ကျော်စောမင်း
၁။ ။ရှဲဒိုးတစ်ခေတ်
အမှန်တော့ ထိုမသတီစရာ ခေတ်ကြီးတစ်ခေတ်အကြောင်း ကို ဆောင်းပါးကြီးတစ်ပုဒ်အဖြစ်သာမက ပါရဂူဘွဲ့ယူ စာတမ်း(ကျမ်း) တစ်စောင်အဖြစ်ပင် ရေးသင့်ပါသည်။ ဆောင်းပါး သုံးပုဒ်စာလောက် ရသည်အထိ ရေးလည်းရေးခဲ့ ဖူးပါပြီ။ သို့သော် ရေးပြီးသမျှကို သိမ်း၍သာထားခဲ့သည်။ အမှန်ကို သက်သက်သာသာ ရေးသည့်တိုင် ရိုက်ချက်က အတော်အတန်ပြင်းလိမ့်မည်။ အတိအကျ မဖော်ထုတ် သည့်တိုင် ဒါငါ့ကို ရေးထားတာပါလားဟူသော ရှက်ရွံ့ မှုဖြင့် ခေါင်းမဖော်နိုင်သော ဆင်ကြီး၊ ကျားကြီးတချို့ ရှိပါလိမ့်မည်။ ဆုကြီးတွေရသည်အထိပင် မှားမှားယွင်းယွင်း တွေဖြစ်လာနေခဲ့သော ဖြစ်စဉ်ကြီးသည် တကယ်တော့ အရုပ်ဆိုးလှပါသည်။ အချို့ဆိုလျှင် ကိုယ်ရေးလိုက်သော ဇာတ်လမ်းတို့၊ ဇာတ်ကောင်အမည်တို့ကို သိဖို့ဝေးစွစာအုပ် အမည်ကိုပင်မှန်အောင် မပြောနိုင်။ သို့သော် ရသဝတ္ထုကြီး များဖြင့် နာမည်တစ်လုံးစိုက်ထူထားသူ စာရေးဆရာကြီး တွေ၏ ဝတ္ထုတွေက တစ်ထောင်ကုန်အောင် မနည်းကြီး ရောင်းနေရသော ကာလတွင် ရှဲဒိုးတွေ၏ ဖေတော့မောင် တော့က အုပ်ရေ ၆ဝဝဝ ပြိုက်ခနဲ ဆိုတာမျိုးတွေ့ခဲ့ရသည်။
အကြောင်းကြုံနေ၍ သိပ်မဆိုင်လှသော ကိစ္စတစ်ခု နှစ်ခုကို ပြောပါဦးမည်။Ghost writer ခေါ် နောက်ကွယ်ရှဲ ဒိုးဖြင့် စာရေးခြင်းများကို နိုင်ငံတကာမှာ တွေ့နိုင်ပါသည်။ နိုင်ငံရေး၊စီးပွားရေးစသည်ဖြင့် မျက်နှာစာတစ်ခုမှာ အောင်မြင်နေသူတစ်ဦးက စာရေးဆရာ ဖြစ်ချင်လှလို့ မဟုတ်ဘဲ သူ့ကိုယ်သူကြော်ငြာချင်၍ ဘဝအတွေ့ အကြုံမှတ်တမ်းရေးသည်။ နိုင်သလောက် ကြိုးစားရေး သားပြီးမှ တည်းဖြတ်ခိုင်း၊ချောခိုင်းခြင်းများရှိသလို၊ ကျောရိုးပေးပြီး ရေးခိုင်းလိုက်သည်လည်းရှိသည်။ ကိုယ်ပျောက်တစ္ဆေက နာမည်ခံခွင့်မရှိ၊ သူရေးတာပါ၊ ရေးပေးတည်းဖြတ်ပေးတာပါဟု ဖော်ထုတ်ခွင့်မရှိ။ ရေးခကတော့ မြိုးမြိုးမြက်မြက်ရသည်။ တစ်ခါတစ်ရံမှာ အထူးသဖြင့် ကျောရိုးချပေးပြီး အရေးခိုင်းသောကိစ္စမျိုး တွေမှာ ရေးပေးသူရှဲဒိုးကို ပူးတွဲစာရေးဆရာအဖြစ် စာအုပ် မျက်နှာဖုံးမှာ မထင်မရှားထည့်ပေးတာမျိုးလည်းရှိသည်။
