ရန်ကုန် အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်လိုင်းများတွင် စည်းကမ်းပျက် မောင်းနှင်နေသောယာဉ်များ၊ ရန်လိုပြု မူသော ယာဉ်လုပ်သားများရှိလာပြီး စည်းကမ်းပျက်ရမ်းကားသော ယာဉ်လိုင်းများအား လက်ရှိတွင် မထသ(ဗဟို)၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အရေးယူဆောင်ရွက်နေပြီး ရေးဆွဲလျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ဥပဒေပြဋ္ဌာန်းပြီးပါက ဥပဒေအရ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။
ယနေ့ ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးညီညီ၏ စည်းကမ်းမဲ့ရမ်းကားနေသော ဘီအမ်လိုင်းကားများကိစ္စ ထိထိရောက်ရောက် အရေးယူရန် ရှိ၊ မရှိ မေးမြန်းမှုအပေါ် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ထိရောက်စွာအရေးယူပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် လိုင်းကားအချို့သည် စည်းကမ်းပျက် ရမ်းကားစွာ မောင်းနှင်နေသည့်အပြင် ရန်လိုပြုမူမှုများ လုပ်ဆောင်လာသည့်အတွက် ဘတ်စ်ကားစီးခရီးသည်များသာမက ပတ်ဝန်းကျင် သွားလာနေသူများပါ ကြောက်ရွံ့ထိတ်လန့်ကာ စိတ်အနှောင့်အယှက် ကြုံတွေ့နေရပြီး ယင်းသို့ ဖြစ်ပေါ်နေမှုများအပေါ် ထိရောက်စွာ အရေးယူခြင်း ရှိ/ မရှိ တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်က မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။
''လက်ရှိမှာ ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေကို မထသ ကပဲ ကြီးကြပ်ဆောင်ရွက်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ဥပဒေပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက် နေပါတယ်။ ရေးဆွဲနေပြီး တိုင်းဒေသကြီးလွှတ်တော်မှာ ပြဋ္ဌာန်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။ဘတ်စ်ကား စီမံခန့်ခွဲမှု တွေကို မထသ ဆီကနေ အာဏာပိုင်အဖွဲ့ လွှဲပြောင်း မယူသေးပါဘူး။ ဥပဒေ မပြီးသေးတဲ့အတွက် ဥပဒေရှိမှ ထိရောက်စွာ ကိုင်တွယ်အရေးယူလို့ရမှာပါ။ အနာဂတ်မှာ လုပ်ရမှာတွေအတွက် ပြင်ဆင်နေပါတယ်။ လက်ရှိ အသွင်ကူးပြောင်းရေးကာလမှာ တွေ့ကြုံနေရတဲ့ ပြဿနာတွေပါ။ လက်ရှိ ယာဉ်လိုင်းတွေနဲ့ ပတ်သက်လို့ မထသ က အရေးယူဆောင်ရွက်မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အများပိုင်ယာဉ်လိုင်းတွေ၊ ယာဉ်လိုင်းအဖွဲ့အစည်းတွေကို အာဏာပိုင်အဖွဲ့က ထိန်းချုပ်ဆောင်ရွက်သွားမှာပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ် ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်မှတ်တိုင်အနီး၌ ဘီအမ်ယာဉ်မှ မင်းမဲ့စရိုက်ဆန်စွာ ရမ်းကားကျူးလွန်ခဲ့သည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့ပြီး ယင်းအပေါ် အများပြည်သူများကလည်း ဥပဒေစိုးမိုးမှုနှင့် ပတ်သက်၍ ဝေဖန်လျက်ရှိသည်။ ယာဉ်လိုင်းများကို ကြပ်မတ်ဆောင်ရွက်နေမှုများကိုလည်း ဝေဖန်နေကြပြီး မင်းမဲ့စရိုက်ဆန်စွာ တုတ်များ၊ သံတုတ်များ ဆောင်ထား ကာ ရိုက်နှက်ရမ်းကားမှုများအပေါ် ထိရောက်စွာ အရေးယူထိန်းသိမ်းသင့်ကြောင်း ဝေဖန်မှုများရှိနေပြီး လက်ရှိတိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အနေဖြင့် ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးစနစ် ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ဘီအမ်ယာဉ်များ၊ ဒိုင်နာယာဉ်များအပါအဝင် နှစ် ၂ဝ ကျော် သက်တမ်းရှိ ကားဟောင်းများ လဲလှယ်မှုအစီအစဉ် ဆောင်ရွက်ခြင်း၊ အများပိုင်ယာဉ်လိုင်း ကုမ္ပဏီများ ဖွဲ့စည်းထူထောင်ခြင်း၊ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပြောင်းလဲကျင့်သုံးစေခြင်း၊ ရေလမ်းခရီး အသုံးပြုသယ်ယူပို့ဆောင်ရေးစနစ် အကောင်အထည် ဖော်ခြင်းစသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး ဆိုင်ရာလုပ်ငန်းများကို အဆင့်ဆင့်ပြောင်းလဲဆောင်ရွက် သွားမည်ဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပြီးပါက မထသ မှ ဆောင်ရွက်နေမှုအစား သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့မှ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(ဆုနှင်းလဲ့)
No comments:
Post a Comment