Sunday, October 2, 2016

တပ်ဖွဲ့ဝင်များ၏ ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းစွမ်းရည်များ မြှင့်တင်ဆောင်ရွက်စေရုံမျှမက နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရန် ဆောင်ရွက်သွားရမည်



Image may contain: 2 people , crowd, wedding and indoor
နေပြည်တော် အောက်တိုဘာ ၁
နည်းပညာများ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည် နှင့်အမျှ ဖြစ်ပေါ်လာသည့် မှုခင်းပုံစံသစ်များ၊ အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများကို စနစ်တကျကိုင်တွယ်နိုင်ရန် ရဲတပ်ဖွဲ့ဝင်အဆင့်တိုင်းကို အရည်အသွေးပြည့်ဝစေရန် စဉ်ဆက်မပြတ် လေ့ကျင့်ပေးရန် လိုအပ်ပါကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
(၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပစဉ် ဒုတိယသမ္မတ ဦးမြင့်ဆွေက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက အကြမ်းဖက်မှုများ အပါအဝင် မျိုးစုံသည့် မှုခင်းများကို ထိရောက်စွာထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာတွင် မှုခင်းများတိုးစေလျော့စေသည့် အကြောင်းတရားများသည် လူမှုရေးပြဿနာ၊ ပတ်ဝန်းကျင် ဆိုင်ရာပြဿနာ၊ စီးပွားရေးဆိုင်ရာပြဿနာများနှင့် နီးကပ်စွာ ဆက်နွှယ်နေသည့်အတွက် ပြစ်မှုဆိုင်ရာဥပဒေနှင့် တရားစီရင်ရေးစနစ်တို့အပေါ်တွင်သာ မှီခိုအားထားခြင်း မပြုဘဲ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးကဏ္ဍအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ အိုးအိမ်နေရာချထားရေးနှင့် အလုပ်အကိုင် ရှာဖွေရေးကဏ္ဍများ၊ အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ လူထုလူတန်းစားအဖွဲ့အစည်းများနှင့် မီဒီယာ စသည့် ကဏ္ဍပေါင်းစုံတို့ဖြင့် ပူးပေါင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတော်အဆင့် အလေးထားကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာတစ်ရပ်မှာ မူးယစ်ဆေးဝါးပြဿနာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အဆက်ဆက်အနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်ပပျောက် ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ မူးယစ်ဆေးဝါးပြဿနာကိုင်တွယ် ဖြေရှင်းရေးအတွက် မဟာဗျူဟာရေးဆွဲရာတွင် တားဆီး နှိမ်နင်းရေးနှင့် တရားစီရင်ရေးကဏ္ဍများကိုသာမက စီးပွား ရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍများကိုပါ ထည့်သွင်းရေးဆွဲရန် လိုအပ်လာသည်ကို တွေ့ရှိရပါကြောင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်တစ်ရပ် ရေးဆွဲရန်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
တပ်ဖွဲ့ဝင်များ၏ ကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းစွမ်း ရည်များမြှင့်တင်ဆောင်ရွက်စေရုံမျှမက နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ရဲတပ်ဖွဲ့ဝင်များဖြစ်စေရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ရဲတပ်ဖွဲ့ကို နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည့် အဖွဲ့အစည်းအဖြစ် ပြောင်းလဲလာစေရန် UNDP, UNICEF, UNODC, ICRC, OHCHER, UN တို့၏ ကူညီမှုများဖြင့် လူ့အခွင့်အရေးဆိုင်ရာများ၊ တရားဥပဒေ စိုးမိုးရေးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့တို့ပူးပေါင်း၍ လူ့အခွင့် အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့သည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်သူလူထုအကျိုး စီးပွားကို ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှုနှင့် သမာသမတ်ရှိရှိ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ခွင့်ပြုနိုင်သည့် အတိုင်းအတာနှင့်အညီ ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးပြီးဖြစ်ပါကြောင်း။
ပြည်တွင်းလုံခြုံရေးကဏ္ဍများတွင် နိုင်ငံတကာအသိ အမှတ်ပြုမှုများကို ရရှိခဲ့ပါကြောင်း၊ ပြည်သူများ ဥပဒေ ရေးရာဗဟုသုတ ပိုမိုကျယ်ပြန့်စွာရရှိစေရေးအတွက် မှုခင်းဆိုင်ရာအသိပညာပေးမှုများ၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးအပါအဝင် နိုင်ငံ ဖြတ်ကျော်မှုခင်းဆိုင်ရာများနှင့် လူကုန်ကူးမှုဆိုင်ရာ သတိပြုဆင်ခြင်ဖွယ်ရာများကို အသိပညာပေးခြင်း၊ ပြည်သူများ ကလည်း မီဒီယာများမှတစ်ဆင့် တိုက်ရိုက်သတင်းပေးခြင်း စသည့်ပူးပေါင်းဆောင်ရွက်မှုများကြောင့် တရားခံပြေးများ၊ မူးယစ်ဆေးဝါးနှင့် အခြားမှုခင်းများကို ပိုမိုဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း။
အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စွမ်းရည်ပြည့်ဝရေးတို့အတွက် တပ်ဖွဲ့ဝင်တစ်ဦးချင်းအနေဖြင့် စဉ်ဆက်မပြတ် ခံယူလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ လေးစားယုံကြည်မှုပိုမိုရရှိစေရန် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အဂတိ တရားကင်းရှင်းကြရမည့်အပြင် တပ်ဖွဲ့မှချမှတ်ထားသည့် စည်းကမ်း၊ ကျင့်ဝတ်နှင့် သိက္ခာများကို လိုက်နာစောင့်ထိန်းပြီး လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကို ဥပဒေနှင့်အညီ လုံခြုံမှု အကာအကွယ်ပေးစောင့်ရှောက်သွားကြရမည် ဖြစ်ပါကြောင်း။
လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ နေ့စဉ် လုပ်ငန်းဆောင်ရွက်ချက်များ၊ မှုခင်းဖြစ်ပွားမှုအခြေအနေများနှင့် ပြည်သူတို့၏ လိုလားချက်များအပေါ် တရားဥပဒေနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်နိုင်မှုအခြေအနေများကို စဉ်ဆက်မပြတ် သတင်းထုတ်ပြန်ပေးရန်လိုအပ်ကြောင်း၊ မီဒီယာနှင့် ရဲတပ်ဖွဲ့ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ပြီး ပြည်သူလူထု၏ယုံကြည်ကိုးစားမှုကို မြှင့်တင်ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း။
ဒီမိုကရေစီခေတ်၏ ရဲတပ်ဖွဲ့ဝင်များသည် တရားဥပဒေစိုးမိုးရေးအတွက် မှုခင်းတိုက်ဖျက်သူ (Crime Fighter) များအနေဖြင့်သာမက ဒီမိုကရေစီလူ့ဘောင်အဖွဲ့ အစည်းအတွက် လူ့အခွင့်အရေးများကို ကာကွယ်စောင့် ရှောက်ပေးသူ (Human Right Protector) များ၊ နိုင်ငံသားများအားလုံး ဘေးကင်းငြိမ်းချမ်းစွာ နေထိုင်နိုင် ရေးအတွက် စောင့်ရှောက်ပေးရသူ (Peace Keeper)များ ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်အဆင့်ဆင့်ကို ဒီမိုကရေစီရဲလုပ်ငန်းစနစ်အပါအဝင် ကျင့်ဝတ်များနှင့် စွမ်းရည်များကို လေ့လာသင်ယူပြီး မိမိတို့၏ လုပ်ပိုင်ခွင့် များနှင့် ဥပဒေအသုံးချမှုများတွင် ပွင့်လင်းမြင်သာစွာ တာဝန်ယူမှု၊ တာဝန်ခံမှု ပြုနိုင်သည့် ရဲတပ်ဖွဲ့ဝင်ကောင်းများအဖြစ် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း။
ထို့ပြင် လုပ်ငန်းခွင်နှင့် ဘဝလမ်းကြောင်းတစ်လျှောက် တွင် စံပြနိုင်ငံသားကောင်းတစ်ယောက်၏ တန်ဖိုးများ၊ ကိုယ်ကျင့်သီလကောင်းများနှင့်အညီ ပြုမူကျင့်ကြံနေထိုင် သွားကြရမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာနှင့် ကိုယ်ပိုင်အရည်အသွေးများကိုအစဉ်မြှင့်တင်၍ နိုင်ငံတော်နှင့် ပြည်သူအပေါ် အကျိုးပြုရသည့် မိမိအလုပ်တာဝန်ကို တန်ဖိုးထားဂုဏ်ယူစွာ အစဉ်ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက စွမ်းရည်သတ္တိဂုဏ်ထူးဆောင် တံဆိပ်ရရှိသူ တပ်ဖွဲ့ဝင်နှစ်ဦးတို့၏ကိုယ်စား ၎င်းတို့၏ မိသားစုဝင်များအား ဆုတံဆိပ်များပေးအပ်ချီးမြှင့်ပြီး စံပြရဲရရှိသူ အရာရှိနှစ်ဦးအား စံပြရဲစလွယ်နှင့် ရာထူး အဆင့်တံဆိပ်များ ချီးမြှင့်ပေးအပ်သည်။
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက စံပြရဲရရှိသူ တပ်ဖွဲ့ဝင် အခြားအဆင့် လေးဦးအား စံပြရဲစလွယ်နှင့် ရာထူးအဆင့် တံဆိပ်ချီးမြှင့်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ Video Clip ပြသသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ပြခန်းများအား လှည့်လည်ကြည့်ရှု သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းမှ စတင်ပြုပြင် ပြောင်းခဲ့ရာမှ ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ပြည်သူ့ရဲတပ်ဖွဲ့ဟု အမည်ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထိုအမည်ပြောင်းချိန်မှစတင်၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် အဂတိကင်းစွာလုပ်ဆောင်ရေး၊ အမှန် တရားအတွက် သတ္တိရှိရှိ ရဲရင့်စွာလုပ်ဆောင်ရေးတို့အတွက် ကြိုးစားပြုပြင်ခဲ့သည်။
၁၉၉၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အမည်သို့ ပြောင်းလဲခဲ့ပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ပေါ်ပေါက်လာစေရေးအတွက် အသွင်သဏ္ဌာန်ရော၊ အနှစ်သာရပါ ပြောင်းလဲ စေရန် အစီအမံများ ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် (၅၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ ရောက်ရှိလာ ခဲ့ပြီ ဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်မှာ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ဖြစ်ကြောင်း သိရသည်။
ယနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများ၊ သံတမန်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် ဇော်ဝင်း၊ ဒုတိယရဲချုပ်၊ ရဲဦးစီး အရာရှိချုပ်၊ ရဲရေးချုပ်နှင့် ရဲထောက်ချုပ်တို့က တရား ဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းကူညီဆောင်ရွက် ခဲ့ကြသည့် ပြည်သူငါးဦး၊ ဂုဏ်ထူးဆောင်ဆု၊ အမျိုးသမီး စွမ်းဆောင်ရှင်ဆု၊ ရုံးဝန်ထမ်းထူးချွန်ဆုနှင့် နေအိမ်လိုင်း ခန်းသန့်ရှင်းရေးဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့် ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment