Sunday, October 2, 2016

အာဆီယံပါလီမန်များ အထွေထွေညီလာခံဆက်လက်ကျင်းပ



The Mirror Daily's photo.
နေပြည်တော် အောက်တိုဘာ ၁
(၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေးများဖြစ်သည့် နိုင်ငံရေးရာကော်မတီ၊ စီးပွားရေးရာကော်မတီ၊ လူမှုရေးရာကော်မတီ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး (WAIPA)နှင့် အာဆီယံပါလီမန်များ အထွေထွေညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီတို့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ဟိုတယ်အေစီအီးရှိ သတ်မှတ်နေရာများ၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းတွင် နိုင်ငံရေးရာကော်မတီ အစည်းအဝေးကို ပုဂံဆောင်၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်က သဘာပတိ အဖြစ်ဆောင်ရွက်၍ ပင်လယ်ပြင်လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ပြည်တွင်း ပြည်ပစိန်ခေါ်မှုများဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးအတည်ပြုကြသည်။
စီးပွားရေးရာကော်မတီအစည်းအဝေးကို ပုဂံဆောင်၌ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က သဘာပတိအဖြစ်ဆောင်ရွက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ သင့်တင့်လျောက်ပတ်သည့် လုပ်ငန်း အခြေအနေ ရရှိရေး၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ခိုင်မာအားကောင်းလာစေရေး၊ အာဆီယံစီးပွားရေး အသိုက်အဝန်းဖော်ဆောင်ရာတွင် လွှတ်တော်များမှ ထောက်ပံ့ကူညီရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
လူမှုရေးရာကော်မတီ အစည်းအဝေးကို ဟံသာဝတီဆောင်၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စံရွှေဝင်းက သဘာပတိအဖြစ် ဆောင်ရွက်၍ ဇီကာဗိုင်းရပ်စ်ကူးစက်မှု တုံ့ပြန်ကာကွယ်ရေး၊ အာဆီယံ ကြေညာစာတမ်းပါ လူမှုရေးဆိုင်ရာအကာအကွယ်ပေးမှု မြှင့်တင်ရေး၊ အာဆီယံဒေသတွင်းရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ဆောင်ရွက်ရေးတို့၌ အာဆီယံပါလီမန်များအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းဆိုင်ရာများကို ဆွေးနွေး ကြသည်။
အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး(WAIPA)ကိုပုဂံဆောင်၌ ကျင်းပရာ နိုင်ငံတော် သမ္မတ၏ဇနီး သုံးခွမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်က သဘာပတိအဖြစ် ဆောင်ရွက်၍ WAIPA လုပ်ထုံးလုပ်နည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ အမျိုးသမီးများနှင့် သင့်လျော်သည့် လုပ်ငန်းခွင်များဖန်တီးပေးရေး၊ အမျိုးသမီးလုပ်သားများအတွက် မွေးဖွားမှုဆိုင်ရာခံစားခွင့်များ တိုးမြှင့်ရေးတို့ကို အတည်ပြုဆောင်ရွက်ကြသည်။
ညနေပိုင်းတွင် အာဆီယံပါလီမန်များ အထွေထွေညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ အစည်းအဝေးကို ဟံသာဝတီဆောင်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံပါလီမန်အဖွဲ့အစည်းဆိုင်ရာ ကဏ္ဍ ငါးခု၏ ဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက်များအပေါ် ပဏာမ အတည်ပြုကြသည်။
ညပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေ ညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအား ဟိုတယ် အေစီအီး အင်းဝဆောင်၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။
အဆိုပါ ညစာစားပွဲ၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၂၁ ရာစုသို့ ချဉ်းကပ်ဝင်ရောက်လာသည့် အချိန်တွင် ဒီမိုကရေစီကြွေးကြော်သံများသည် ပိုမိုကျယ်လောင်လာခဲ့ပါကြောင်း၊ ဒီမိုကရေစီအရေး၌ ပြည်သူများ၏ ပါဝင်မှုသည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ မိမိတို့၏ ဒီမိုကရေစီခရီးလမ်းသည် ရှည်လျားခက်ခဲသော်လည်း မြန်မာပြည်သူများက စည်းလုံးညီညွတ်စွာလျှောက် လှမ်းလျက်ရှိပါကြောင်း။ မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေးကြိုးပမ်းဆောင်ရွက်မှုကိုအာဆီယံနှင့် အာဆီယံ ပါလီမန်များအထွေထွေညီလာခံတို့က ကူညီပံ့ပိုးပေးခဲ့သည်ကို အမှတ်ရနေပါကြောင်း၊ ညီလာခံမှ ပါလီမန်ဆိုင်ရာ လုပ်ငန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ အတွေ့အကြုံ ရင့်ကျက်သောကိုယ်စားလှယ်များနှင့် အမြင်ချင်းဖလှယ်နိုင်ခဲ့ပါကြောင်း၊ ယခုညီလာခံမှတစ်ဆင့် အာဆီယံ ဒေသတွင်းဥပဒေပြုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက် မှုများကို တိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
(၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေ ညီလာခံကို အောက်တိုဘာ ၂ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment