Sunday, October 2, 2016

စောင့်ကြည့်ရတော့မယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံးသော နိုင်ငံတကာ အမျိုးသမီးရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီး



သတင်းဆောင်းပါး
မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ- မင်းထက်

နိုင်ငံတစ်ဝန်း ရွက်ပုန်းသီးပမာ ပုန်းကွယ်၍ အသိနည်းနေသေးသော ရိုးရာလက်ဝှေ့ရဲ့ အမျိုးသမီးမျိုးဆက်သစ်များ
မကြာမီရိုးရာလက်ဝှေ့ချစ်ပြည်သူများရှေ့သို့ ပေါ်ထွက်ခွင့်ရတော့မည်ဖြစ်သည်။ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်အနေဖြင့်လည်း မျိုးဆက်သစ်အမျိုးသမီးငယ်လက်ဝှေ့မျိုးဆက်သစ်များကို စင်ပေါ်တင်ပေးဖို့ စီစဉ်နေပြီဖြစ်သည်။ စင်ပေါ် တင်ပေးနိုင်ရန်လည်း Promoter များနှင့်ပေါင်းစည်းကာ ကြိုးစားနေပြီ ဖြစ်သည်။ များမကြာမီ မျိုးဆက်သစ်ပွဲများနှင့် ပြည်တွင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲများတွင် အမျိုးသမီးရိုးရာလက်ဝှေ့လက်သစ်များကို ပြည်သူ့ရှေ့မှောက်အရောက် စတင်ချပြတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ သိရသည်။ အကြောင်းမှာ မြန်မာအမျိုးသမီးငယ်လက်ဝှေ့မျိုးဆက်သစ်များ နိုင်ငံတကာ
လက်ဝှေ့မယ်များနှင့် ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်နိုင်ရန် နိုင်ငံတကာအမျိုးသမီးရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ခမ်းခမ်းနားနားကျင်းပသွားရန် စီစဉ်နေခြင်းကြောင့်ပင် ဖြစ်သည်။

ယခုမြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပမည့် နိုင်ငံတကာအမျိုးသမီး ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ပွဲစီစဉ်သူအနေဖြင့် အမျိုးသမီးတစ်ဦးက စီစဉ်ကျင်းပမည် ဖြစ်သည်။ ယင်းပြိုင်ပွဲကြီးကို လာမည့် ၂ဝ၁၇ ခုနှစ်ထဲတွင် ရန်ကုန်မြို့၌ ခမ်းခမ်း နားနား ကျင်းပသွားရန် စီစဉ်လျက်ရှိသည်။ စီစဉ်သူမှာ အဖြူရောင်မာတာဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားချို့တဲ့သူများ မီးဖွားမှုကူညီစောင့်ရှောက်ရေးကို တည်ထောင် ထားသည့် တေးသံရှင် မလီလီနိုင်ကျော်ပင် ဖြစ်သည်။

