သတင်း-ထွန်းအောင်ရှိန်၊ ဓာတ်ပုံ-ဆောက်လုပ်ရေး
ရန်ကုန် အောက်တိုဘာ ၁
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်ပြီး လူဦးရေထူထပ်များပြားစွာ နေထိုင် သော မြို့တစ်မြို့ ဖြစ်သည်နှင့်အညီ လမ်းများပေါ်တွင် ယာဉ်ကြောကျပ်တည်းမှုဒဏ်ကို မြို့နေ ပြည်သူများ နေ့စဉ်နှင့်အမျှ ခံစားရလျက်ရှိသည်။ ထို့ကြောင့် အခြေခံကျသည့် လမ်းပန်း ဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်စေရန်နှင့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ပေး နိုင်ရန်အတွက် သာကေတတံတား (ကားလမ်းခုံးကျော်)နှင့် ရထားလမ်းခုံးကျော်တံတား နှစ်စင်းအဟောင်း အသစ်တည်ဆောက်မှု လုပ်ငန်းများကို သြဂုတ် ၁ ရက်မှ စတင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
''ကျွန်တော်တို့ ဒီတံတားနှစ်စင်းကို ပြန်ဆောက်ဖို့ ဖြစ်လာတာက ဂျပန်နိုင်ငံ ဂျိုက်ကာ အကူအညီနဲ့ ပုဇွန်တောင် နဲ့ဒေါပုံကို ဆက်သွယ်တည်ဆောက်နေတဲ့ သာကေတတံတားအသစ် ကြောင့်လည်း ပါတယ်လို့ ပြောလို့ရတယ်။ အဓိက ကတော့ အဲဒီတံတားပြီးသွားရင် ဒီဘက်မှာရှိ တဲ့ ကားလမ်းခုံးကျော်တံတားနဲ့ ရထားလမ်းခုံးကျော်တံတားနေရာတွေမှာ ယာဉ်ကြောပိတ် သွားနိုင်တဲ့အတွက် အခုလိုဆောက်ဖို့ဖြစ်လာတာပါ။ နဂိုဒီတံတားကလည်း ၁၅ ပေတံတားဆိုတော့ ကြံ့ခိုင်မှုနည်းနေတယ်။ ကွန်တိန်နာတွေဝင်ရင် သိပ်မလွတ် ချင်တော့ဘူး။ ဒီနေရာကလည်း အရင်ကတည်းက ယာဉ်ကြောကျပ်တယ်။ ဒါကြောင့် ဆောက်ဖြစ်ခဲ့တာပါ''ဟု တံတားအထူးအဖွဲ့ (၁၁)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ် တို့သို့ ဆက်သွယ်ထားသည့် ၁၅ ပေ ကားလမ်းခုံးကျော်တံတားနှင့် ရထားလမ်းခုံးကျော် တံတားတို့ကို အသစ်ပြန်လည်တည်ဆောက်သည့် လေးလမ်းသွားတံတားကို ပြည်ထောင်စုရန်ပုံငွေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် နှစ်လမ်းသွား တည်ဆောက် မည်ဖြစ်ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် လေးလမ်းသွားကို အပြီးတည်ဆောက်သွား မည်ဖြစ်သည်။ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများကို တံတားဦးစီးဌာန တည်ဆောက်ရေး(၃) တံတားအထူးအဖွဲ့(၁၁)က တည်ဆောက်နေခြင်းဖြစ်သည်။
ယင်းသာကေတတံတား(ကားလမ်းခုံးကျော်တံတား)မှာ အရှည်ပေ ၉ဝ၊ ကြိုတင် အားဖြည့် သံကူကွန်ကရစ် ရက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်းဖြစ်သည်။ ရထားလမ်းခုံး ကျော်တံတားအရှည်မှာ ပေ ၁၁ဝ၊ သံမဏိသံပေါင် ရက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်း ဖြစ်ကာ လူသွားလမ်းပါရှိမည်ဖြစ်ပြီး အောက်ထည်မှာ သံကူကွန်ကရစ် ဖြစ်သည်။
အငှားယာဉ်မောင်းတစ်ဦးကလည်း ''အခုလို လမ်းကျပ်တဲ့နေရာတွေမှာ လမ်းတွေချဲ့ပြီး တံတားတွေ ဆောက်ပေးနေတဲ့အတွက် သွားရေးလာရေး ပိုမို အဆင်ပြေလာပါတယ်။ အခု ဒီတံတားကြီးပြီးသွားရင်လည်း ရန်ကုန်ဘက်နဲ့ ဒေါပုံဘက် ကို အရင်ကထက် အချိန်တိုတိုနဲ့သွားလာနိုင်မယ်လို့ ထင်ပါတယ်''ဟု ပြောသည်။
အလားတူ ဂျပန်နိုင်ငံ ဂျိုက်ကာအကူအညီဖြင့် ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံ မြို့နယ်သို့ ဆက်သွယ်တည်ဆောက်လျက်ရှိသည့် တံတားကြီးမှာလည်း ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းတံတား၏ အရှည်မှာ ပေ ၈၃ဝ ရှိပြီး တံတားအကျယ်မှာ ၂ဝ ဒသမ ၅ မီတာရှိကာ အမျိုးအစားမှာ ကြိုတင် အားဖြည့် သံကူကွန်ကရစ်ကြိုးဆိုင်းတံတားဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာ ဂျပန်ယန်း ၄၂၁၆ သန်းဖြစ်ကြောင်း သိရသည်။ ယခုတံတားများတည်ဆောက်ပြီးစီးသွားပါက ဒေါပုံမှ တစ်ဆင့် ရန်ကုန်မြို့တွင်းသို့ မော်တော်ယာဉ်များ ယခင်ကကဲ့သို့ အချိန်ကြာမြင့်စွာ ယာဉ်ကြော ကျပ်တည်းမှုဒဏ်ကို မခံစားရတော့ဘဲ အလွယ်တကူသွားလာနိုင်တော့ မည်ဖြစ်သည်။
No comments:
Post a Comment