Monday, October 31, 2016

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းများ ရေစီးကြောင်းပြောင်းလဲ တောင်သာရှိ ဆိတ်ညံမြစ်ရေတင်စီမံကိန်းဓာတ်အားခွဲရုံနှင့်ကျေးရွာများ စိုးရိမ်ရ



 
 
 
တောင်သာ အောက်တိုဘာ ၃ဝ

မန္တလေးတိုင်းဒေသကြီး တောင်သာ မြို့နယ်၌အောက်တိုဘာလအတွင်း မိုးများ အဆက်မပြတ်ရွာသွန်းခဲ့ရာ ဆည်ကန်များ ၌ ရေများပြည့်လျှံနေပြီး ရေပိုလွှဲကျော် ခြင်း၊ ဆင်တဲဝချောင်းရေများရေစီး ကြောင်း ပြောင်းလဲစီးဆင်း၍ ချောင်း ရိုးတစ်လျှောက်ရှိ ကျေးရွာအချို့နှင့် လယ်ယာမြေစိုက်ပျိုးသီးနှံများ ရေလွှမ်း ခြင်း၊ နေအိမ်များ ရွှေ့ပြောင်းရခြင်း၊ လမ်းများ ရေတိုက်စားခြင်းတို့ ဖြစ်ပေါ် ခဲ့သည့်အပြင် ဆိတ်ညံမြစ်ရေတင်စီမံကိန်း နေရာရှိ ဓာတ်အားခွဲရုံနှင့် အဆောက် အအုံများပါ ရေတိုက်စားသည့် အ္တရာယ် နှင့် ကြုံတွေ့နေရကြောင်း သိရသည်။
''ဆင်တဲဝချောင်းရေက ရေလမ်း ကြောင်းပြောင်းလာပြီး လက်ပံတော တိုက် တောင်ဘက်နားကနေ ရေတွေ ဖြတ်စီးလာတာပါ။ အရင်က မဖြစ်ခဲ့ဖူးဘူး။သဲထုတ်ယူတယ်။သစ်ပင်တွေခုတ်တယ်။

ကြက်သွန်စံကွက်အတွက် ပြုပြင်ရင်းနဲ့ ရေလမ်းက နိမ့်ရာဘက်စီးလာပြီးတော့ အခုလို ရေကျော်မှုတွေဖြစ်လာတာပါ''ဟု အေးရွာမှ ဦးမြင့်ဆွေက ပြောသည်။
ဆင်တဲဝချောင်းရေ ဖြတ်ကျော် စီးဆင်းမှုကြောင့် အိမ်ရာများရွှေ့ပြောင်း
နေထိုင်ရပြီး လူမှုဒုက္ခများပါ တွေ့ကြုံနေ ရကြောင်း သိရသည်။
''ချက်ပြုတ်စရာတွေယူပြီး သူများ အိမ်ကို သွားချက်ရတယ်။ တစ်လလောက် ရှိပြီ။ အလုပ်အကိုင်ရှိဖို့ထက် နေထိုင်စား သောက် သွားလာနေရတာကိုက ခက်ခဲ ပါတယ်''ဟု အေးရွာဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ဆိတ်ညံဧရာဝတီမြစ်ရေ စီမံကိန်းရှိ ဓာတ်အားပေးရုံနှင့် ရှင်းလင်း ဆောင်များမှာလည်း ရေတိုက်စားမှု အ္တရာယ်ကြောင့် စိုးရိမ်ဖွယ်ဖြစ်နေပြီး စိုက်ပျိုးဧကများအတွက် ရေပေးဝေနိုင်မှု မရှိမည်ကို စိုးရိမ်ရကြောင်းသိရသည်။

''မိုးရွာတာများတာရယ်၊ ဆင်တဲဝ ချောင်းကမကောင်းတော့ဘူး။ ရေစီး ကြောင်းပြောင်းပြီး ဒီဘက်ကို ချောင်းရေက ဦးတည်ဝင်လာတော့ အခုလို ဖြစ်တာပါ။ အရင်မကြုံဖူးပါဘူး။ မရိုးကျေးရွာ၊ အေးရွာတွေကိုဖြတ်စီးလာတာဆိုတော့ ပျက်စီးမှုရှိပါတယ်။ ရေရှည်မှာ ထိန်းသိမ်း ဖို့လိုလာပါပြီ။ ထရန်စဖော်မာနေရာ နဲ့ ရှင်းလင်းဆောင် ကြံ့ခိုင်မှုဖြစ်ဖို့ လောလောဆယ် ဝါးထရံတွေနဲ့ ကမ်းကာ စပါးတန်းတွေလုပ်ပြီး ပြင်ဆင်မှုလုပ်ထား ပါတယ်။ သက်ဆိုင်ရာကိုတင်ပြထားပြီး ဖြစ်ပါတယ်။ ဒီစီမံကိန်းကစပါးစိုက်ဧက ၁၁၂ဝ အခြားသီးနှံ ၃၇၈ ဧက ရှိနေတော့ တောင်သူတွေအတွက် မနစ်နာအောင် အချိန်မီ ပြုပြင်ဖို့တော့လိုပါတယ်''ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုနှင့်အတူ ဆင်တဲဝချောင်း၏ရေစီးကြောင်း ပြောင်း လဲမှုကြောင့် မြို့နယ်တွင်းကျေးရွာများနှင့် ပတ်ဝန်းကျင်နေရာများ ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာမှ အချိန်မီ တားဆီးရန် လိုအပ်လျက်ရှိကြောင်း သိရ သည်။ လင်းလက်ကြယ်(တောင်သာ)



No comments:

Post a Comment