အဆိုပါ နိုင်ငံတကာ ရိုးရာလက်ဝှေ့အမျိုးသမီးစိန်ခေါ်ပွဲကြီးကို စီစဉ်မည့် ဒေါ်လီ လီနိုင်ကျော်က''ပွဲစီစဉ်ဖြစ်ခဲ့မှုနဲ့ပတ်သက်ပြီးပြောရရင်တော့ ကျွန်မ တည်ထောင် ထားတဲ့ အဖြူရောင်မာတာကနိုင်ငံတစ်ဝန်းဆိုတော့ ဘတ်ဂျက်မှာ အခက်အခဲ ရှိပါတယ်။ ဒါကြောင့် အစတုန်းက လုပ်ချင်တဲ့ရည်ရွယ်ချက်တော့ ဒီမှာ အမျိုးသမီး လက်ဝှေ့ပွဲနဲ့အတူ ရှိုးပွဲကြီးတစ်ခုလုပ်မယ်ပေါ့။ ဒီလိုနဲ့ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကို ရောက်လာတော့ ဒီလိုပွဲကြီးလုပ်မယ်ဆိုရင် လိုင်စင်လုပ်ရမယ်။Deposit သွင်းရ မယ်ဆိုတာ သိခဲ့ရတယ်။ အဲဒါတွေအပြင် နိုင်ငံတကာပွဲကြီး လုပ်မယ်ဆိုရင် အမျိုး သမီးလက်ဝှေ့ကျော်တွေကိုလည်း အချိန်ယူရွေးချယ်မွေးထုတ်ရဦးမယ်ဆိုတာ သိလာတာပါ''ဟု ပြောသည်။
ရိုးရာလက်ဝှေ့အဖွဲ့ချုပ်အနေဖြင့်လည်း နိုင်ငံတစ်ဝန်းရှိ ရိုးရာလက်ဝှေ့ကလပ် ပေါင်း ၃၂ ခုသို့ မျိုးဆက်သစ်ရိုးရာလက်ဝှေ့ပွဲများနှင့် အခြားပြည်တွင်းရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများတွင် အမျိုးသမီးမျိုးဆက်သစ်လက်ဝှေ့ တွဲဆိုင်းများကို ထည့်သွင်း ကျင်းပသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း အကြောင်းကြားစာများ ပေးပို့သွားရန် စီစဉ်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် လတ်တလော အမျိုးသမီးရိုးရာလက်ဝှေ့ ကစားသမား စုစုပေါင်း ၁၅ ဦးဝန်းကျင် သာရှိပြီး မျိုးဆက်သစ်ပေါ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အမျိုးသမီးမျိုး ဆက်သစ်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးရှိ မြွေဟောက်မင်းရိုးရာလက်ဝှေ့ကလပ်တွင် အများဆုံး ဖြစ်ပြီး ရန်ကုန်၊ မကွေး၊ မန္တလေးနှင့် ကယားပြည်နယ်တို့လည်း အမျိုးသမီးရိုးရာ လက်ဝှေ့သမားများ အနည်းငယ်ရှိကြောင်း သိရသည်။

''အခုလို မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံတကာ အမျိုးသမီးရိုးရာလက်ဝှေ့စိန်ခေါ် ပွဲကြီး လုပ်မယ်ကြားတော့ ဝမ်းသာပါတယ်။ လုပ်သင့်တာ ကြာပါပြီ။ ဒါမှ အမျိုးသမီး မျိုးဆက်သစ်တွေလည်း ဒီထက်များများ ပေါ် လာမှာဖြစ်ပါတယ်။ ခုလည်း တော် တော်များများတော့ အရင်နဲ့စာရင် ပေါ်ထွက်နေပါပြီ။ ထိုးကြေးအနေနဲ့လည်း မိန်းကလေးတွေက အမျိုးသားတွေလောက်မရဘူး။ အခုလို နိုင်ငံတကာ ပွဲမျိုး လုပ်မယ်ဆိုရင် သူတို့ လေးတွေအတွက် မက်လုံးဖြစ်စေတာတော့ အမှန်ပါပဲ''ဟု တနင်္သာတိုင်းဒေသကြီး မြိတ်မြို့ရှိ မြွေဟောက်မင်း ကလပ်မှ နည်းပြချုပ် ဦးမြင့်ဝေ (ခ) ဦးရေမြွေက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး မြွေဟောက်မင်းရိုးရာလက်ဝှေ့ကလပ်တွင် လက်ရှိ လေ့ကျင့်နေသော အမျိုး သမီးလက်ဝှေ့ကျော်များမှာ ၄၂ ကီလိုတန်းတွင် ဖြူဖြူခိုင် (ခ) မည်းကလေး၊ ၅၁ ကီလိုတန်းတွင် မြွေဟောက်ဖြူ၊ ၅၇ ကီလိုတန်းတွင် ရွှေစင်မင်းနှင့် သိင်္ဂင်္ီအေး၊ ၆၃ ကီလိုတန်းတွင် ဝိုးဒဝါးနှင့် ၆၈ ကီလိုတန်းတွင် ချယ်ရီ မြင့်အောင်တို့ လေ့ကျင့်ကစားလျက်ရှိသည်။ မြွေဟောက်မင်းရိုးရာ
လက်ဝှေ့ကလပ် အနေဖြင့် ပြည်တွင်းအမျိုးသမီးပွဲများနှင့် နယ်စပ်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ထိုး သတ်နေခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာ ၁၆ ရက်တွင် တွံတေးပွဲနှင့် ဂျပန်နိုင်ငံ တွင် ကျင်းပမည့် အောက်တိုဘာ ၂၇ ရက်ပွဲတို့တွင်လည်း သွားရောက်ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ကျင်းပမည့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ၌ မြွေဟောက်မင်း ကလပ်မှ ရွှေစင်မင်းဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ လက်ဝှေ့ ကျော် မွန်မွန်ကိုနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

''ကျွန်တော်တို့ဆီက အမျိုးသမီးလက်ဝှေ့သမားတွေက ရိုးရာလက်ဝှေ့ကိုသာ သိပ် မထိုးဖြစ်တာ။ ကျန်တဲ့တိုက်ကွမ်ဒိုလိုဟာမျိုးတွေ ဝင်ထိုးဖြစ်တယ်။ လက်ရည်မညံ့ ဘူး။ မကျဘူး။ အားလုံးကိုယှဉ်လို့ရတယ်။ ဒါပေမယ့်Training ရှိဖို့တော့ လိုတယ်။ ပွဲလုပ်မယ်ဆိုရင် ဖိတ်ခေါ်မယ့်နိုင်ငံနဲ့ ကျွန်တော်တို့ ညှိရမယ်။ ဘယ်နှချီထိုးမှာလဲ၊ သုံးချီထိုးမလား၊ လေးချီထိုးမလား၊ ငါးချီထိုးမလား အဲဒီပေါ်မူတည်ပြီးတော့မTraining လုပ်ရမှာ။ ရိုးရာလက်ဝှေ့ကတော့ သူ့ပရိသတ်နဲ့ သူတော့ရှိတယ်။ ဒီ အတွက်လည်း ကလပ်တွေကို ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ အကြောင်းကြားမယ်။ ပြိုင်ပွဲရှိလာပြီး ထင်ပေါ် လာတာနဲ့ အမျိုးသားတွေလိုပဲ ထိုးကြေးက တက်လာမှာပဲ။ အဲဒီလိုဖြစ်ဖို့ မျိုးဆက်သစ်တန်းတွေမှာ တင်ပေးမယ်။ အမျိုးသား ပြည်တွင်းစိန် ခေါ်ပွဲတွေမှာ ထည့်ပေးမယ်။ လက်ရည်စစ်တဲ့ပွဲ လုပ်ပေးမယ်။ ထိုင်းတို့၊ ဗီယက်နမ် တို့ကလေးတွေက အဆင်သင့်ဖြစ်နေပြီ။ ဒါကြောင့် ကိုယ့်ဆီက အဆင်သင့်ဖြစ်နေဖို့ လိုတယ်။ အစတုန်းကတော့ အမျိုးသမီးလူရွေးချယ်ဖို့ စဉ်းစားတယ်။ ခုတော့ အဲဒါ ကိုမစဉ်းစားတော့ဘူး။ ပွဲကြီးတွေမှာ အမျိုးသမီးပွဲတွေ ထည့်သွားမယ်။ ပြီးတော့ သူတို့လက်ရည်တွေ စစ် သွားမယ်။ ကလပ်တွေကိုဆက်သွယ်ပြီးတော့ ကလပ်ပြိုင်ပွဲ လုပ်သွားမယ်။ လက်ရည် စစ်ပြီးတော့ ပြိုင်ပွဲကို စီစဉ်သွားမှာဖြစ်တယ်''ဟု မြန်မာ နိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။

