Monday, October 31, 2016

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကျပ်သိန်း ၁ဝဝဝ လှူဒါန်း



Image may contain: 4 people
ရန်ကုန် အောက်တိုဘာ ၃ဝ
ဂမုန်းပွင့်ကုမ္ပဏီ၏ (၂၁)နှစ်မြောက် နှစ်ပတ်လည်ဂမုန်းပွင့်(စံရိပ်ငြိမ်)ဖွင့်ပွဲ အထိမ်းအမှတ်အလှူငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရန်ကုန်-အင်းစိန် လမ်းရှိ ဂမုန်းပွင့်(စံရိပ်ငြိမ်)ပထမထပ်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်မြို့တော်ဝန်တို့ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်သော ပညာရေးနှင့် လူမှုရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူ ငွေကျပ်သိန်း ၁ဝဝဝ ကို ဂမုန်းပွင့် ကုမ္ပဏီဥက္ကဋ္ဌ ဦးနေလင်းဦးက ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံသည်။
''ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး ပညာသင်ထောက်ပံ့ကြေးပေးဖို့ ဆုံးဖြတ်ထားပါတယ်။ အခု လက်ခံရရှိတဲ့ အလှူငွေကျပ်သိန်း ၁ဝဝဝ ကို ခိုင်မာတဲ့ငွေပဒေသာပင် စိုက်ထူပြီး ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမှာပါ။ ဒီလိုပေးအပ်တဲ့ နေရာမှာလည်း ပွင့်လင်းမြင်သာအောင် ဆောင်ရွက်သွားမှာပါ။ ဘယ်နှယောက်ကို ပညာသင် ထောက်ပံ့ကြေးပေးတယ်။ ဘယ်သူတွေကတော့ ဘယ်ဘဏ်အကောင့်မှာ ရတယ်စသဖြင့် စာရင်းနဲ့တကွ စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်း ရှင်တွေနဲ့ နိုင်ငံတကာက ဝင်ရောက်လာမယ့် စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အားကို ပေါင်းစပ်ပြီး စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပါဝင်မှာမဟုတ်သလို ထိန်းချုပ်မှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ ပေါင်းစပ်ဆောင်ရွက်မှသာ နိုင်ငံသူ နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေတိုးပွားပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံသူ နိုင်ငံသားအားလုံးကလည်း နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တက်ညီလက်ညီ ဝိုင်းဝန်းကြိုး ပမ်းကြပါ''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းဒုက္ခသည်များ၊ နိုင်ငံတော်အတွက် အသက်ပေးလှူသွားခဲ့သော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပံ့ပိုးကူညီရန်အတွက် အလှူငွေကျပ်သိန်း ၁ဝဝ ကို ဂမုန်းပွင့်ကုမ္ပဏီဥက္ကဋ္ဌက သီးခြားပေးအပ်လှူဒါန်းရာ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင် က လက်ခံသည်။
သတင်း-အောင်ကျော်ဦး
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment