Saturday, October 29, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်း လေ့လာ


 
နေပြည်တော်   အောက်တိုဘာ   ၂၈

ဗီယက်နမ်နိုင်ငံ၌     ရောက်ရှိနေသော  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည်     ယနေ့နံနက်ပိုင်း က  ဟနွိုင်းမြို့ရှိ  ဗီယက်နမ်အမျိုးသား ခေါင်းဆောင်      ဟိုချီမင်းနေအိမ်သို့ ရောက်ရှိပြီး နေအိမ်နှင့် ဟိုချီမင်း အသုံးပြု ခဲ့သည့်   စာကြည့်ခန်း၊  အိပ်ခန်း၊  အသုံး အဆောင်များကို    ကြည့်ရှုလေ့လာကြ ကာ       ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ဟိုချီမင်းနေအိမ်ကို ၁၉၅၈ ခုနှစ်က ဗီယက်နမ်တပ်မတော်အင်ဂျင်နီယာများ က ပုံစံရေးဆွဲတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဟိုချီမင်းအနေဖြင့်    အဆိုပါနေအိမ်၌ စာပေလေ့လာမှုနှင့် နိုင်ငံရေးဆွေးနွေးပွဲ များ ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ထို့နောက်   နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည်   One Pillar Pagoda   သို့ ရောက်ရှိပြီး လှည့်လည်ကြည်ညိုကြသည်။
One Pillar Pagoda  သည် ကျောက်သားတိုင်ပေါ်၌    တည်ဆောက် ထားခြင်းဖြစ်ပြီး  ၁ဝ၂၈ မှ ၁ဝ၅၄ ခုနှစ် အထိ   အုပ်ချုပ်ခဲ့သည့်  ဘုရင်လီထိုင်တုံး က တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၄    ခုနှစ်က    ဖျက်ဆီးခံခဲ့ရသဖြင့် ပြန်လည်ပြုပြင်ခဲ့ရာ  ၁၉၆ဝ ပြည့်နှစ်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။ 
ယင်းနောက်   နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မြန်မာသံရုံးသို့ ရောက်ရှိပြီး သံရုံးမိသားစုများအား      ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး တို့သည်       ဗီယက်နမ်ရှေးဟောင်း တက္ကသိုလ်သို့ရောက်ရှိပြီး    တက္ကသိုလ် အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြ သည်။
ယင်းနောက်   နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည်    ၁၉၆၅   ခုနှစ်က  တည် ဆောက်ခဲ့သည့်     ဗီယက်နမ်စစ်သမိုင်း ပြတိုက်သို့  ရောက်ရှိပြီး ပြတိုက်အတွင်း ဗီယက်နမ်လူမျိုးများ       လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည့်      သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံများ၊ စစ်ပွဲအတွင်း အသုံးပြုခဲ့သည့် လက်နက်မျိုးစုံကို      လေ့လာကြည့်ရှု ကြပြီး     ဗီယက်နမ်-ပြင်သစ်   သမိုင်းဝင်   ဒိန်ဖန်ဖူးတိုက်ပွဲ      ဗီဒီယိုမှတ်တမ်းကို  ကြည့်ရှုကြသည်။
ထို့နောက်     နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဟနွိုင်းမြို့မှ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင်     မြန်မာအမျိုးသား လေကြောင်း      အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ ညနေ   ၅  နာရီခွဲ တွင် နေပြည်တော်သို့ ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင် သည့်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်       ဦးဟင်နရီဗန်ထီးယူ၊      ဒုတိယ တပ်မတော်    ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်း၊   နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊   နေပြည်တော်  တိုင်းစစ် ဌာနချုပ်   တိုင်းမှူး၊   မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး       ယာယီတာဝန်ခံနှင့် တာဝန်ရှိသူများက        နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌       ကြိုဆို နှုတ်ဆက်ကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment