Saturday, October 29, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်


 နေပြည်တော် အောက်တိုဘာ ၂၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်စစ်ဦးစီးချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့ နံနက်ပိုင်းက နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်မှထွက်ခွာရာ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Chang Shui အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့အား တရုတ်ပြည်သူ့တပ်မတော်၊ နိုင်ငံတကာစစ်ဘက် ပူးပေါင်းဆောင် ရွက်ရေးရုံး၏ စစ်ကော်မရှင်နာမင်းကြီး Maj. Gen. Wu Xiao Yu ၊ ယူနန် စစ်ဒေသ ဒုတိယစစ်ဒေသမှူး Maj. Gen. Qu Xin Yong နှင့် တပ်မတော် အရာရှိကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်း အုန်း၊ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်၊ စစ်သံမှူး ဗိုလ်မှူးချုပ်တင့်ဆန်း နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Tibetan Village သို့ ရောက်ရှိပြီး ရွာအတွင်းနှင့် ဘုရားကျောင်းတို့ကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ဆက်လက်၍ Naxi Village၊ Bai Village၊ Yi Villageနှင့် Dai Village တို့ကို လေ့လာကြရာ တာဝန် ရှိသူများက တိုင်းရင်းသားများ၏ ရိုးရာ အဆောက်အအုံများ၊ အနုပညာလက်ရာ များကို လိုက်လံရှင်းလင်းပြသပြီး ရိုးရာ ယဉ်ကျေးမှု အဆို၊ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Xi Shan ဒေသ Guo Lin ရွာရှိ စိုက်ပျိုးရေးခြံကို သွားရောက်လေ့လာ ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့အား ဒေသစံတော်ချိန် ည ၆ နာရီခွဲတွင် ကူမင်းမြို့ Zhongwei Hotel Ballroom ၌ ယူနန်ပြည်နယ် စစ်ဒေသ နိုင်ငံရေးမှူး Maj. Gen. Yu Kum က ဂုဏ်ပြညစာဖြင့် တည်ခင်း ဧည့်ခံသည်။

(သတင်းစဉ်)

No comments:

Post a Comment