Sunday, October 30, 2016

လက်ပံတပင်ကျေးရွာတွင် မြစ်ရေတိုက်စားမှုကြောင့်မြေဧကပေါင်းများစွာနှင့် စိုက်ပျိုးသီးနှံမျိုးစုံ ပျက်စီးဆုံးရှုံးခြင်းများ ကြုံတွေ့နေရ



Image may contain: sky, tree, outdoor, nature, one or more people and water
မင်းဘူး အောက်တိုဘာ ၂၉
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် လုပ်စားမြေနုကျွန်း ဧကပေါင်း ၁ဝဝ ခန့်နှင့် စားဝတ်နေရေးအတွက် အဓိက စိုက်ပျိုးထားသော ရာသီပေါ်သီးနှံပင်များ ပျက်စီးဆုံးရှုံးမှုကြောင့် မင်းဘူး စကုမြို့နယ် လက်ပံတောအုပ်စု လက်ပံတပင်ကျေးရွာနေ တောင်သူများ အခက်ခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
လက်ပံတပင်ကျေးရွာတွင် နေထိုင်သော ကျေးရွာ လူထုမှာ နှစ်ပေါင်းများစွာကပင် မြေနုကျွန်းများကိုသာ အမှီပြု၍ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်း အဖြစ် ရာသီပေါ်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်လာခဲ့ပြီး ကျေးရွာတွင် အခြားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ ရှားပါးကာ မြေနုကျွန်းများ မြစ်ရေတက်ချိန် ရေအောက် ရောက်ရှိသွားစဉ်ခဏသာ စိုက်ပျိုးခြင်းကိုနားပြီး နွေရာသီ ရေခန်းသောအချိန်တွင်လည်း စက်ရေတွင်းများဖြင့် ရေသွင်းစိုက်ပျိုးလုပ်ကိုင်ပြီး လူမှုရေး၊ ကျန်းမာရေး၊ ကလေးငယ်များ ပညာရေးတို့အတွက် ကျွန်းပေါ်မှ ထွက်ရှိသော ကောက်ပဲသီးနှံများကို နီးစပ်ရာမြို့ရှိ ပွဲရုံများသို့ ရောင်းချပြီး စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြကြောင်း သိရသည်။
''အရင်က တစ်ခါမှမကြုံဖူးဘူး။ ရေကြီးလို့ပြန်ကျသွားရင် ကျွန်းတွေပေါ်လာတာနဲ့ စိုက်ပျိုးဖို့လုပ်ကိုင်ကျတာပဲ။ ဒီနှစ်ကျမှ အရှေ့အနောက်ညှပ်ပြီး မြစ်ရေတိုက်စားလာတာ နှစ်ကြိမ်ရှိသွားပြီ။ ကျွန်းပေါ်မှာ နေထိုင်တဲ့အိမ်တွေလည်း ခဏခဏ ပြန်ဆောက်နေထိုင်ရတယ်။ ဒီကျွန်းတွေကိုသာ အသက်မွေးဝမ်းကျောင်းပြုနေရတော့ ရွာကလူတွေလည်း မစွန့်နိုင်ကြဘူးလေ။ အရင်ရွာဟောင်းကဘုန်းကြီးကျောင်းနဲ့ ခံ့ခံ့ထည်ထည် ဒီနေရာမှာရှိခဲ့တော့ ရေဘေးကြောင့်သာ ရွာသစ်မှာနေရတာ တစ်ရွာလုံးက သံယောဇဉ် ရှိနေတယ်လေ။ ဒါကြောင့် ဝါဆိုဝါခေါင် ရေကြီးချိန်မှာလည်း ကျွဲနွားတွေကိုသာ ရွှေ့ပြောင်းပြီး လူတွေက ရေထဲမှာ လှေတွေနဲ့ နေကြတယ်။ ခုလိုမြစ်ရေတိုက်စားပြီး ကျွန်းတွေ ကမ်းပါးပြိုတဲ့ထဲပါသွားတော့ ကျေးရွာလူထုမှာ အခက်အခဲတွေနဲ့ ကြုံရပြီလေ။ ရွာကအုပ်ချုပ်ရေးမှူးကလည်း သက်ဆိုင်ရာကို တင်ပြခြင်းမရှိဘူး။ ကမ်းပါးတွေက ခုထိပြိုတုန်းပါ။ စိုက်ပျိုးသီးနှံတွေအပါအဝင် လုပ်စားမြေဧရိယာ ဧက ၁ဝဝ ခန့် ပျက်စီးရှုံးဆုံးမှုကို ကျေးရွာ တောင်သူတွေ ခံစားနေရပါတယ်''ဟု လက်ပံတပင်ရွာနေ ဦးအုန်းမောင်က ပြောသည်။
ပြီးခဲ့သည့်ရက်က မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုရာတွင် တောင်သူများစိုက်ပျိုးထားသော ဆွတ်ခူးခါနီး ကြက်ဟင်းခါးသီး၊ ဘူးသီး၊ ဖရုံသီးများမှာ ပေါ်ဦး ပေါ်စ သီးနှံများဖြစ်ပြီး ဈေးကောင်းရသော အချိန်ဖြစ်သောကြောင့် မိမိတို့ပင် ချက်ပြုတ်စားသောက်ရန် နှမြောနေသောအချိန်တွင် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း ကျေးရွာလူထုက ပြောပြသည်။
မင်းဘူး စကုမြို့နယ် လက်ပံတောအုပ်စု လက်ပံတပင် ကျေးရွာနေတောင်သူများမှာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ မြေနုကျွန်းများ ပျက်စီး၍ လုပ်ကိုင်စားသောက်မြေ အခက်အခဲများဖြစ်ပေါ်နေခြင်းနှင့်အတူ တစ်ဖက်ကျေးရွာဖြစ်သော ရွာသားကျေးရွာနှင့်ဖြစ်ပွားသော မြေနုကျွန်း အငြင်းပွားမှုတွင်လည်း မိမိတို့စိုက်ပျိုးထားသော သီးနှံများ ဖျက်ဆီးခံရပြီး တရားစွဲဆိုခြင်းများပါ ပြုလုပ်ထားရပြီး သက်ဆိုင်ရာမြေစာရင်းဌာနက တိကျသည့် တိုင်းတာမှုများ ဆောင်ရွက်မပေးဘဲ နှစ်ဖက်မစိုက်ပျိုးရန်သာ အချိန်ကြာမြင့်စွာ တားမြစ်ထားခြင်းကြောင့် ကျေးရွာလူထုမှာ အဘက်ဘက်က ဆုံးရှုံးနစ်နာမှုများသာ ခံစားနေရကြောင်း ဦးအုန်းမောင်က ထပ်မံပြောသည်။
ပိုင်ဇေ(မကွေး)

No comments:

Post a Comment