မုံရွာ အောက်တိုဘာ ၂၈
ယင်းမာပင်ခရိုင် ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာအနီး တိမ်းမှောက်နစ်မြုပ်သည့် အောင်စိုးမိုး ကျော်-၂ ခရီးသည်တင် အမြန်ရေယာဉ်ကိုမောင်းနှင်သည့် ကိုဇော်မျိုးဝင်းသည် တိမ်းမှောက်အပြီး ၁၃ ရက် မြောက်နေ့ အောက်တိုဘာ ၂၈ ရက် နံနက် ၁ဝ နာရီ ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက်အဖမ်းခံခဲ့ကြောင်း အဆိုပါရုံးမှ သိရသည်။
''ရေယာဉ်မောင်းဆလင်က မနက် ၁ဝ နာရီ ကျော်မှာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးကို လာရောက်အဖမ်းခံတဲ့အတွက် သက်ဆိုင်ရာ ကနီမြို့နယ် ရဲစခန်းကို မနက် ၁၁ နာရီလောက်မှာ ရဲတပ်ဖွဲ့တွေက သွားရောက်ပို့ဆောင်ခဲ့ပါတယ်''ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
အမြန်ရေယာဉ်တိမ်းမှောက်သည့် အောက်တိုဘာ ၁၅ ရက်က အောင်စိုးမိုးကျော်-၂ အမြန်ရေယာဉ်မှ ဝန်ထမ်းလေးဦးတို့အား ကနီမြို့ မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး ယခု ၁၃ ရက်အကြာတွင် လာရောက်အဖမ်းခံသူ ရေယာဉ်မောင်း ကိုဇော်မျိုးဝင်းကို စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ ကနီမြို့နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လူပေါင်း ၇ဝ ကျော် သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့သော အောင်စိုးမိုးကျော်-၂ ခရီးသည်တင် အမြန်ရေယာဉ်သည် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ရညန)တွင် တရားဝင်မှတ်ပုံတင်ထားသည့်အမည်မှာ ရွှေသီဟဖြစ်ပြီး သက်ဆိုင်ရာဌာနသို့ အကြောင်းကြားခြင်းမရှိဘဲ အောင်စိုးမိုးကျော်-၂ ဟု တရားမဝင်အမည်ပြောင်းကာ ပြေးဆွဲပြီး သတ်မှတ်ခရီး သည် ၃၆ ဦး ထက် ပိုမိုတင်ဆောင်ခဲ့သောကြောင့် တိမ်းမှောက်မှုဖြစ်ပွားရာတွင် အသက်များစွာ ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရ၏ ရေယာဉ် မှောက်ဖြစ် စဉ်မှတ်တမ်းမှ သိရသည်။
ထို့ပြင်အမြန်ရေယာဉ်၏လုပ်ငန်းလိုင်စင်သက်တမ်းမှာလည်း၂ဝ၁၆ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ကြောင်း အမြန်ရေယာဉ်နစ် မြုပ်မှုကြောင့်လက်ရှိအချိန်အထိခရီးသည် ၁၅၉ ဦးအား ဆယ်ယူကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ရုပ်အလောင်း ၇၃ လောင်းကိုတွေ့ရှိ ထားကာ ပျောက်ဆုံးနေသူ ခုနစ်ဦး ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ရေယာဉ်တိမ်းမှောက်နစ်မြုပ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ကနီမြို့ မြို့မရဲစခန်းက(ပ) ၁၅၄/၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈ဝ/၃ဝ၄က အရအမှုဖွင့်ပြီး ရဲအုပ်မျိုးကျော်က တရားလိုအဖြစ် တိုင်တန်းအမှုဖွင့်ထားကြောင်း သိရသည်။
မျိုးဝင်းထွန်း (မုံရွာ)
No comments:
Post a Comment