Sunday, October 30, 2016

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို စည်ကားစွာကျင်းပမည်


Image may contain: one or more people and outdoor
 တောင်ကြီး အောက်တိုဘာ ၂၉ 

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၏အထင်ကရဖြစ်သော တောင်ကြီး တန်ဆောင်တိုင်ပွဲနှင့် မီးပုံးပျံပြိုင်ပွဲကြီး ကို လာမည့် တန်ဆောင်မုန်းလဆန်း ၇ ရက်မှ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် (နိုဝင်ဘာ ၆ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ) တောင်ကြီးမြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ် ကြောင်း သိရသည်။
နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လဆန်းရက်များမှစ၍ လပြည့်ကျော် ၁ ရက်နေ့အထိ ကျင်းပလေ့ရှိသည်။ အဆိုပါပွဲတော်တွင် ရှမ်းပြည်နယ် အတွင်းမှသာမက အနယ်နယ်အရပ်ရပ် ရပ်နီးရပ်ဝေးဒေသများမှ ပြည်သူများ၊ နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွား များကလည်း နှစ်စဉ်နှစ်တိုင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သို့ စိတ်ဝင်တစား လာရောက်ပါဝင်ဆင်နွှဲ ခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၇ဝ ကျော်မှ ယခုတိုင် နှစ်စဉ်နှစ်တိုင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ရှေးရိုးစဉ်လာမပျက် ကျင်းပလာခဲ့သည့် တန်ဆောင်တိုင်ပွဲ တော်နှင့် မီးပုံးပျံ လွှတ်တင်ပြိုင်ပွဲကြီးကို
ကျင်းပရခြင်းမှာ တောင်ကြီး တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုအင်အားကို ပြသစေခြင်းနှင့် တောင်ကြီးသားတို့သည် ရှေးရိုးရာအမွေအနှစ်ကို ချစ်ခင်မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည့် ယင်းတန်ဆောင်တိုင် ဘုံကထိန်ပွဲတော်၊ မသိုး သင်္ကန်း၊ ကြာရိုးသင်္ကန်းများ ရက်လုပ်ပူဇော်ခြင်း၊ မီးအလှပဒေသာများ ပြုလုပ် လှည့်လည်ပူဇော်ခြင်းနှင့် စိန်နားပန်မီးပုံးပျံအလှ၊ ညမီးကြီးမီးပုံးပျံတို့ကို ခေတ် အဆက်ဆက်မှ နောင်လာနောက်သား တောင်ကြီးသား မျိုးဆက်သစ်လူငယ်များက ဆက်လက်အမွေခံ ထိန်းသိမ်းသွားတတ်စေရန်ဟူသော ခံယူချက်များဖြင့် ဤပွဲတော် ကို နှစ်စဉ်မပျက် ကျင်းပရခြင်းဖြစ်ကြောင်း တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲပါဝင်ဆင်နွှဲရန် ပြင်ဆင်လျက်ရှိကြသော တောင်ကြီးသားအချို့က ပြောသည်။
နေရာဒေသအသီးသီးမှ ရောက်လာကြသော သဘာဝအလှအပများကို ဖမ်းစားပုံဖော်ပြန်လည်ခံစားတင်ပြကြသည့် မြန်မာ့၊ က္ဘာ့ဓာတ်ပုံဝါသနာရှင် ပညာရှင်များအတွက်လည်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကြီး ဆင်ယင်ကျင်းပပုံ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ကဏ္ဍစုံတို့ကို မှတ်တမ်းရယူနိုင်ကြသည့်အပြင် တောင်ကြီးသားများ နှင့် ရွှေပွဲလာမည်သူမဆို ဓာတ်ပုံပညာရှင်ဝါသနာရှင်အားလုံး တန်ဆောင်တိုင်ပွဲတော် အစမှ အဆုံးတိုင် လှုပ်ရှားမှုပုံရိပ်များ(အလွတ်တန်းဓာတ်ပုံပြိုင်ပွဲ)ကို လွတ်လပ်စွာဖြင့် ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ကြသည်။
သို့ဖြစ်၍ ရှမ်းပြည်နယ် တောင်ကြီးမြို့၏ အထင်ကရဖြစ်သည့် တန်ဆောင်တိုင်ပွဲ တော်ကာလအတွင်း ပါဝင်ဆင်နွှဲသွားလာလှုပ်ရှားရင်း တောင်ကြီးတန်ဆောင်တိုင် ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲမှ ရောင်စုံမီးရှူးမီးပန်းအလှပေါင်းစုံ၊ ယခုနှစ် ပွဲတော်စတင်မည့်ကာလ နိုဝင်ဘာ ၆ ရက် ညမှ နိုဝင်ဘာ ၁၄ ရက် နေ့/ညတို့တွင် လွှတ်တင် ပြိုင်ပွဲဝင်ကြမည့် နေ့လွှတ်အရုပ်ပေါင်းစုံ၊ စိန်နားပန်အလှမီးပုံးပျံ၊ ညမီးကြီးမီးပုံးပျံ စုစုပေါင်း အလုံး ၄ဝဝ ကျော်တို့၏ တောင်ကြီးမြို့ ဝေဟင်ယံထက်၌ လှပရှုမောဖွယ် ပျံဝဲတက်နေသည့် ဟန်များ၊ ကုသိုလ်ကောင်းမှုပြုကြပုံများကို အစုံအလင်ခံစားနိုင်မည်ဖြစ်သည်။

စိုင်းဇော်လတ်(လင်းခေး)

No comments:

Post a Comment