Monday, October 3, 2016

(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံ အောင်မြင်စွာကျင်းပပြီးစီး အာဆီယံအသိုက်အဝန်းအတွက် အထူးအရေးပါသောကိစ္စရပ်များနှင့် ဆုံးဖြတ်ချက် ၃ဝ ခန့် ချမှတ်နိုင်ခဲ့



The Mirror Daily's photo.
နေပြည်တော် အောက်တိုဘာ၂
(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံ၏ ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်အေစီအီး၌ကျင်းပရာ (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံဥက္ကဋ္ဌ ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်း တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။
အာဆီယံပါလီမန်များအထွေထွေညီလာခံဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အာဆီယံအသိုက်အဝန်းအတွက် အထူးအရေးပါသောကိစ္စရပ်များနှင့် မိမိတို့၏ အကျိုးစီးပွားများနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်(၃ဝ)ခန့် ချမှတ်နိုင်ခဲ့ပါကြောင်း၊ အာဆီယံဒေသတွင် ဆိုက်ဘာလုံခြုံရေး၊ ဇီကာဗိုင်းရပ်စ်ရောဂါပိုးအန္တရာယ် ကြိုတင်ကာကွယ်ကုသရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ကောင်းမွန်သည့် လုပ်ငန်းခွင်အခြေအနေများ ဖန်တီးပေးခြင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ခိုင်မာလာစေရေးနှင့် လူမှုရေးကာကွယ်စောင့်ရှောက်မှုမြင့်မားလာစေရေးအတွက် အာဆီယံလူမှုကာကွယ်ရေးကြေညာစာတမ်းပါ လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းစသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ပါကြောင်း။
အမျိုးသမီးပါလီမန်အမတ်များအဖွဲ့၏ လုပ်ထုံးလုပ်နည်းစည်းမျဉ်းများ ပြင်ဆင်ချက်အပေါ် ဆုံးဖြတ်ချက်မူကြမ်းကို စဉ်းစားဆွေးနွေးပြီး တညီတညွတ် တည်းချမှတ်နိုင်ခဲ့ပါကြောင်း၊ ထိုလုပ်ထုံးလုပ်နည်းများစည်းမျဉ်းများသည် လွန်ခဲ့သည့် ၁၈ နှစ်က ချမှတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ်များ၊ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို စွမ်းရည်မြှင့်ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ရေးဆွဲရန်လည်း လိုအပ်လျက်ရှိပါကြောင်း။
ညီလာခံတွင် ပူးတွဲကြေညာချက်ကော်မတီ၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များကော်မတီ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကော်မတီတို့၏ ဥက္ကဋ္ဌများအဖြစ် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူ များကိုလည်း မှတ်တမ်းတင်ပါကြောင်း၊ လာအိုနိုင်ငံ လွမ်ပရာဘွမ်ပြည်နယ်တွင် ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံ အဖွဲ့အစည်းအဝေးအစီရင်ခံစာကို ဤအထွေထွေညီလာခံက မှတ်တမ်းတင်ပါကြောင်း၊ ၂ဝ၁၇ ခုနှစ်တွင် (၉)ကြိမ်မြောက် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ လွှတ်တော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ကို ကြိုဆိုပါကြောင်း။
တိုးတက်သော အာဆီယံအသိုက်အဝန်းဖြစ်ရန် အာဆီယံပါလီမန်များ အထွေထွေညီလာခံ၏ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်မှုကို ပိုမိုအလေးထားဆောင်ရွက်သင့်ပါကြောင်း၊ အာဆီယံမျှော်မှန်းချက် ၂ဝ၂၅ သို့ ဦးတည် ချီတက်ရာတွင် ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုအသစ်များကို ကျော်လွှားနိုင်ရန်အတွက် အာဆီယံပါလီမန်များအထွေထွေညီလာခံအနေဖြင့် အာဆီယံအဖွဲ့ကြီးနှင့် နီးကပ်စွာ လုပ်ကိုင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာ ပါလီမန်များသမဂ္ဂနှင့် အခြားသောဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်းများ၏ နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းသည် အာဆီယံပါလီမန်များအထွေထွေညီလာခံ၏ ရည်မှန်းချက် ပန်းတိုင်ရောက်ရှိရေးအတွက် များစွာအရေးကြီးပါကြောင်း။
မိမိအနေဖြင့် အာဆီယံနိုင်ငံများထဲတွင် ဒီမိုကရေစီ သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် ဖိလစ်ပိုင်လွှတ်တော်သို့ အာဆီယံပါလီမန်များဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အာဆီယံ ပါလီမန်များဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ဖိလစ်ပိုင်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ဦးဆောင်မှုအောက်၌ အာဆီယံပါလီမန်များအထွေထွေညီလာခံသည် ဒေသတွင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်နိုင်ပြီး အောင်မြင်မှုများ ဆက်လက်ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် အာဆီယံပါလီမန်များအထွေထွေညီလာခံ ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက (၃၈)ကြိမ်မြောက် အာဆီယံ ပါလီမန်များ အထွေထွေညီလာခံကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာအဲရစ်ဆင်းဆန်းထံ အာဆီယံပါလီမန် များအထွေထွေညီလာခံဥက္ကဋ္ဌရာထူး၊ အဆောင်အယောင် ဖြစ်သည့်တူနှင့် AIPA အလံတို့ကို လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ဖိလစ်ပိုင်နိုင်ငံအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာအဲရစ်ဆင်းဆန်းက အမှာစကား ပြောကြားသည်။
(၃၈)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေ ညီလာခံကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ အစည်းအဝေးတွင် ဂျော်ဂျီယာနှင့် ယူကရိန်းနိုင်ငံ လွှတ်တော်များ၏ လေ့လာသူအနေဖြင့် တက်ရောက်ရန် အဆိုပြု ချက်ကို ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ၏ ဒုတိယအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ဆက်လက် ကျင်းပရာ နိုင်ငံရေးရာကော်မတီ၊ စီးပွားရေးရာကော်မတီ၊ လူမှုရေးရာကော်မတီ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေး (WAIPA)၊ အာဆီယံပါလီမန်များ အထွေထွေညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီနှင့် ဆက်စပ်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များကို ကော်မတီအဖွဲ့ ခေါင်းဆောင်များက ဖတ်ကြားအတည်ပြုဆောင်ရွက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment