Saturday, October 29, 2016

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလ) ဘုန်းကြီးလမ်းမှ ဖြတ်သန်းဖောက်လုပ်မှု လမ်းသူ လမ်းသားများက စုပေါင်းကန့်ကွက်သွားမည်ဟုဆို



The Mirror Daily's photo.
ရန်ကုန် အောက်တိုဘာ ၂၈
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်မြို့နှင့် ဒလမြို့ကို ဆက်သွယ်ပေးမည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) တည်ဆောက်ရာတွင် ဘုန်းကြီးလမ်းမှ ဖြတ်သန်းဖောက်လုပ်မည့်အပေါ် လမ်းသူ လမ်းသားများက ကျေနပ်မှုမရှိသောကြောင့် စုပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနေ လမ်းသူ လမ်းသားများထံမှ သိရသည်။
''ပြည်သူဆိုတော့ နိုင်ငံတော်ကချမှတ်တဲ့ စီမံကိန်းတွေကို တားဖို့အင်အားမရှိဘူး။ အဲဒီတော့ တားနိုင်တဲ့သူ တွေကနေတစ်ဆင့် အကူအညီတောင်းမှာပါ။အသနားခံစာဆိုလည်းမမှားပါဘူး။ ဘုန်းကြီးလမ်းကလွဲလို့ တခြားသင့်တော်မယ့်နေရာ၊ လူနေကျဲတဲ့နေရာကိုရွေးပြီး ဆောင်ရွက်ပေးဖို့ လမ်းသူလမ်းသားတွေစုပြီး တင်ပြသွားမှာပါ'' ဟု လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနေ ဦးအေးမင်းက ပြောသည်။
လမ်းမတော်မြို့နယ်ဘုန်းကြီးလမ်းအတွင်းရှိ လမ်းသူလမ်းသားများ အနေဖြင့် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အခြားသော သက်ဆိုင်ရာ ဌာနအသီးသီးသို့ကန့်ကွက်ကြောင်း စုပေါင်းလက်မှတ်ရေးထိုးထားသည့် စာများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမှ ဦးအေးမင်းက ''၂၃ ရက်က လမ်းမတော်မြို့နယ် မြမာလာခန်းမမှာလုပ်တဲ့ တွေ့ဆုံပွဲကျမှ ဘုန်းကြီးလမ်းပေါ် က လုံးဝဖြတ်ပြီး ဆင်းသွားမယ်ဆိုတာသိတာ။ ပထမတစ်ကြိမ် ဒလဘက်ကမ်း မှာ ဇူလိုင် ၅ ရက်က လုပ်တာ မသိခဲ့ဘူး။ ကျွန်တော်တို့ကို အကြောင်းကြားတာလည်းမရှိခဲ့ဘူး။၂၃ ရက်နေ့ပွဲမှာတော့ ဘုန်းကြီးလမ်းကလူတွေ တက်ကြတယ်။ (၁၂) လမ်း၊ (၁၃) လမ်းနဲ့လမ်းမတော်မြို့နယ်ကလူတွေလည်း လာကြတယ်။ လာတဲ့သူတွေက ကိုယ့်ရဲ့ဆန္ဒအတိုင်းဝိုင်းပြီး ဆန္ဒပြုခဲ့ကြတာပါ'' ဟု ပြောသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားစီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် တံတားအူကြောင်းနေရာရွေးချယ်မှုနှင့် ပတ်သက်၍ လျာထားအူကြောင်း (၁) ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းထိပ်၊ လျာထားအူကြောင်း(၂) ရန်ကုန်ဘက်ကမ်း ဝါးတန်းလမ်းထိပ်နှင့် လျာထားအူကြောင်း (၃) ရန်ကုန်ဘက်ကမ်း လမ်းမတော်လမ်းထိပ် စသဖြင့် လျာထားတံတား အူကြောင်းနေရာ သုံးနေရာ ရွေးချယ်ခဲ့ပြီး လက်ရှိအဆောက်အအုံများအား ထိခိုက်မှုအနည်းဆုံးဖြစ်သော ရန်ကုန်ဘက်ကမ်း ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်မည့် လမ်းအူကြောင်း(၁)ကို ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့နှင့် ဒလမြို့ ပတ်ဝန်းကျင်တွင် စီမံကိန်းကြောင့် ကြီးမားသော ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုများမရှိနိုင်အောင်၊ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လိုအပ်သော အစီအမံများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒလတံတားစီမံကိန်းနှင့် ပတ်သက်သော ESIA လေ့လာထားမှု အခြေအနေနှင့် ပတ်သက်သည့် ရှင်းလင်းချက်တွင် ဖော်ပြထားသည်။
'' ဒလဘက်ကို ဖွံ့ဖြိုးတိုးတက်တာ မလိုလားလို့မဟုတ်ပါဘူး။ သူတို့ကိုလည်း တိုးတက်စေချင်ပါတယ်။ ဒီဘက်ကိုလည်း မဆုတ်ယုတ်အောင်ဆောင်ရွက် ပေးဖို့ ESIA ကတာဝန်ရှိပါတယ်။ သူတို့အစီရင်ခံစာမှာက အဆောက်အအုံတွေထိခိုက်မှုမရှိဘူးလို့ ရေးထားတာတွေ့ရတယ်။ အဓိက ကန့်ကွက်တာက ESIA ရဲ့ သုံးသပ်ချက်ကိုဖတ်ကြည့်လိုက်တဲ့အခါကျတော့ တော်တော်လေးလွဲနေတာကို တွေ့ရတယ်။ နောက်တစ်ခုက သာသနိက အဆောက်အအုံတွေရှိတဲ့အတွက် ရဟန်းတွေက ဆောက်လုပ်ရေး လုပ်ငန်းခွင်က ထွက်လာမယ့် အသံတုန်ခါမှုတွေ၊ ဆူညံမှုတွေ ဖုန်မှုန့်တွေ၊ အမှိုက်သရိုက်တွေကို ခံစားရမယ်။ နောက်ပြီးဒီလမ်းမှာရှိတဲ့ အိမ်တွေက နှစ် ၆ဝ/၇ဝ လောက်ရှိတဲ့ ကိုယ်ပိုင်တိုက်အိမ်တွေပါ။ မိဘလက်ထက်က အိမ်တွေပေါ့။ ဒီအဆောက်အအုံတွေ အက်ကွဲတာ၊ ပြိုတာတွေလည်းဖြစ်လာနိုင်တယ်။ တကယ်လို့ ပျက်စီးမှုတွေဖြစ်လာရင် ဘယ်သူကကုစားပေးမှာလဲ၊ ဒါကိုလည်း လမ်းသူလမ်းသားတွေက စိုးရိမ်နေကြတာ'' ဟု ဦးအေးမင်းက ပြောသည်။
ထို့ပြင် ဒလတံတားစီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုဖြစ်နိုင်ခြင်း၊ လူမှုစီးပွားထိခိုက်နိုင်ခြင်း၊ ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်လာနိုင်ခြင်းတို့ကြောင့် ဘုန်းကြီးလမ်းမှ ဖြတ်သန်းမဆောက်လုပ်သင့်ကြောင်း အကြံပြု ကန့်ကွက်စာကို နိုင်ငံတော် သမ္မတထံလိပ်မူကာ စက်တင်ဘာလအတွင်းက ပေးပို့ခဲ့ကြောင်း လမ်းမတော် မြို့နယ်နေ ဦးတင်ထွန်းအောင်က ပြောသည်။
'' မင်းရဲကျော်စွာနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ တံတားကဆင်းမယ်၊ အဲဒီမှာ သရက်တောကျောင်းတိုက်ရှိမယ်၊ ခုတင် (၅ဝဝ)ဆံ့ဆေးရုံရှိမယ်၊ ဘုန်းကြီးလမ်းထောင့်က မြေကွက်လပ်ကြီးက ခုတင် (၁၅ဝဝ)ဆံ့ဆေးရုံဆောက်တော့မှာ။ သူနာပြုတက္ကသိုလ်ရှိတယ်၊ ဘစ်ရှော့ဟုမ်းရှိတယ်၊ရုရှားသံရုံး၊ အင်ဒိုနီးရှားသံရုံး၊ အမျိုးသားပြတိုက် အဲလောက်ယာဉ်ကြောကျပ်တည်းတဲ့ နေရာ၊ ရှုပ်ထွေးတဲ့ နေရာဖြစ်တဲ့ ဘုန်းကြီးလမ်းကနေ ဖောက်မယ့်အစား လူနေကျဲတဲ့ရပ်ကွက်၊ အိမ်ခြေနည်းတဲ့ ရပ်ကွက်၊ ယာဉ်ကြောမပိတ်တဲ့နေရာကို တံတားထိုးဖို့ စဉ်းစား ပေးစေချင်တယ်'' ဟု ဦးတင်ထွန်းအောင်က ပြောသည်။
''ယာဉ်ကြောပိတ်ဆို့တာရော နောက်ပြီး ဘုန်းကြီးလမ်း၊ လမ်းသူ လမ်းသားတွေသောက်နေတဲ့ ရေပိုက်က လမ်းအောက်မှာရှိနေတာရောကြောင့် အကယ်လို့ တံတားဆောက်ဖို့ မြေတူးရင် အဲဒီရေပိုက်ကိုထိမိရင်ရေအတွက် အခက် အခဲဖြစ်မှာလည်း စိုးရိမ်ရတယ်။ ဒါကြောင့် ကန့်ကွက်တာပါ'' ဟု လမ်းမတော် မြို့နယ် ဘုန်းကြီးလမ်းနေ ဒေါ်ဌေးဌေးက ပြောသည်။
တံတားစီမံကိန်း တည်ဆောက်စဉ်ကာလအတွင်း ယာဉ်ကြော ကျပ်တည်းမှု လျှော့ချနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များပါဝင်ပြီး ပြည်ပနိုင်ငံများကဲ့သို့ ယခုတည်ဆောက်မည့် ဒလတံတားတွင် အသံဆူညံမှု လျှော့ချနိုင်ရေးအတွက် အသံထိန်းနံရံများ တပ်ဆင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။
ဒလမြို့မှ ရန်ကုန်မြို့သို့ ရေလမ်းခရီးဖြင့် နေ့စဉ်ကူးလူးသွားလာရာတွင် ဒလ-ပန်းဆိုးတန်း ဆိပ်ကမ်းတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ချယ်ရီ ၁/၂/၃ အမည်ရှိ သင်္ဘောများဖြင့် နေ့စဉ်အလှည့်ကျအချိန်မှန် သင်္ဘောနှစ်စင်းဖြင့် ပြေးဆွဲပေးလျက်ရှိသော်လည်း ဒလမြို့သူ မြို့သားများမှာ အချိန်ကုန် သက်သာပြီး မြန်ဆန်သည့် သမ္ဗန်ကိုသာ အဓိကထား စီးနင်းကြကြောင်း၊ ရုံးဝန်ထမ်းများနှင့် အချိန်ပေးနိုင်သောသူများကသာ သင်္ဘောစီးနင်းကြကြောင်း၊ ဒလမြို့တွင် သမ္ဗန်ဆိပ် ၁၁ ဆိပ် ရှိကြောင်းနှင့် ကမာကဆစ်၊ ကမာသွယ်၊ တံလျှပ်၊ ကမာအောင်၊ စက်မြေရပ်ကွက်တို့မှ သမ္ဗန်များကို အဓိကအသုံးပြုကြောင်း၊ သမ္ဗန်များကိုလည်း ခရီးသည်များ အန္တရာယ်ကင်းစေရေးအတွက် စည်းကမ်းတကျလိုက်နာပြီး ၂၄ နာရီ ပြေးဆွဲပေးနေကြောင်း သမ္ဗန်ဆိပ် အတွင်းရေးမှူး ဦးရဲမြင့်ထံမှ သိရသည်။
'' အရေးပေါ်ကိစ္စမဟုတ်တဲ့ သာမန်သွားနေကျ ကိစ္စမျိုးမှာတောင် ကျွန်တော်တို့က အသက်နဲ့ရင်းပြီး ရေလမ်းခရီးကသွားနေရတာ။ အရင်ကဆို အခုလို သက်ကယ်ပစ္စည်းတွေ၊ ထောက်ကူပစ္စည်းတွေတောင်မရှိဘူး။ စက်တပ် လှေလည်းမဟုတ်ဘူး။ လက်ခတ်လှေနဲ့သွားရတာ။ အလွန်ဒုက္ခများတယ်။အခုလည်း လှိုင်းတွေ၊ လေတွေရှိရင်လည်း သွားနေရတာပါပဲ။ ကျန်းမာရေး ကိစ္စကအစ၊ အရေးပေါ်အချိန်ကြုံလာပြီဆိုရင် အချိန်မီဆေးရုံရောက်ဖို့လိုတယ်။ မြစ်ကိုကူးတဲ့အခါ ကြန့်ကြာနေတယ်။ မဆုံးရှုံးသင့်ပဲဆုံးရှုံးသွားတာတွေရှိတယ်။ ဒါကြောင့် ဒီဒေသကပြည်သူတွေအတွက် ဒီတံတားကြီးတစ်စင်းက အလွန်ကို အဖိုးတန်ပါတယ်။ မြို့ပြဖွံ့ဖြိုးရေးအတွက်ရော၊ နောင်လာမယ့် အနာဂတ်အတွက်ရော ဒလကအများကြီး အထောက်အပံ့ပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်'' ဟု ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောသည်။
အောက်တိုဘာ ၂၃ ရက်က လမ်းမတော် အလက(၁) မြမာလာခန်းမ၌ ပြုလုပ်သည့် တံတားတည်ဆောက်ရေးစီမံကိန်းဆိုင်ရာ ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်ရန်အတွက် အများပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတားဦးစီးဌာန မြို့ပြဆောက်လုပ်ရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယာဉ်ကြောကျပ်တည်းမှုကိုလည်းအတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယခုထောက်ပြ ပြောဆိုမှုများကိုလည်း ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် အင်ကြင်းလမ်းမှ အရောင်းအဝယ်လုပ်သူ ဦးဝင်းရွှေက '' ရန်ကုန်ဘက်ခြမ်းမှာလုပ်တဲ့ဆွေးနွေးပွဲတုန်းက ရန်ကုန်ဘက်က ကန့်ကွက်တယ်။ ဒလဘက်ကတော့ ကန့်ကွက်မယ့်သူမရှိဘူးလေ။ ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့ အတွက်ပဲ ။ကျွန်တော်တို့မြို့ခံတွေအနေနဲ့က အများပြည်သူအကျိုးအတွက် တံတားဆောက်ဖို့ အိမ် ၆၈ လုံးဖျက်ပေးခဲ့ပြီးပြီ။ ထိုက်တန်တဲ့လျော်ကြေးလည်းရကြပါတယ်။ ဒီတံတားက ဒလမြို့နယ် တစ်ခုတည်းအတွက် မဟုတ်ဘူး။ ရန်ကုန်တောင်ပိုင်းခရိုင် အကုန်လုံး ဒလအပါအဝင်၊ ကော့မှူး၊ တွံတေး၊ ဒေးဒရဲ ဖျာပုံ၊ ဘိုကလေးစသဖြင့် ဧရာဝတီဘက်ပါမကျန် တိုးတက်သွားမှာပါ ' 'ဟု ပြောသည်။
ဒလမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ မဇင်မာက''ကျွန်မတို့ကတော့ တံတားကြီးကို အမြန်ပြီးစေချင်တယ်။ ရန်ကုန်နဲ့နီးတဲ့ ဒလ ဒီဘက်ခြမ်းမှာက ရေလမ်းကပဲအဓိကဆိုတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး။ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးရှုထောင့်တွေက ကြည့်မယ်ဆိုရင် အစစအရာရာ နိမ့်ကျနေတဲ့အတွက် ဒီစီမံကိန်းပျက်သွားမှာတော့မလိုလားဘူး၊ အကောင်းဆုံးစဉ်းစားပြီး ဆောင်ရွက်ပေးစေချင်ပါတယ်'' ဟု ပြောသည်။
၂ဝ၁၇ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်နိုင်ရန် ခန့်မှန်းထားသည့် လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်ဖောက်လုပ်မည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားကို ၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်ရန် လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။
(သီသီမင်း/ဓာတ်ပုံ-ခင်မောင်ဝင်း)

No comments:

Post a Comment