Monday, October 3, 2016

စစ်ပွဲပဋိပက္ခများနှင့် လူမှုရေးတရားမျှတမှု



Image may contain: text
ညောင်ဦးမှ ကမ်းပါးပြို စမ္ပာနဂိုရ်က နွားမပေါင်ကျိုးဟူသော မြန်မာစကားပုံရှိပါသည်။ အဆက်အစပ်မရှိနိုင်သော ကိစ္စရပ်တို့ကို ဆက်စပ်တင်ပြသည်၊ အကြောင်းယုတ္တိကင်းမဲ့သည်ဟူသော အဓိပ္ပာယ်ကို ညွှန်းဆိုသော စကားပုံဖြစ်ပါသည်။ ဂလိုဘယ်လိုက် ဇေးရှင်း(Globalization)နှင့်အတူ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် ပုံမှန်အားဖြင့် ဆက်စပ်မှုရှိသည်ဟု မယူဆနိုင်သော ကိစ္စရပ်တို့ဆက်စပ်နေသည်ဟု ယူဆတင်ပြလာမှုများကို တွေ့လာ ရပါသည်။
ထူးဆန်းသည်ဟု ယူဆရသော ဤသို့သော အယူအဆကို ၂ဝ၁၂ ခုနှစ်မှ စ၍တွေ့ရသော်လည်း ယခုနှစ်မတ်လ၌ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ စာတမ်းတင်သွင်းသည့်အချိန်မှစ၍ ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိဆွေးနွေးလာကြပါသည်။ စာတမ်း၏သဘောမှာ ဆီးရီးယားနိုင်ငံ လက်ရှိပြည်တွင်းစစ်၌ လူသားတို့ကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုသည် အကြောင်းအရင်း တစ်ရပ်အနေဖြင့် ဆက်စပ်ပတ်သက်နေသည်ဟူသော သဘောထားအမြင်ကို တင်ပြထားခြင်းဖြစ်ပါသည်။ ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း ဆီးရီးယားနိုင်ငံ၏ စပါးကျီဟုပြောရမည်ဖြစ်သော ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၌ ဒေသတွင်းအဆိုးရွားဆုံး မိုးခေါင်မှုဖြစ်ပွားခဲ့ပါသည်။ ဤမိုးခေါင်မှုကြောင့် များစွာသော လယ်သမားများနှင့် မိသားစုများသည် ပြည်တွင်းစစ်မဖြစ်မီကာလက ဆီးရီးယားသမ္မတအာဆတ်အား လက်ရှိပုန်ကန်လျက်ရှိသော ဒေသများသို့ ရွှေ့ပြောင်းခဲ့ကြသည်ဟု ဆိုပါသည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လေ့လာသုတေသနပြုလုပ်ချက်အရ လက်ရှိဆီးရီးယားပြည်တွင်းစစ်၏ ဗဟိုစစ်မြေပြင်တစ်ရပ်ဖြစ်သော အလက်ပို(Aleppo)သို့ အဆိုပါမိုးခေါင်မှုကာလအတွင်း ဆီးရီးယား လယ်သမား ၃ဝဝဝဝဝ ခန့်ရွှေ့ပြောင်းနေထိုင်ခဲ့သည်ဟု ဆိုပါသည်။ သို့သော် မြို့ရွာများသို့ ရွှေ့ပြောင်းလာကြသော အဆိုပါလယ်သမားတို့နှင့် လက်ရှိပြည်တွင်းစစ် မည်သို့ဆက်စပ်နေသည်ကို အထက်ပါ စာတမ်း၌ ခိုင်ခိုင်မာမာတင်ပြနိုင်ခဲ့ခြင်းမရှိသည်ကို တွေ့ရပါသည်။
သို့သော် ဤကဲ့သို့သော အယူအဆကို ၂ဝဝ၇ ခုနှစ် ဆူဒန် ပဋိပက္ခ၌လည်း တွေ့ရှိရပါသည်။ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် (UN Environment Programme)က ထိုစဉ်က ကျယ်ကျယ်ပြန့်ပြန့် လက်ခံနေသော အယူအဆကို အတည်ပြုထောက်ခံခဲ့ပါသည်။ အဆိုပါ အယူအဆမှာ ဆူဒန်ပဋိပက္ခ၏ အခြေခံအကြောင်းရင်းသည် မိုးခေါင်မှုနှင့် သဲကန္တာရကျယ်ပြန့် လာသောကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟူသော အယူအဆဖြစ်ပါသည်။ တင်ပြလိုသည်မှာ နိုင်ငံတို့၏ ပြည်တွင်းစစ်နှင့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုတို့ ဆက်စပ်နေသည်ဟုတစ်ထစ်ချ သတ်မှတ်နိုင်သောအကြောင်းပြချက်တို့ကို မတွေ့ရှိရသော်လည်း ဤအယူအဆ၏ နောက်ကွယ်၌ မငြင်းပယ်နိုင်သော အကြောင်းတရားတို့ ရှိနေသည်ကို တွေ့ရှိရပါသည်။ ရေနှင့်မြေ အပါအဝင် သဘာဝသယံဇာတများကို မျှမျှတတ ခွဲဝေသုံးစွဲနိုင်ခြင်း မရှိပါက လူမှုရေးတင်းမာမှုတို့ကို ဖြစ်ပေါ်စေ၍ ပဋိပက္ခအဆင့်သို့ ရောက်ရှိ ပွင့်အန်ပေါက်ကွဲနိုင်သော အခြေအနေဆီသို့ဦးတည်စေသည်ကို ကမ္ဘာတစ်လွှား၌ တွေ့ရှိနေရပါသည်။ သို့ဖြစ်ပါ၍ ဒီမို ကရေစီအသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေသော ပစ္စုပ္ပန်ကာလ၌ သဘာဝသယံဇာတ မျှမျှတတခွဲဝေမှုကို ထိခိုက်စေမည့် အကြောင်းတရားအားလုံးအပေါ် အာရုံစိုက်လေ့လာသုံးသပ်ရန် လေးစားစွာ အကြံပြုတင်ပြအပ်ပါသည်။ ။

No comments:

Post a Comment