ယခုအခါ အိမ်နီးချင်းအရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား နိုင်ငံတို့တွင် အမျိုးသမီးလက်ဝှေ့ကျော်များ မြောက်မြားစွာ ပေါ်ထွက်လျက်ရှိပြီး အိမ်နီးချင်း ဗီယက်နမ်နိုင်ငံအနေဖြင့် ဟောင်ကောင်နှင့် တရုတ် နိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်ထိုးသတ်မှုများရှိနေကြောင်းနှင့် မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်အနေဖြင့် ဖိတ်ခေါ်ပါက လာရောက်ယှဉ်ပြိုင်ထိုးသတ်မှုမရှိကြောင်း သိရသည်။ ကျန်နိုင်ငံများဖြစ်သည့် ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အမျိုး သမီးလက်ဝှေ့ကျော်များကို ဖိတ်ခေါ်ပါက လာရောက်ယှဉ်ပြိုင်ထိုးသတ် နိုင်ဖွယ်ရှိပြီး လက်ရည်လည်း မြန်မာအမျိုးသမီးများနှင့် ကွာခြားမှုမရှိကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံနှင့်မူ လက်ရည်မျှနိုင်ရန် မြန်မာနိုင်ငံအနေဖြင့် ကြိုးစားရဦးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်က ဆိုသည်။
''အမျိုးသမီးမွေးမြူရေးက အရင်ဆုံး ဖိုက်တာမွေးရမှာ။ မွေးတဲ့အခါမှာလည်း ဒီတိုင်းတော့ မွေးလို့မရဘူး။ အမျိုးသားမွေးသလိုလည်း မတူဘူး။ မွေးမြူရေးအနေနဲ့ ကလပ်တွေမှာ အရင်ဆုံးလုပ်ပေးရမယ်။ အဲဒီမှာ ကျွေးမွေးစရိတ်တွေ၊ လေ့ကျင့် စရိတ်တွေ ဘယ်သူတာဝန်ယူမလဲ။ အမျိုးသမီးမှာ ပွဲရဖို့ခက်တယ်။ အမျိုးသားပွဲတွေ ထဲ ထည့်တော့လည်း သိပ်မကြိုက်ကြဘူး။ အမျိုးသမီးပွဲသီးသန့်လုပ်ရင် ကောင်းပါ တယ်။ ကလပ်တွေမွေးရမယ်။ တတ်နိုင်သလောက် ထောက်ပံ့ရမယ်။ ရိုးရာလက်ဝှေ့ ဆိုတာလည်းပြောရရင် ကျွန်တော်တို့က စီးပွားရေးခွင်ဘက်ကကြည့်ရင်သာ စီးပွား ရေး၊ တကယ်ကျတော့ စီးပွားရေးလုပ်ငန်း ကြီးလည်း လုပ်လို့ရတယ်။ တကယ်ကမ္ဘာ့ အဆင့်ကို လုပ်လို့ရတာ။ ကျွန်တော်တို့ ရိုးရာကMMA နဲ့မတူဘူး။ K 1 နဲ့လည်း မတူဘူး။ သူတို့က စီးပွားရေးသက်သက်လုပ်တာ။ ရိုးရာကျတော့ ၁၁ ရာစုကတည်းက ရှိလာတာဆိုတော့ ပျောက်သွားလို့မရဘူး။ ကမ္ဘာမှာ ရိုးရာလက်ဝှေ့လို့ပြောလိုက်တာနဲ့ မြန်မာလို့ တန်းသိနိုင်အောင် ရှိတဲ့ပညာရပ် ပြိုင်ပွဲတစ်ရပ်ဖြစ်တယ်။ ယဉ်ကျေးမှု တန်ဖိုးလဲရှိတယ်။ မွေထိုင်းနဲ့ ကွာတာက အဲဒါပဲ။ မွေထိုင်းက လွှမ်းမိုးချင်တာလည်း အဲဒါပဲ။ မွေထိုင်းက ကျွန်တော်တို့ထက် နှစ်ပေါင်းတော်တော်များများ နောက်ကျ တယ်။ ပြောရရင်ကျွန်တော်တို့ဆီက ရောက်သွားတဲ့ပညာ၊ ဒါပေမယ့် သူတို့က မဟာ ဗျူဟာကျကျ လုပ်နိုင်တယ်။ အုပ်ချုပ်သူတွေ၊ ဘုရင့်သားသမီးတွေကအစ ဝိုင်းပါ တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကလဲ သူတို့ရဲ့အမျိုးသားရေးလက္ခဏာပဲ၊ ယဉ် ကျေးမှုပဲဆိုပြီးဖြစ်အောင် ဝိုင်းလုပ် တဲ့အခါမှာ သူတို့ကမြင့်သွားတာ။ ကျွန်တော် တို့က ခုချိန်မှာ ဝါးလုံးခေါင်းထဲလသာပြီး မနည်းတိုးနေရတယ်။ မပျောက်ပျက်အောင် ထိန်းသိမ်းရမယ့်ကိစ္စ၊ မထိန်းသိမ်းနိုင်လို့လည်း အားနည်းသွားတာ၊ အမျိုးသမီးတွေ ပျောက်ပျက်သွားတာလည်း အဲဒါပါတယ်။ တစ်ချိန်တုန်းက မြင့်မြင့်ကျော်တို့၊ ဒေါင်းမလေးတို့ပွဲဆိုရင် ရုံတောင်ပွင့်တဲ့အထိပဲ ပရိသတ်က အားပေးခဲ့ကြတာ''ဟု ရိုးရာလက်ဝှေ့ကလောင်ရှင် ဦးဇင်လင်းထွန်းက ပြောသည်။
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် (၁၆)ကြိမ်မြောက် မျိုးဆက်သစ်ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် အမျိုးသမီးတွဲဆိုင်းတစ်ဆိုင်းထည့်သွင်းခဲ့ပြီး ယင်းပွဲစဉ်တွင် လာမည့်အောက်တိုဘာ ၂၇ ရက်တွင် ဂျပန်နိုင်ငံသို့ သွားရောက် ယှဉ်ပြိုင်ထိုးသတ်မည့် ရွှေစင်မင်းနှင့် ထက်ထက်မင်း(ခ) နန်းခင်စိုးတို့ ယှဉ်ပြိုင်ထိုး သတ်ခဲ့ရာ ရွှေစင်မင်းက ပထမအချီမှာပင် အလဲထိုးဖြင့်နိုင်ခဲ့သည်။ အဆိုပါပွဲကို ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံရိုးရာလက်ဝှေ့ပွဲ စီစဉ်သူ မစ်ဆူဘီလည်း လာရောက်ကြည့်ရှု အားပေးခဲ့သည်။
''ကျွန်မ ထိုင်းမှာ မြန်မာနိုင်ငံက စနေမထိုးတာ ကြည့်ဖြစ်ခဲ့တယ်။ အဲဒါကြောင့် ဒီအိုင်ဒီယာ ပေါ်လာတာဖြစ်တယ်။ အမှန်တိုင်းပြောရင် မြန်မာနိုင်ငံမှာ အဲဒီလို အမျိုးသမီးလက်ဝှေ့သမားတွေ များများစားစားရှိပြီး အဆင့်သင့်ရှိမယ်လို့ထင် ခဲ့တာ။ အခုလိုအဖွဲ့ချုပ်နဲ့ ဆက်သွယ်စုံစမ်းလိုက်တော့ ပျောက်ကွယ်လုနီးပါးရှိတော့ အချိန်နည်းနည်းယူရမယ်သိတာ။ ပြောရရင် အစပိုင်းကတော့ ပိုက်ဆံလိုချင်တာ၊ ပိုက်ဆံ ရှာချင်တာပဲ သိတယ်။

