Monday, October 31, 2016

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ (၂၅)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကျင်းပ



Image may contain: 1 person
ရန်ကုန် အောက်တိုဘာ ၃ဝ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ (၂၅)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် အသင်းကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးအဖွဲ့ အစည်းများမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
အခမ်းအနားတွင် သဘာပတိမြန်မာနိုင်ငံကုန်သည် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အမှာစကား ပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံကုန်သည် စက်မှုလုပ်ငန်းရှင် များအသင်းချုပ်ကိုယ်စား နာယက ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် အလှူငွေ ကျပ်သိန်း ၃ဝဝ နှင့် အမေရိကန်ဒေါ်လာ ၁၂ဝဝဝ ကို လည်းကောင်း၊ ရခိုင်ပြည်နယ်၌ လတ်တလောကာလအတွင်း အခက်အခဲများနှင့် ရင်ဆိုင်နေရသော ပြည်သူများအတွက် အလှူငွေကျပ် သိန်း ၆ဝဝ နှင့် အမေရိကန် ဒေါ်လာ ၂၅ဝဝဝကို လည်းကောင်း ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံရယူသည်။
ဆက်လက်၍ အာဆီယံစီးပွားရေးထူးချွန်ဆုရရှိသူ အသင်းချုပ်ဥက္ကဋ္ဌ ဦးဝင်းအောင်အား ကုန်သည်စက်မှု အသင်းချုပ်မှ ထပ်ဆင့်ဂုဏ်ပြုဆုကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နှစ်ပတ်လည် အစီရင်ခံစာအကျဉ်းချုပ်နှင့် ငွေစာရင်းရှင်းတမ်း၊ ပြည်ပစာရင်းစစ်၏ အစီရင်ခံစာ၊ ကြိုတင်ပေးပို့ထားသော မေးခွန်းနှင့် အကြံပြုချက်များကို တာဝန်ရှိသူများက ဖတ်ကြားတင်သွင်းဖြေကြားကြသည်။
ထို့နောက် ၂ဝ၁၃-၂ဝ၁၆ ခုနှစ် သက်တမ်းအမှုဆောင်အဖွဲ့ နုတ်ထွက်ခြင်းနှင့် ၂ဝ၁၆-၂ဝ၁၉ခုနှစ် သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် အမှုဆောင် အဖွဲ့သစ်၏ အမည်စာရင်းကြေညာခြင်း၊၂ဝ၁၃-၂ဝ၁၆ ခုနှစ် စီမံခန့်ခွဲရေးကော်မတီမှ ၂ဝ၁၆-၂ဝ၁၉ ခုနှစ် စီမံ ခန့်ခွဲရေးကော်မတီသို့ လုပ်ငန်းတာဝန်လွှဲပြောင်းပေးအပ်ခြင်း စသည်တို့ကို ပြုလုပ်သည်။
ယင်းနောက် ၂ဝ၁၆-၂ဝ၁၉ ခုနှစ် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:

Post a Comment