Saturday, October 29, 2016

ပြည်သူ့အကျိုးဖော်ဆောင်ပေးရမည့် နိုင်ငံတော်ပိုင်မြေယာများ



Image may contain: text
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံတော်ကပိုင်ဆိုင်သော မြေဧက လေးသန်း ရှစ်သိန်းကျော်ကို လူဦးရေ ၆ဝဝဝ ကသာ လုပ်ပိုင်ခွင့်ရရှိထားသည်ဟု ပြောကြားခဲ့သည်ကို တွေ့ရှိရသည်။ အောက်တိုဘာ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များ တွေ့ဆုံသည့် အခမ်းအနား၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မည်မျှသောမြေဧက ကို ပိုင်ဆိုင်သည်ဖြစ်စေ တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန်အတွက် စီးပွားဖြစ်အသုံးချရန်လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ထောက်ပြခဲ့သည့်အချက်မှာ စီးပွားရေးလုပ်ငန်းရှင်တိုင်း အလေးအနက်ထားသုံးသပ်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် ရမည့်ကိစ္စဖြစ်သည်ဟု ခံယူပါသည်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ မောင်းနှင်ရေးအင်ဂျင်သည် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြကြသည်။ သို့ဖြစ် ပါ၍ အဆိုပါမြေဧက လေးသန်းရှစ်သိန်းကျော်ကို ပိုင်ဆိုင်ထားသော စီးပွားရေးလုပ်ငန်းရှင်ကြီးများအနေဖြင့် မည်ကဲ့သို့သော စိုက်ပျိုးရေးလုပ်ငန်းမျိုးလုပ်ကိုင်မည်ကို နိုင်ငံတော်အစိုးရထံတင်ပြသင့်သည်။ နိုင်ငံတော်အစိုးရကလည်း ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးမည်သာဖြစ်သည်။
နို့စားနွားမွေးမြူခြင်းကဲ့သို့သော အကြီးစားမွေးမြူရေးလုပ်ငန်းများသည်လည်း စီးပွားရေးလုပ်ငန်းရှင်များ ထည့်သွင်းစဉ်းစားသင့် သောလုပ်ငန်းများဟု ယူဆပါသည်။ မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍသည်လည်း အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် များစွာနိမ့်ကျနေ ဆဲဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အစိုးရချင်း ဆက်ဆံရေးကိုအခြေခံ၍ဖြစ်စေ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကိုရယူ၍ဖြစ်စေ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီနိုင်မည်ဖြစ်ပါသည်။ တစ်ခုတည်းသော လိုအပ်ချက်မှာ လုပ်ဆောင်မည်ဟူသော စီးပွားရေးလုပ်ငန်းရှင်များ၏ သန္နိဋ္ဌာန်သာဖြစ်ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၏တင်ပြချက်အရ နိုင်ငံတော်က အဆိုပါလုပ်ငန်းရှင်များသို့ချပေးထားသော မြေလွတ်၊ မြေရိုင်းနှင့် ပလပ်မြေများသည် တစ်ဦးလျှင်ပျမ်းမျှဧက ၇ဝဝ ခန့်ရှိကြောင်း သိရသည်။ ဤမျှများပြားသောမြေဧကများကို မည်ကဲ့သို့အသုံးချ မည်ဟူသော စီးပွားရေးလုပ်ငန်း စီမံကိန်းတို့ မရှိပါက အဆိုပါစီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်သို့ ပြန်လည်ပေးအပ် သင့်ပါသည်။ သာမန်ပြည်သူလူထုအများစုထက် ပိုင်ဆိုင်မှုနှင့်ဓန အရင်းအနှီးတို့ကိုအဆများစွာပိုင်ဆိုင်ထားသော အဆိုပါစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပြည်သူလူထုအများစုအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်းဖြင့် နိုင်ငံတော်၏ကျေးဇူးတရားကို ပြန်လည်သိတတ်ပေးဆပ်သင့်ပါသည်။ အဆိုပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်အတိတ်ကို ပြန်မသွား၊အနာဂတ် ကိုသာဦးတည်ချီတက်မည်ဟူသောနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မူဝါဒလမ်းညွှန်ကို နှလုံးသွင်း၍ ပြည်သူ လူထုအကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်ကြပါရန်လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ။

No comments:

Post a Comment