ္စလာမ် ဘာသာဝင် ရော်ဘီအာလောင်က ပြောပါတယ်။
ထို့အတူ မောင်တောမြို့ဈေးကြီးတွင် အထည်ဆိုင် ဖွင့်လှစ်နေသည့် ဦးစူတင်က ''ပြဿနာတွေဖြစ်တော့ အရောင်းအဝယ်လည်း မကောင်းတော့ဘူး။ နယ်မြေ အေးချမ်းတုန်းကတော့ တော်တော်ရောင်းရတယ်။ အဝေး ကျေးရွာတွေက လာဝယ်ကြတယ်။ နယ်မြေမအေးချမ်းတော့ မလာကြတော့ဘူး။ ပြဿနာတွေ မဖြစ်စေချင်ဘူး''လို့ ပြောပါတယ်။
အလုပ်အကိုင်ရှားပါးမှုကြောင့် နေထိုင်သူနည်းပါးလာ
နယ်စပ်ရေးရာဝန်ကြီးဌာနက တစ်ဖက်နိုင်ငံနဲ့နီးစပ်နေတဲ့ မောင်တောဒေသမှာ တိုင်းရင်းသားလူမျိုးတွေ အခြေချနေထိုင်နိုင်ဖို့နဲ့ နယ်စပ်ဒေသတွေကို ကာရံထားနိုင်အောင် နတလ ကျေးရွာပေါင်း ၃၆ ရွာကို မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေမှာ တည်ထောင်ပေးခဲ့သော်လည်း အလုပ်အကိုင်ရှားပါးမှုကြောင့် နေထိုင်သူ ဦးရေနည်းပါးလာတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေထံမှ သိရပါတယ်။
''နယ်စပ်ဒေသတွေမှာရှိတဲ့ တိုင်းရင်းသားကျေးရွာတွေ ရေရှည်တည်တံ့ဖို့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့လို ပါတယ်။ တစ်ဖက်ကလည်း တိုင်းရင်းသားလုပ်ငန်းရှင်တွေ အနေနဲ့ ဒီဒေသတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်စေချင်တယ်။ ဒါမှ ဒီဒေသမှာရှိတဲ့ တိုင်းရင်းသား ကျေးရွာတွေတည်မြဲမှာပါ''ဟု လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့ စစ်တွေဒေသခံ ဦးသန်းရွေက ပြောပါတယ်။
မိမိတို့ရဲ့နေရပ်ကို ပြန်လည်ရောက်နေပြီ
လက်ရှိအချိန်မှာတော့ အကြမ်းဖက်မှုဖြစ်ပွားရာ မောင်တောနဲ့ ရသေ့တောင်ဒေသတွေမှာ နယ်မြေအေးချမ်း လာပြီဖြစ်လို့ နေရပ်စွန့်ခွာသူတွေဟာ မိမိတို့ရဲ့နေရပ်ကို ပြန်လည်သွားရောက်နေပြီဖြစ်လို့ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ လူဦးရေဟာ တဖြည်းဖြည်းနည်းပါးလာပြီ ဖြစ်တယ် လို့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေထံမှ သိရပါတယ်။
မောင်တောခရိုင်အတွင်းရှိ ဖားဝပ်ချောင်းကျေးရွာသား အသက်(၆၅)နှစ်အရွယ် ဦးမောင်မြစိန်က ''စိုက်ပျိုးစရာ မြေလည်းမရှိဘူး။ စိုးရိမ်ကြောက်ရွံ့ရပေမယ့် စားဖို့အတွက် မနက်ဖြန် ဖားရှာ၊ ကဏန်းရှာထွက်ရဦးမယ်လို့ ပြောပါတယ်။
သတင်းဆောင်းပါး-မင်းသစ်(သတင်းစဉ်)

No comments:

Post a Comment