Monday, October 31, 2016

တောင်တွင်းကြီးမြို့နယ် ငမင်ကြိုးဝိုင်းဒေသ၌ ဧက ၁၂ဝ သဘာဝအခြေခံသစ်တောစိုက်ခင်း ထူထောင်မည်


 
 
 
ရန်ကုန် အောက်တိုဘာ ၃ဝ

မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့နယ် ငမင်ကြိုးဝိုင်းဒေသ၌ တရုတ်-မြန်မာ ချစ်ကြည် ရေး သဘာဝအခြေခံ သရုပ်ပြသစ်တောစိုက်ခင်းကို လာမည့်နှစ်တွင် ထူထောင်သွား မည်ဖြစ်ကြောင်း ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိရ္ဆာန်ဥယျာဉ် သဘာဝသမိုင်းပြတိုက် ခန်းမ၌ကျင်းပသည့် တရုတ်-မြန်မာ ချစ်ကြည်ရေးသဘာဝအခြေခံသရုပ်ပြ သစ်တော စီမံကိန်း စတင်ခြင်းအခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားခဲ့သည်။

''၂ဝ၁၇ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိ ၁ဝ နှစ်စီမံချက်နဲ့ သယံဇာတနဲ့သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနက အကောင်အထည်ဖော်ဆောင် ရွက်မယ့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကို တစ်ဖက် တစ်လမ်းက အထောက်အကူပြုစေဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ကနဦးပံ့ပိုးကူညီမှုနဲ့ ချစ်ကြည်ရေး သရုပ်ပြသစ်တောစိုက်ခင်းထူထောင်သွားမှာ ဖြစ်ပါ တယ်''ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါ ကြိုးဝိုင်းအတွင်း၌ လာမည့် ၂ဝ၁၇ ခုနှစ်မိုးရာသီတွင် စတင်စိုက်ပျိုး သွားမည်ဖြစ်ကာ လတ်တလောတွင် မြေနေရာ သတ်မှတ်ထားပြီး ကျွန်းနှင့် သစ်မာမျိုးစုံကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊
အဆိုပါနေရာသည် နေပြည်တော်နှင့် ၄၅ မိုင်ခန့်သာဝေးသော နေရာဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး မစ္စတာဟုန်လျန်က ''လာမယ့် နှစ်မှာ အပင်ပေါင်းလေးသောင်းနှစ်ထောင် ခန့်ကို ဧကပေါင်း ၁၂ဝ မှာ ငွေ$ကျပ်သိန်း ငါးထောင်ကို အသုံးပြုပြီး စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်နဲ့ ရာသီဥတုပြောင်းလဲခြင်းမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို လျှော့ချပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါ တယ်''ဟု ပြောသည်။
မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ အစိုးရတို့အကြား သစ်တောကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများအနေဖြင့် နားလည်မှု စာချွန်လွှာတစ်ရပ်ရေးထိုးပြီး သစ်တော သယံဇာတ တရားမဝင်ထုတ်လုပ်မှုများ အားထိရောက်စွာကာကွယ်ရေး၊ တရားဝင် ကုန်သွယ်မှု မူဝါဒလုပ်ငန်းစဉ်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်း နှင့်လူနေမှုစနစ်များ မြှင့်တင်ရေးကိစ္စရပ် များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ ထို့ပြင် တရုတ်သိပ္ပံ အကယ်ဒမီ (CAS) နှင့် ငါးနှစ်သက်တမ်း ရှိသော နားလည်မှုစာချွန်လွှာရေးထိုးကာ ပညာရပ်ဆိုင်ရာသုတေသနလုပ်ငန်းများ၊ ပညာပေးအစီအစဉ်များနှင့် သတင်း အချက်အလက်ဖလှယ်ခြင်း လုပ်ငန်းများ တွင် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။
ယခုကျင်းပသည့် အခမ်းအနားကို တရုတ်သံရုံးမှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊Global
Environmental Institute (GEI)၊
Blue Moon Fund နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြ ပြီး အမှတ်တရသစ်ပင် ၃၂ ပင်ကို သဘာဝ သမိုင်းပြတိုက်ခန်းမအနီး၌ စုပေါင်း၍ အမှတ်တရစိုက်ပျိုးခဲ့ကြသည်။
သတင်း - မြတ်စန္ဒီ၊ ဓာတ်ပုံ - ရဲထွဋ်

No comments:

Post a Comment