ဂျပန်တို့၊ ကိုရီးယားတို့လို နိုင်ငံမျိုးမှာကျတော့ လုပ်ငန်းရှင်ကြီးများသည် ကဗျာရေးသူ၊ ဝတ္ထုရေးသူ၊ ကိုယ်တိုင်ရေးဘဝမှတ်တမ်းရေးသူ ဖြစ်ချင်တတ်ကြသည်။ စာရေးနည်း၊ကဗျာရေးနည်းကို လေ့လာပြီး ကြိုးစားပမ်းစား ရေးသည်။ နာမည်ကျော် စာပေသမားများကို ပင့်ဖိတ်၍ ပြသပြီး ဝေဖန်ခိုင်းသည်။ ပြင်ခိုင်းသည်။ စိတ်ကြိုက်အပုဒ် ၂ဝ လောက်ရလာလျှင် ထုတ်ဝေစရိတ်ပင် တစ်အုပ်ကို ဒေါ်လာ ၅ဝကျော်သော အလွန်ခမ်းနားလှပခန့်ထည်သည့် ကဗျာစာအုပ်အဖြစ် ထုတ်ဝေသည်။ ကတ်ထူဖုံးခန့်ချုပ် ကတ္တီပါကွပ်ဆိုတာမျိုးဖြစ်လျှင် တစ်အုပ်ကို ထုတ်လုပ် စရိတ်ပင် ဒေါ်လာ ၁ဝဝ ကျော်ပါသည်။ စာအုပ်များ များရိုက်သည် မဟုတ်ပါ။ အုပ်ရေ ၂ဝဝ လောက်မျှသာ ရိုက်ပြီး မွေးနေ့ပွဲလိုအခမ်းအနားမျိုးကြီးမှာဝေငှသည်။ ကုမ္ပဏီတစ်ခုလုံးမှာ လူ ၁ဝယောက်လောက်သာရမည်။ အစိုးရအဖွဲ့ဝင်တွေရမည်။ မိသားစုဝင်တွေရမည်။ ထင်ရှားသော နိုင်ငံရေးသမားတို့၊ စာပေပညာရှင်တို့ရမည်။ ကဗျာရေးနိုင်သူအဖြစ် ဂုဏ်ကြီးတစ်ခုယူကာ ကြိုးစားပမ်း စားဆောင်ရွက်ခြင်း၌ သူသည်ကဗျာ ဆရာအဖြစ်လည်း စွမ်းဆောင်နိုင်ပါကြောင်း ပြသခြင်းထက်မပိုပါ။ သူကတော့ ချစ်မြတ်နိုးမှုအပြည့်၊ ကြိုးစားမှုအပြည့်နှင့် လုပ်ဆောင် လိုက်ခြင်းဖြစ်မည်။ သို့သော် သူ့စာများ ၊ကဗျာများကိုတော့ ဘယ်ဝေဖန်ရေးဆရာကမှ တခုတ်တရလုပ်၍ မော်ကွန်းထိုး မည်မဟုတ်ပါ။ သူဌေးတစ်ယောက်၏ တစ်သက်တာ ကဗျာအပုဒ် ၂ဝကို စာပေစာရင်းသွင်းမည့်သူ ရှားပါသည်။ သို့သော် သူ့အတွက်ကား မျိုးရိုးမှတ်တိုင်တစ်ခု စိုက် ထူခြင်းပင်။
သုတစာပေရေးသားခြင်းဖြင့် အောင်မြင်နေသူများ၏ လုပ်ပုံကတော့ တစ်မျိုး၊ စက်နှင့်လှည့်ထုတ်သလို ရေးနေရ မည့်အဖြစ်ကို Óဏ်ကွန့်လိုက်သည်။ ရေးချင်သမျှကို အသံသွင်းပေးသည်။ စာကူးအဖွဲ့က ထိုအသံသွင်းချက် များကို နားထောင်၍ စာရိုက်ပေးရသည်။ သူကဖတ်ကြည့် ပြီး လိုတာတွေ ထပ်ညွှန်ကြားသည်။ ကျေနပ်လောက်သည့် အဆင့်ရောက်သောအခါ တည်းဖြတ်အဖွဲ့က လိုသလို တည်းဖြတ်ပြုပြင်ပေးသည်။ စာအုပ်ပုံစံအကြမ်းထည် ထွက်လာသည်အထိ ရုပ်ပုံတွေ၊ ဓာတ်ပုံတွေ၊ ဇယားတွေ ထည့်ပေးရသည်။ အစစကျေနပ်လောက်တော့မှ ပုံနှိပ်ရေး အဖွဲ့ဆီပို့သည် (သို့မဟုတ်) ထုတ်ဝေရေးတိုက်သို့ပို့သည်။ ကျွန်တော်တို့ဆီမှာ တချို့ ဘာသာပြန်ဆရာများအဖွဲ့နှင့် လုပ်သလိုပင်။ ၁၉၇၈ ခုနှစ်လောက်တွင် ဘာသာပြန်တစ် ခေတ်ထသည်။ နိုင်ငံခြားမှစာအုပ်ကို အလုအယက်မှာယူပြီး အလုအယက်ပင်ဘာသာပြန်ကြသည်။ အဖွဲ့တစ်ဖွဲ့ဆိုလျှင် စာအုပ်ကို လေးပိုင်းပိုင်း၍ တစ်ပိုင်းစီယူပြန်သည်။ မြန်မြန်ထွက်ဖို့ အရေးကြီးနေသဖြင့် စာရေးဟန်ကွဲပြား တာမျိုး၊ နာမည်အသံထွက်တွေ မတူတာမျိုးတွေ့ရဖူးသည်။ ဤလိုဘာသာပြန် ရှဲဒိုးတွေနှင့် ဆုရသွားတာလည်း ကြားဖူး ပါသည်။
မြန်မာစာပေရှဲဒိုးခေတ်အကြောင်း အမှတ်ထင်ထင် ဖြစ်အောင် ပြန်ရေးကြတာမျိုးမဖတ်ဖူးခဲ့ပါ။ ယုံကြည်ချက် ဖြင့် ကိုယ်တိုင်ကြိုးစားရေးသားနေသူတစ်ဦးဦးက တစ်နေ့ နေ့တော့ ရှဲဒိုးအတွင်းရေးတွေဖွင့်ချလိမ့်မည်ဟု မျှော်လင့် ခဲ့ပါသည်။ ကျွန်တော်ပဲ စာဖတ်မနှံ့လို့ဖြစ်မည်။ စမ်းစမ်း နွဲ့(သာယာဝတီ) က ၁၉၈၄ မှာပင် စကားမပြောနဲ့တဲ့ မောင်ဟူသော ခေါင်းစဉ်ဖြင့် ရေးခဲ့ဖူးပြီကို ယခုမှပင်သိရ သည်။ ဤဝတ္ထုတွင် ဇနီးသည် ဖြူဖြူခင်ကို အရောင်းသွက် စူပါစာရေးဆရာမ(အမျိုးသမီးစာရေးဆရာ) ယမင်းဖြူသွယ် အဖြစ်သို့ စီးပွားရေးလာဘ်မြင်သူ သူ့ခင်ပွန်း ကိုလွမ်း အောင်၏ ပယောဂဖြင့်ရောက်သွားသည်။ ကိုယ်မရေးဘဲ ရေးသူအမည်ခံနေရသူအဖို့ စူးစမ်းသူများ၊ စာတမ်းပြုစု လိုသူများနှင့်တွေ့လျှင် ကပေါက်တိကပေါက်ချာ အိုးနင်းခွက်နင်းတွေဖြစ်မည်စိုး၍ စကားများများပြောလျှင် မောတတ်သူ၊ လူသုံးလေးယောက် ဝိုင်းအုံလျှင် နှလုံးရောဂါ ရတတ်သူအဖြစ်ဖန်တီးပေးထားသည်။ စကားတွေသိပ် မပြောနဲ့ မောမယ်ဆိုသော စကားလုံးက ဤဝတ္ထု၏ အသက်ဖြစ်သွားသည်။ အလွန်ရဲတင်းစွာနှင့် အလွန် သပ်ရပ်စွာရေးသွားသော ဇာတ်လမ်းဖြစ်ပါသည်။ မြန်မာ စာပေနယ်၏ ခေတ်ဆိုးတစ်ခေတ်ကို ထင်ဟပ်ပြထားပါ သည်။ (စကားမပြောနဲ့တဲ့မောင်၊ လင်းလွန်းခင်၊ ၂ဝ၁၆ စက်တင်ဘာ။)
၂။ ။အပြပါးပါး မော်ကွန်း
အထက်ကရည်ညွှန်းခဲ့သော စာအုပ်တွင် စကား မပြောနဲ့တဲ့ ကိုရေးသူမှာ စမ်းစမ်းနွဲ့(သာယာဝတီ) ဖြစ်ပါသည်။ ပူးတွဲဝတ္ထု စကားတစ်ခွန်းတော့ ပြောမယ် မောင် ဝတ္ထုကိုရေးသူမှာ လေးကိုတင် ဖြစ်သည်။ ယခုအခါ တွင် စာအုပ်စာပေဆောင်းပါးရှင်အဖြစ်သာလူသိများနေသော လေးကိုတင်မှာ စာကောင်း၊ကဗျာကောင်းများ ရေးခဲ့ ဖူးသူဖြစ်သည်။ ရန်ကုန်လမ်းမတော်တစ်ဝိုက်မှ ငယ်ပေါင်း များအကြောင်း ရေးသွားသော လမ်းမတော်သားများ ဝတ္ထုတိုသည် ပြောစမှတ်ဖြစ်ခဲ့၏။ ထိုဝတ္ထုတိုကို ဖတ်ရ စဉ်က စာရေးကျဲသော်လည်း ရေးသမျှအရာထင်သူဟု မှတ်ယူခဲ့ဖူးပါသည်။ ယခုဝတ္ထု စကားတစ်ခွန်းတော့ ပြောမယ်မောင် ဝတ္ထုရှည်မှာ ပေဖူးလွှာမဂ္ဂဇင်းတွင် ၂ဝ၁၃ ခုနှစ်ကပါခဲ့သော ဝတ္ထုဟု မှတ်တမ်းဖတ်ရပါသည်။ တက္ကသိုလ်ကျောင်းသားမဟုတ်သော်လည်း တက္ကသိုလ် ဝန်းကျင်မှာ မိတ်ဆွေရင်းတွေများစွာရှိသော အောင်ထွဋ်ကို သူ့ချစ်သူ အေးမိမိ၏အပြောများမှတစ်ဆင့် သိရသည်။ စာကြီးပေကြီး နှံ့စပ်သူ၊ ယဉ်ကျေးရည်မွန်သူ အောင်ထွဋ်နှင့် အောင်ထွဋ်ကို တကယ်မြတ်နိုးလေးစားသော အေးမိမိတို့၏ ဇာတ်လမ်းပင်ဖြစ်သော်လည်း ဝတ္ထု၏ အသက်က ထိုအချစ်ဇာတ်လမ်းမဟုတ်။ ရှိတ်စပီးယား၏ ဂျူးလိယက် ဆီဇာပြဇာတ်မှ ဘရုတပ်စ်၏ စကားများဖြစ်သော ''ကျွန်တော်ဆီဇာကို ချစ်ပါတယ်။ ရောမပြည်ကြီးကိုလည်း ချစ်ပါတယ်။ ဒါပေမယ့် ဆီဇာထက် ရောမပြည်ကြီးကို ပိုချစ်ပါတယ်'' ကသာ အသက်ဖြစ်သည်။
နိုင်ငံရေးနောက်ခံကားချပ်ကို ပါးပါးလေးပြသွားပုံကို အထူးမြင်လိုက်ရသည်။ ဤလိုအတတ်ပညာကျွမ်းကျင်မှု မျိုးကို တွေ့ရခဲသည်။ ထို့ပြင် စရိုက်ပီသမှုကို အထောက် အကူပြုစေသော အသေးစိတ်ကလေးများ အမှတ်တမဲ့ ထည့်သွင်းသွားပုံမှာလည်း ကြိုက်စရာကောင်းလှသည်။ မဟာဝိဇ္ဇာဂုဏ်ထူးတန်း တစ်နှစ်တက်ပြီးရင် (စာမျက်နှာ ၁၁၁) ဆိုသည့်စာသားကိုတော့ နောင်တစ်ကြိမ်ထပ်ထုတ် လျှင် တည်းဖြတ်စေချင်ပါသည်။