တိမ်မြုပ်ပျောက်ကွယ်တာတို့၊ မြန်မာရိုးရာလက်ဝှေ့တို့ မသိ ဘူး။ ဒါပေမယ့် ဆွေးနွေးရင်းနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ ချစ်စရာကောင်းတဲ့ အမူ အကျင့်တွေ၊ တိမ်မြုပ်ပျောက်ကွယ်သွားတော့မယ်ဆိုတဲ့အခြေအနေမျိုးတွေ၊ အမျိုး သမီးတွေမရှိသလောက်ကို ဖြစ်နေတယ်ဆိုတဲ့အခြေအနေမှာဆိုတော့ စိတ်ပါလာ တယ်။ အမှန်တိုင်းပြောရရင် ဒီလိုပွဲမျိုးတွေမကြည့်ရဲဘူး။ စီးပွားရေးလုပ်ချင်တာပါ။ အခုကျတော့ ဒီရိုးရာလက်ဝှေ့ကို စိတ်ဝင်စားလာတဲ့အတွက် ရာခိုင်နှုန်း ၅ဝ စီ ဖြစ် လာတယ်''ဟု နိုင်ငံတကာ အမျိုးသမီးရိုးရာလက်ဝှေ့ပွဲ စီစဉ်မည့် ဒေါ်လီလီနိုင်ကျော် က ပြောသည်။ ။

No comments:

Post a Comment