Sunday, October 2, 2016

ပြည်သူလူထုကျန်းမာရေး အလေးထား



Image may contain: text
နိုင်ငံသူ၊ နိုင်ငံသားများ ကျန်းမာကြံ့ခိုင်ရေးသည် နိုင်ငံတော်၏ အရေးကြီး လုပ်ငန်းစဉ်၊ အရေးကြီးမူဝါဒဖြစ်သည်။ ကျန်းမာကြံ့ခိုင်သော နိုင်ငံသူ၊ နိုင်ငံသားများဖြစ်မှသာ မိသားစုဘဝတိုးတက်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံဖွံ့ဖြိုး ရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားများ ကျန်းမာရေးမြှင့်တင်ဆောင်ရွက်ပေးရေးနှင့် ကျန်းမာရေး ထိခိုက်နိုင်မည့် ဘေးအန္တရာယ်များကို အလေးထားကာကွယ် တားဆီးပေး ရမည်ဖြစ်သည်။
ပြည်သူလူထုကျန်းမာရေးအတွက် နေ့စဉ်သုံးစွဲနေကြသော အစားအသောက်နှင့်ဆေးဝါးများ၊ ကုန်ပစ္စည်းများရှိရာ ယင်းတို့ကို ကြီးကြပ်ကွပ်ကဲစစ်ဆေးရေးအတွက် ဌာနတစ်ခုဖွင့်လှစ်ပြီး ဆောင်ရွက် ပေးနေသည်ကိုတွေ့ရသည်။ အဆိုပါဌာနမှာ ပြည်သူလူထုကျန်းမာရေး အတွက် အရေးကြီးသောဌာနဖြစ်၍ မှန်မှန်ကန်ကန် တိတိကျကျ အလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။ နိုင်ငံတကာတွင် အဆိုပါဌာနမျိုး ကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ထားပြီး ပြည်သူလူထု နေ့စဉ်စားသောက်သုံးစွဲ သည့် ပစ္စည်းများအားလုံးကို ကျန်းမာရေးနှင့် ညီညွတ်ခြင်းရှိ၊ မရှိ သတ်မှတ်ချက်နှင့်အညီ တိတိကျကျ ဆောင်ရွက်လေ့ရှိသည်။
မြန်မာနိုင်ငံတွင် ထိုကုန်ပစ္စည်းများအား ထုတ်လုပ်သူ၊ ရောင်းချသူတို့ အနေဖြင့် ကုန်ပစ္စည်းအရည်အသွေးထက် မိမိတို့အကျိုးစီးပွားဖြစ်ထွန်း ရေးကို များသောအားဖြင့် ဦးစားပေးလုပ်ကိုင်ကြသည်ကို တွေ့ရသည်။ သက်တမ်းလွန်၊ အရည်အသွေးမမီသည့် ကုန်ပစ္စည်းများကို ဖျက်ဆီးပစ်သည့် အလေ့အထမရှိဘဲ ပြည်သူလူထုအား မျက်လှည့်ပြကာ ဆက်လက်ရောင်းချ ကြသည့် အလေ့အထရှိသဖြင့် ဘေးထွက်ဆိုးကျိုးခံစားရမှုများကို ဆေးရုံ၊ ဆေးခန်းများသို့ ရောက်ရှိလာသူလူနာများက သက်သေပြလျက်ရှိသည်။
ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ ရက်သတ္တပတ် နှစ်ပတ်တာကာလအတွင်း ဆေးဆိုင်နှင့် သိုလှောင်ရုံများကို ပြည်ထဲရေးဝန်ကြီးဌာနက စီးနင်းရှာဖွေခဲ့ရာ မြန်မာကျပ်ငွေ ၂ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ ဘီပီအိုင်ဆေးဝါးအတုများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့သည့် သတင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိခဲ့ရသည်။ နေရာ ၁၁ နေရာမှ ရှာဖွေတွေ့ရှိမှုများအရ ဆေးဝါးအတု ၄၄ မျိုးနှင့် တိုက်ရိုက်ပြုလုပ်သူ ၁၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး တစ်ဆင့်ခံ ဝယ်ယူရောင်းချသူများကိုလည်း မြေပြင်ဆင်း၍ စစ်ဆေးဖော်ထုတ်အရေး ယူသွားမည်ဟုသိရသည်။
သုံးစွဲသူပြည်သူလူထု ဘေးဒုက္ခကျရောက်စေမည့် အန္တရာယ်ကို မငဲ့ကွက်ဘဲ မိမိအကျိုးစီးပွားတစ်ခုတည်းသာကြည့်သည့် ဝိသမလောဘသား မသမာသူများ၏ မတော်လောဘပြုလုပ်မှုများကို ယခုကဲ့သို့ ထိထိ ရောက်ရောက် တားဆီးနိုင်ခဲ့သည်မှာ ဆယ်စုနှစ်ကာလများအတွင်း ထူးခြားသောဆောင်ရွက်ချက်ဟု ဆိုရမည်ဖြစ်သည်။ ပြည်သူလူထုနှင့် ဆက်စပ်နေသည့် စီးပွားရေးလောကတွင် ပြည်သူလူထုအကျိုးကို စေတနာကောင်းဖြင့် ရှေးရှုဆောင်ရွက်ကြသော လုပ်ငန်းရှင်များရှိသလို ထိုကဲ့သို့မသမာသူစုန်းပြူးများလည်း အစဉ်အဆက်ရှိခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ ယင်းတို့ကို ဖော်ထုတ်အရေးယူခြင်းဖြင့် ပြည်သူလူထုကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးခြင်းသည် အမျိုးသားရေးတာဝန်တစ်ရပ် ပင်ဖြစ်သည်။
ဆေးဝါးအတု ထုတ်လုပ်ခြင်းသည် ကျန်းမာရေးဒုက္ခရောက်နေသော ပြည်သူများ ပိုမိုဒုက္ခကျရောက်စေနိုင်သောကြောင့် ပြေပျောက်သွားစေနိုင် သောကိစ္စရပ်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် နှိမ်နင်း အရေးယူသွားရမည်သာဖြစ်သည်။ ၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါး ဥပဒေအရ ယခုကဲ့သို့ကျူးလွန်သောအမှုများအတွက် ပြစ်မှုနှင့် ပြစ်ဒဏ် အားနည်းနေသည်ဟု ယူဆရသဖြင့် နောက်နောင်တွင် ထိုကဲ့သို့ကျူးလွန်ခြင်းများ မပြုနိုင်ရန်အတွက် ထိရောက်သောပြစ်ဒဏ်များ ချမှတ်နိုင်ရန် ပြင်ဆင်ပြောင်းလဲသင့်သည်များကို ပြောင်းလဲတန်သင့်မည်ဟု ယူဆပါသည်။
ပြည်သူလူထုကျန်းမာရေးအတွက် အလေးထားဆောင်ရွက်ရာတွင် ထိုကဲ့သို့ကျူးလွန်မှုများအား စဉ်ဆက်မပြတ် ဖော်ထုတ်အရေးယူရေးသာမက နေ့စဉ်လူမှုဘဝရှင်သန်မှုအတွက် အဓိကကျသည့် စားသောက်ကုန် ပစ္စည်းများကိုပါ အလေးထားရှာဖွေစစ်ဆေးပြီး ပိုမိုကောင်းမွန်စိတ်ချရသော ပြည်သူလူထုစားသောက်မှုပုံစံဖြစ်တည်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့လိုမည်ဖြစ်ပါသည်။ ။

No comments:

Post a Comment