၃။ ။နောက်ကြောင်းထဲမှ အနှစ်
ချစ်ဦးညိုသည် ခေတ်ပြိုင်စာရေးဆရာတစ်ဦးဖြစ် ပြီး ခေတ်ပေါ်အကြောင်းအရာများကို လှလှပပရေးနိုင် စွမ်းရှိသူဖြစ်သည်။ အထူးသဖြင့် သူမြတ်နိုးသော သဘင် သည်ဘဝကိုရသဖြင့် ပုံဖော်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ဤသို့ ပုံဖော်ခြင်းဖြင့် လိုင်းသစ်ဖောက်နိုင်ခဲ့သူတစ်ဦးဖြစ်သည်။ သို့သော် သူတကယ်တမ်း နာမည်ရလာသည်ကား အဟောင်းကို ပြန်လည်ဆန်းသစ်ခြင်းတွင်ဖြစ်သည်။ ရှေးဇာတ်လမ်းများ ပြန်ရေးမည်။ ဗုဒ္ဓဝင်ဇာတ်လမ်းများကို ပြန်ရေးမည်။ ဤလိုရေးခြင်းအလုပ်မှာ အရင်းအနှီး နည်းပါးသဖြင့် ဘယ်သူမဆို သဒ္ဒါမှန်မှန်ရေးတတ်လျှင် ရကောင်းသည်။ ဤလိုရေးခဲ့သူတွေတစ်ပုံကြီးရှိသည်။သို့သော် ဗုဒ္ဓဝင်ဇာတ်လမ်းများ၊ ရာဇဝင်ဇာတ် လမ်းများ၊ ရာမဇာတ်လို ပုံပြင်များသည် သူ့လက်တွင် ထူးထူးခြားခြား တောက်ပနေတော့သည်။ ချဉ်းကပ်ပုံဆန်းခြင်း၊ အတွေး ဆန်းခြင်းနှင့် အရေးအသားလှပခြင်းတို့ကြောင့်ဟု ကျွန်တော်ယူဆပါသည်။
ရာဇဓိတာနှင့်သမိုင်းဝင်မိန်းမသားများ (လင်္ကာဒီပ၊ ဒုတိယအကြိမ် ၂ဝ၁၆ စက်တင်ဘာ)တွင် သမိုင်းဝင် မိန်းမသားရှစ်ဦးအကြောင်း ဝတ္ထုရှစ်ပုဒ်ပါသည်။ ကုဏ္ဍလကေသာသည် တစ်မူထူးသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ခိုးသူကို တပ်မက်မိ၍ အတင်းဆောင်ကြဉ်း လက်ထပ်ယူ ပြီးမှ ထိုခိုးသူကိုပင် ချောက်တွင်းတွန်းချပြီး သူဌေးသမီး ဘဒ္ဒါအဖြစ်မှ ပုံပန်းမကျ ရောင်ဆင်းမလှ ဆံကေသာပိုင်ရှင် ကုဏ္ဍလကေသာပုရဗိုဇ်မအဖြစ် ခံယူလိုက်သည်။ ရှင်သာရိပုတ္တရာနှင့် တွေ့တော့ အကျွတ်တရားရသွား သည်။ တစ်ကြောင်းတစ်ဂါထာမျှဖြင့် အရဟတ္တမဂ်အထိ ဆိုက်သွားခဲ့၍ ခိပ္ပါဘိည ဧတဒဂ်ဘွဲ့ကိုရသော ဘိက္ခုနီ ဖြစ်သွားသည်။ (အမျိုးသားများတွင်လည်း ခိပ္ပါဘိည ဧတဒဂ်ဟု ချီးကျူးတော်မူခြင်းခံရသူမှာလည်း တစ်ဦး သာရှိသည်။ ဗာဟီရဒါရုဓိ ဖြစ်ပါသည်။)
