Sunday, October 30, 2016

ဆိပ်ကမ်းများသို့ ရောက်ရှိလာသည့် ကုန်သေတ္တာကုန်စည်အပါအဝင် ကုန်စည်များထုတ်ယူရာ၌ ကုန်ကျစရိတ်သက်သာပြီး ပိုမိုမြန်ဆန်သည့် နည်းလမ်းများ စိစစ်ရေး ကော်မတီတစ်ရပ်ကို အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ထည့်သွင်းဖွဲ့စည်း

ဆိပ်ကမ်းမှ ကုန်ပစ္စည်းများထုတ်ယူရာ၌ ကြန့်ကြာမှုမရှိစေရေးနှင့် ဝန်ဆောင်ခများ လျှော့ချနိုင်ရေး ညှိနှိုင်း

ရန်ကုန် အောက်တိုဘာ ၂၉ 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အမိန့်ကြော်ငြာစာ (၂၆/၂ဝ၁၆)ကို ရန်ကုန်ဆိပ်ကမ်း သို့ ဝင်ရောက်နေသည့် ကုန်သေတ္တာတင် သင်္ဘောလိုင်းအများစုက လိုက်နာဆောင်ရွက်လျက်ရှိသော်လည်း အချို့သင်္ဘောလိုင်းများက လိုက်နာဆောင်ရွက် ခြင်းမရှိသည့်အတွက် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအတွက် အခက်အခဲရှိနေကြောင်း သိရသည်။

ဆိပ်ကမ်းမှ ကုန်ပစ္စည်းများထုတ်ယူရာ၌ ကြန့်ကြာမှုမရှိစေရေးနှင့် ဝန်ဆောင်ခ များ လျှော့ချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဦးဆောင်၍ အမှတ်(၁ဝ) ပန်းဆိုးတန်းလမ်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)၌ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး (ပူးတွဲ) ဦးနီအောင်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် နိုင်ငံတော်ဆိပ်ကမ်းများနှင့် စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ဆောင်ရွက်လျက်ရှိပြီး ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ကာ ဆိပ်ကမ်းလုပ်ငန်း ဆက်စပ်ထောက်ပံ့ ဖြည့်ဆည်း စီမံဆောင်ရွက်မှု ကုန်ကျစရိတ် (LOGISTICS COST)၊ ကုန်စည်တင်သွင်းမှု ဆိုင်ရာလုပ်ဆောင်ခများ လျှော့ချရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ ဘဏ်က ထုတ်ပြန်သည့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် လွယ်ကူမှုဆိုင်ရာ(Doing Business ) အဝင် သတ်မှတ်ချက်တွင် နိုင်ငံပေါင်း ၁၉ဝ အနက် မြန်မာ နိုင်ငံသည် အဆင့် ၁၇ဝ တွင်ရှိပါကြောင်း၊ ထို့အပြင် အရှေ့တောင်အာရှဒေသအတွင်း နိုင်ငံများကြားတွင် မြန်မာနိုင်ငံသည် LOGISTICS COST ကုန်စည်စီးဆင်းမှု အများဆုံးနိုင်ငံဖြစ်နေသည်ကို တွေ့မြင်နေရပါကြောင်း။

LOGISTICS COST သည် ပြည်တွင်းကုန်ဈေးနှုန်းနှင့် တိုက်ရိုက်အချိုး ကျနေသဖြင့် အစိုးရဌာနများနှင့် လုပ်ငန်းရှင်များက ဖြေလျှော့မှုများ ပူးပေါင်း ဆောင်ရွက်မှသာ ကုန်ကျစရိတ်များ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အစိုးရသစ် လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ချက်များအနက် ပြည်သူလူထု သက်သာချောင်ချိမှုကိုရှေးရှုပြီး မှန်ကန်သောလမ်းစဉ် စေတနာများနှင့် ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယအထွေထွေမန်နေဂျာ (ကိုယ်စားလှယ်လုပ်ငန်းဌာန)က LCL Cargo များအတွက် Owner များမှ အကြောင်းကြားခြင်းနှင့် ပစ္စည်းထုတ်ယူခြင်း လုပ်ငန်းစဉ် (၁ဝ)ချက်ကို ရှင်းလင်းပြသပြီး မိမိတို့ ကိုယ်စားလှယ်လုပ်ငန်းဌာနကShipping Line Principal များကို မေတ္တာရပ်ခံစာ E-mail များ ပေးပို့ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများ၊ စည်းမျဉ်းစည်းကမ်း မလိုက်နာ သူများကြောင့် စည်းမျဉ်းဥပဒေကို လိုက်နာသူများ ထိခိုက်နစ်နာမှုများ၊ ညီတူမျှတ သည့် အခွင့်အလမ်းကွာဟမှုများရှိနေသည်များ၊ ထိရောက်စွာ အရေးယူသင့်သည် များကိုလည်း အမြန်အကောင်အထည်ဖော်ပြပေးစေလိုသည့်အကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေမည့် ဖြေလျှော့သင့်သည်များကို ဆွေးနွေး ကြသည်။
ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ယခုအခါ ယင်းRelease Order (R/O) တောင်းခံရန် B/Lဖြင့် ကုန်စည်ထုတ်ယူနိုင်သည့် နည်းလမ်းအစီအစဉ်ကို ပြောင်းလဲဆောင်ရွက်နေပါကြောင်း၊ စားသုံးသူပြည်သူများ LOGISTICS COST လျှော့ချမှု အကျိုးခံစားမှုရရှိရေး အစိုးရနှင့်လုပ်ငန်းရှင်များက ဖြေလျှော့မှုဆောင်ရွက် ကြရန်၊ ကုန်ပို့လုပ်ငန်းများ အလွယ်တကူ ကုန်ဈေးနှုန်းကျဆင်းစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် ပြောင်းလဲမှုအရွေ့တွင် ပါဝင်ဆောင်ရွက်ကြရန် ပြောကြားသည်။

