Monday, October 31, 2016

အနာဂတ်အကျိုး ဦးဆောင်သယ်ပိုး



No automatic alt text available.
၁၆ ပြည်နယ် ဖက်ဒရယ်နိုင်ငံအဖြစ် ထူထောင်ထားသည့် ဘရာဇီးနိုင်ငံတွင် အခြေခံပညာသာ သင်ယူနိုင်ခဲ့ပြီး ငယ်စဉ်ဘဝက ဖိနပ်တိုက်၍ အများအကျိုးအတွက် ဆောင်ရွက်ခဲ့ပြီးနောက် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာသူ ဘရာဇီးနိုင်ငံသမ္မတ မစ္စတာဆေးလ်ဗား၊ ငယ်စဉ်က အလွန်ဆင်းရဲခဲ့သည့် ဘဝများကို ဖြတ်သန်းခဲ့ရပြီးနောက် တောင်ကိုရီးယားနိုင်ငံ၏သမ္မတဖြစ်ခဲ့ သူ မစ္စတာချန်ဒူးဝမ်၊ အလားတူ ဆင်းရဲသောဘဝကို ဖြတ်သန်းခဲ့ရပြီး နောက် အိန္ဒိယနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ်ဖြစ်နေသူ မစ္စတာမိုဒီနှင့် ကမ္ဘာပေါ်ရှိ နိုင်ငံ့ခေါင်းဆောင်အချို့တို့၏ ဘဝဖြတ်သန်းရပုံများနှင့် ကြိုးစားအားထုတ်မှုများမှာ စိတ်ဝင်စားစရာဖြစ်သည်။
ဆင်းရဲခက်ခဲကြမ်းတမ်းသော ဘဝများကို ဖြတ်သန်းပြီးနောက် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာအောင် ကြိုးပမ်းအားထုတ်ခဲ့မှုများမှာ မိမိအကျိုးထက် အများအကျိုးကို သယ်ပိုးလိုသော အရင်းခံစေတနာဖြစ်သည်။ ၎င်းတို့မှာ ဘဝ၏ခက်ခဲကြမ်းတမ်းမှုများကို ကိုယ်တိုင်ခံစားခဲ့ကြရသူများဖြစ်၍ ဆင်းရဲကြမ်းတမ်းခက်ခဲသော ပြည်သူများဘဝကို နားလည်စာနာမှု အပြည့်အဝဖြင့် ၎င်းတို့၏နိုင်ငံကို ဦးဆောင် တာဝန်ယူချိန်တွင် အခြေခံလူတန်းစားများ၏ ဘဝများအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ အခြေခံလူတန်း စားအများစုကို ဆင်းရဲခြင်းမှ လွတ်ကင်းအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
မျက်မှောက်ကာလ မြန်မာနိုင်ငံ၏ခေါင်းဆောင်များမှာ လူထုကြားမှ ပေါက်ဖွားရှင်သန်ပြီး ခက်ခဲကြမ်းတမ်းသောဘဝများကို ဖြတ်သန်းခဲ့ရသည့် လူထုခေါင်းဆောင်များဖြစ်ရာ ဆင်းရဲသောအခြေခံလူတန်းစားများ၏ဘဝကို ကိုယ်ချင်းစာနာစိတ်အပြည့်ဖြင့် အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်မည့်သူများ ဖြစ်လိမ့်မည်ဟု ပြည်သူများက ယုံကြည်ထားသည်။ ယုံကြည်သည့်အတိုင်းလည်း ပြည်သူလူထုအကျိုးကို အတတ်နိုင်ဆုံး ဆောင်ကြဉ်းပေးနေသည်ကိုလည်း တွေ့ရသည်။
စစ်မှန်သော ဒီမိုကရေစီနိုင်ငံတွင် ကြိုးစားအားထုတ်စွမ်းဆောင် နိုင်သူဖြစ်ပါက အခြေခံလူတန်းစားပင်ဖြစ်သော်လည်း နိုင်ငံ့ခေါင်းဆောင် အထိပင် ဖြစ်လာနိုင်သည်။ ကြိုးစားလျှင် ဘုရားပင်ဖြစ်နိုင်ဆိုသကဲ့သို့ မည်သည့်ဘဝတွင်ဖြစ်စေကာမူ ခေါင်းဆောင်ဖြစ်နိုင်သော အခွင့်အလမ်း ကောင်းများရှိသည်။
မကြာသေးမီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လူငယ်များနှင့် ပတ်သက်၍ တခုတ်တရပြောကြားချက်များမှာ အတုယူအားကျလိုက်နာ ဖွယ်ရာများဖြစ်သည်။ လူကြီးနှင့်လူငယ်အကြား အဓိကကွာခြားချက်မှာ အခွင့်အရေးပင်ဖြစ်သည်။ လူငယ်များသည် လူကြီးများထက် အခွင့် အရေးများစွာရှိသည်။ အခွင့်အရေးဟူသည်မှာ အချိန်ကာလအခွင့်အရေး၊ စိတ်ဓာတ်အားဖြင့် တည်ထောင်နိုင်သည့်အခွင့်အရေးတို့ဖြစ်သည်။
ယနေ့လူငယ်များတွင် ပညာရှာနိုင်သည့် အခွင့်အရေးများစွာ ရှိနေပြီဖြစ်သည်။ စီးပွားရေးနှင့်ပတ်သက်၍လည်း လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများစွာရှိနေပြီဖြစ်သည်။ အရေးကြီးသည်မှာ ရရှိနေသည့် အခွင့်အရေးကို မှန်မှန်ကန်ကန်အသုံးချနိုင်ဖို့လိုမည်။ ထို့အပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့်နယ်ပယ်များတွင် ခေါင်းဆောင်မှုအတတ် ပညာကို လေ့လာဆည်းပူးထားကြရန်လိုသလို ခေါင်းဆောင်မဖြစ်မီလည်း နောက်လိုက်ကောင်းဖြစ်အောင် ကြိုးစားအားထုတ်ဖို့လိုမည်။
လူငယ်များသည် အနာဂတ်အတွက် အရင်းအနှီးများဖြစ်သည်။ နိုင်ငံများတွင် ဖော်ပြပါခေါင်းဆောင်များကဲ့သို့ ဂုဏ်ယူဖွယ်၊ အားကျဖွယ် သမိုင်းကြောင်းများရှိခဲ့ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ မည်သည့် အခက်အခဲကိုမဆို ရင်ဆိုင်ကျော်လွှားနိုင်သည့် စိတ်ဓာတ်ခွန်အားများ ကိုဖြစ်စေသည်။ စိတ်ဓာတ်အရ၊ ဂုဏ်ရှိမှုအရ၊ သိက္ခာအရ ပေးခဲ့သော အမွေအနှစ်များသည် လူငယ်လူရွယ်များအတွက် သုံး၍မကုန်သောအမွေ အနှစ်များ ဖြစ်သည်။
သို့ဖြစ်ရာ ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းခဲ့ရသည့် ယခု၊ ယခင် နိုင်ငံ့ခေါင်းဆောင်များဘဝနှင့် ကြိုးစားအားထုတ်မှုများသည် ယနေ့လူငယ် လူရွယ်များအတွက် အတုယူလိုက်နာအားကျဖွယ်ရာများဖြစ်သလို မိမိမည်သည့် ဘဝအခြေအနေမျိုးတွင်မဆို မွန်မြတ်သောစိတ်ထားနှင့် ပြင်းထန် သောဇွဲလုံ့လဝီရိယများရှိပါက အနာဂတ်နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ် ဦးဆောင်သယ်ပိုးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ။

No comments:

Post a Comment