ထိုကုဏ္ဍလကေသာနှင့် ဇာတ်သဘင်လောကမှ သူဇာကို ထပ်တူပြုရာတွင် ထူးခြားသောထပ်တူပြုမှုကို သုံးသွားသည်။ သူဇာအလွန်မနှစ်မြို့သော မင်းသားက ခိုးသူ သတ္တုကနေရာမှ သရုပ်ဆောင်မည်။ သူဇာက သူဌေးသမီးဘဒ္ဒါ။ ဤလိုဆန်းပြားသော ဖွဲ့စည်းမှုဖြင့် ဝတ္ထုကို တည်ဆောက်သွားခဲ့ပါသည်။
ဤစာအုပ်ပါ ဝတ္ထုများတွင် စာရေးဆရာ၏ ရေးဟန် ပြောင်းသွားခြင်းကို တွေ့မည်။ တွေ့နေကျ ဝတ္ထုပီပီ သသတည်ဆောက်ပုံမျိုးမှ လမ်းခွဲထွက်ပြီး ရှင်းလင်းချက် တွေ၊ မှတ်စုတွေထည့်ကာTempoကို ပြောင်းပစ် သည်။ ကျွန်တော်ရိပ်မိသလို ပြောရလျှင် ချစ်ဦးညိုက ဝတ္ထုကြားတွင် ဆောင်းပါးညှပ်ပြီး ဆောင်းပါးကြားတွင် ဝတ္ထုညှပ်သော ဟန်သစ်တစ်မျိုး ထူထောင်ကြည့်ခြင်း ဖြစ်နိုင်သည်။ စာရေးဆရာ၏ ရင်ထဲတွင် လမ်းသစ်တစ်ခု ရှိနေလိမ့်မည်ဟု ထင်သည်။ သူ့မှာလည်း ပြောစရာရှိပေ လိမ့်မည်။
မြန်မာရာဇဝင်တွင် မြန်မာ့ပိုင်နက်၌ မြန်မာကို ကိုယ်စားပြုပြီး တိုင်းတစ်ပါးသားကို စီးချင်းထိုးသော သမိန်ဗရမ်း နှစ်ဦးရှိသည်။ မွန်မြန်မာ နှစ်လေးဆယ်စစ်ပွဲမှ ဇာတ်လိုက်ကျော်ကြီးနှစ်ဦးအနက် တစ်ဦးဖြစ်သူ အင်းဝ မင်းခေါင်၏သမီး ရာဇဓိတာနှင့် ပေးစားခြင်းခံရသော (ဂါမဏိကို နှိမ်နင်းသော) သမိန်ဗရမ်း၏ ဇာတ်လမ်းကို ရာဇဓိတာတွင် ဖတ်ရသည်။ ကျွန်ဟု အခေါ်ခံလိုက်ရ၍ ပြည်တော်ပြန်သွားသော ထိုသမိန်ဗရမ်း တစ္ဆေကိုက်၍ သေရခြင်းဇာတ်ကြောင်းတော့မပါ။
''ဟယ်၊ စိတ်ကြမ်းခက်ထန်တဲ့ သည်ကျွန့်သားကတော့ ကြာလျှင် မင်းရဲကျော်စွာနေရာကို ယူချေဦးတော့မယ်'' (စာ-၁၇၇) မှ အစပြုသည့် အောက်ပိုင်းတစ်ခုလုံးကို ဖတ်ရသည်မှာ တစ်မျိုးကြီးဖြစ်နေသည်။ မင်းရဲကျော်စွာ ဒလတောကြီးတန်း၌ ကျဆုံးအပြီးတွင် နှစ် ၄ဝ စစ်ပွဲသည် ပြီးဆုံးသလောက်ရှိသွားခဲ့သည်ဟု ကျွန်တော်ထင်ပါ သည်။
၎။ ။ဖက်ဒရယ်ကိုနားလည်ဖို့
လွတ်လပ်ရေးရအပြီး ၁ဝ နှစ်အကြာတွင် ဖက်ဒရယ်မူ ဆူညံလာခဲ့သည်။ ထို့နောက်ပိုင်းဖြစ်ခဲ့ပျက်ခဲ့သမျှ တွေနှင့် ချိန်ထိုးကြည့်လျှင် အလွန်စိတ်ဝင်စားစရာ ကောင်းသော အချက်တစ်ချက်ကို တွေ့မည်။ လွတ်လပ်ရေး ရပြီး ၁ဝ နှစ်အထိ ပြည်ထောင်စုအဖြစ် တည်ထောင်ပြီး ထိုနောက်ပိုင်းတွင် ဖက်ဒရယ်စနစ်ကို ကျင့်သုံးလိုက ဆွေးနွေးညှိနှိုင်းနိုင်သည်ဟု အဓိပ္ပာယ်ယူနိုင်သော ခွင့်ပြု ချက်ကို တောင်တန်းဒေသများက တကယ်စိတ်ဝင်စားခဲ့ ကြပါလျှင် ၁၉၅၈ ဇန်နဝါရီမှာပင် ခွဲထွက်ရေးစကား ပြောခဲ့ကြရမည်။ (အမှန်တော့Federal Stateမှာ မြင့်မိုရ်တောင်ကို ဝန်းရံသောကျွန်းကြီးလေးကျွန်း သဘော မျိုးသာဖြစ်ပြီး ခွဲထွက်ထူထောင်ခြင်းမှာ secession ဖြစ်သည်။) ၁၉၆ဝ ရွေးကောက်ပွဲတွင် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ ဆိုရှယ်လစ်အုပ်စု အရေးနိမ့်သွားသည်။ ၁၉၆၂ နှစ်ဦးပိုင်းတွင် ဖက်ဒရယ်ကိစ္စပေါ်လာသည်။ တိုင်းပြည်ကြီးပဲ အစိတ်စိတ်အမြွှာမြွှာကွဲတော့မလို ဝါဒဖြန့်မှုတွေလွင့်လာသည်။ ဤသည်ကိုဦးနုဦးဆောင်ပြီး ဖြေရှင်းရာ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ပြေလည်သွားသည်။ မတ်လ ၂ ရက်နေ့ညတွင် ပြည်ထောင်စု ညစာစားပွဲကြီး တစ်ခုကျင်းပရန်လျာထားလိုက်ကြသည်။ ဤမျှဆိုလျှင် ပုံပေါ်လောက်ပါပြီ။
ယခု (၂၁)ရာစုပင်လုံတွင်လည်း ဖက်ဒရယ်ဝါဒ ခေါင်းထောင်ထလာပြန်ပါသည်။ ထမည့်သာထရသည်၊ တချို့က ဖက်ဒရယ်ဝါဒနှင့် ဖက်ဒရယ်ကျင့်ထုံးများကို ကျေညက်ကြပုံမရ။
အတ္တကျော်သည် ဘာသာပြန်ကောင်းတစ်ယောက် ဖြစ်၏။
Forum of Federations rS George Anderson ၏ INTRODUCTION TO FEDERALISM ဖက်ဒရယ် ဝါဒမိတ်ဆက်(နန်းဒေဝီ၊ ၂ဝ၁၆ စက်တင်ဘာ)ဟုအမည်ပေး၍ ပြန်ဆိုထားပါသည်။ (၂၁)ရာစုပင်လုံ၏ ဒုတိယအကျော့ ဆွေးနွေးပွဲအတွက် အကျိုးများစေလိမ့် မည်ဟု ယူဆပါကြောင်း။ ။
Forum of Federations rS George Anderson ၏ INTRODUCTION TO FEDERALISM ဖက်ဒရယ် ဝါဒမိတ်ဆက်(နန်းဒေဝီ၊ ၂ဝ၁၆ စက်တင်ဘာ)ဟုအမည်ပေး၍ ပြန်ဆိုထားပါသည်။ (၂၁)ရာစုပင်လုံ၏ ဒုတိယအကျော့ ဆွေးနွေးပွဲအတွက် အကျိုးများစေလိမ့် မည်ဟု ယူဆပါကြောင်း။ ။
No comments:
Post a Comment