ရန်ကုန်ဆိပ်ကမ်းမှ ကုန်သေတ္တာများ ထုတ်ယူခြင်းနှင့် ပတ်သက်၍ ယခင်က လုပ်ဆောင်ပုံအဆင့်များမှာ ကုန်ပစ္စည်းပိုင်ရှင် ( Consignee) သည် ကုန်တင်ပို့လွှာ Bill of Lading ( B/L ) လက်ဝယ်ရရှိသော်လည်း သက်ဆိုင်ရာဌာနေ သင်္ဘော လိုင်းများတွင် Release Order (R/O)ထုတ်ယူခွင့်ပြုရန် အကြောင်းကြားလွှာ များကို သက်ဆိုင်ရာသင်္ဘောလိုင်းများ၏ ဌာနေကိုယ်စားလှယ်များထံတွင် သွားရောက်ယူဆောင်ရာ၌ အခကြေးငွေပေးဆောင်ရခြင်း၊ အချိန်ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်စေသည်။ ယင်း Release Order ရရှိပြီးမှ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနတွင် Release Order ပြပြီးDELIVERY ORDER (D/O) ထုတ်ယူခြင်းကို ဆောင်ရွက်ခဲ့သည်။

ကုန်ပစ္စည်းပိုင်ရှင်များအနေဖြင့် အချိန်ကုန်ပြီး ငွေကြေးကုန်ကျမှုများစွာဖြင့် ကုန်ပစ္စည်းများအားထုတ်ယူရရှိပြီး ယင်းကုန်ကျစရိတ်များကို ကုန်ပစ္စည်းတန်ဖိုးပေါ် တွင် ပေါင်းထည့်၍ စားသုံးသူများအား ပြန်လည်ရောင်းချသည့်အတွက် စားသုံးသူ ပြည်သူများအနေဖြင့် တန်ဖိုးကြီးစွာ ဝယ်ယူသုံးစွဲနေရသဖြင့် ယခုကဲ့သို့ ပြည်သူကို မျက်နှာမူပြီး ကြန့်ကြာမှုမရှိစေရေးနှင့် ဝန်ဆောင်ခများ လျှော့ချနိုင်ရေး ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဌာနမှူးများ၊ အကောက်ခွန် ဦးစီးဌာန၊ ဌာနေသင်္ဘောလိုင်း ကိုယ်စားလှယ်များ၊ မြန်မာ့ကုန်သွယ်ရေကြောင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (MMMDA)၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MIFFA)၊ ကုန်သေတ္တာ တင် ဆိပ်ခံတံတားများ၊ ကုန်းတွင်း ကုန်သေတ္တာစခန်းများ (ICD)၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် လုပ်ငန်းရှင်များအသင်း( UMFCCI)၊ မြန်မာနိုင်ငံ အထည် ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)၊ မြန်မာနိုင်ငံ အကောက်ခွန်ဆိုင်ရာ ဝန်ဆောင်သူများအသင်း (MCBA)၊ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်တော် ယာဉ်များအသင်း (MCTA)၊ မော်တော်ယာဉ်တင်သွင်းသူများအသင်း၊ ကုန်ပစ္စည်း တင်သွင်းသူများ၊ ကုန်ပစ္စည်းပိုင်ရှင်များနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စား လှယ် လုပ်ငန်းဌာနအဖွဲ့ဝင်များ တက်ရောက်ကြသည်။ (သတင်းစဉ်)

No comments:

Post a Comment