Saturday, October 29, 2016

ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦး မူးယစ်မှောင်ခိုကူးမှုဖြင့် အသေပစ်ခတ်ဖမ်းဆီးခံရ



Image may contain: tree, outdoor, one or more people and nature
မနီလာ အောက်တိုဘာ ၂၈

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ၎င်းသမ္မတတာဝန် စတင်ထမ်းရွက်သည့်အချိန်မှစပြီး မူးယစ်ဆေးဝါးတိုက် ဖျက်ရေးလုပ်ငန်းစဉ်ကို အပြင်းအထန်ဆောင်ရွက်လျက် ရှိရာ မူးယစ်ဆေးဝါး တရားမဝင်မှောင်ခိုကူးသည်ဟု သင်္ကာမကင်းဖြစ်နေသော ဖိလစ်ပိုင်မြို့ငယ်လေးတစ်ခု၏ မြို့တော်ဝန် တစ်ဦးအား သမ္မတ ဒူတာတေးက ပြီးခဲ့သော နွေရာသီက အမည်ထုတ်ဖော်ပြောကြားခဲ့သည်။
သမ္မတ၏ သင်္ကာမကင်းဖြစ်နေသော ဒါတူဆော်ဒီ-အမ်ပါတူရန်မြို့ငယ်လေး၏ မြို့တော်ဝန် ဆမ်ဆူဒင် ဒီမာကွန်က 'အပြစ်မလုပ်ထားရင် စိုးရိမ်စရာမလိုပါဘူး' ဟု သြဂုတ်လက သည်နယူးယောက်တိုင်းမ်သတင်းစာနှင့် ၎င်းအင်တာဗျူးခဲ့စဉ်က ဖြေကြားခဲ့သည်။
အောက်တိုဘာ ၂၈ ရက် နံနက် ၄ နာရီဝန်းကျင် တွင် ဒါတူဆော်ဒီ-အမ်ပါတူရန်မြို့၏ အရှေ့ဘက်မိုင် ၇ဝ အကွာအဝေးရှိ မာကီလာလာမြို့အဝင်လမ်း တစ်လျှောက်တွင် မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ရဲကင်းစစ်ဆေးရေးဂိတ်တစ်ခု၌ မြို့တော်ဝန်နှင့်အဖွဲ့ကို စောင့်ဆိုင်း နေစဉ် ၎င်းတို့က မော်တော်ယာဉ်များဖြင့် ရောက်ရှိလာခဲ့ကြောင်း ရဲချုပ်အီလိုင်ရစ်ကို လိုနီယာက ဆိုသည်။ မြို့တော်ဝန် ဒီမာကွန်၏ အဖွဲ့နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရဲအရာရှိများက အပြန်အလှန် သေနတ် ပစ်ခတ်ခဲ့ရာ မြို့တော်ဝန်နှင့် အပေါင်းအပါကိုးဦး သေဆုံးခဲ့သည်။
ဇွန် ၃ဝ ရက်က သမ္မတဒူတာတေး သမ္မတရာထူး စတင်ထမ်းရွက်သည့်အချိန်မှစပြီး မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းစဉ်အရ မူးယစ်မှောင်ခိုကူးသူများအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသူဦးရေ ၂ဝဝဝ ခန့်ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးမှောင်ခိုကူးသူဟု သံသယရှိသူ မြို့တော်ဝန်နှင့်အဖွဲ့ကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်သည်ဟု အမေရိကန်နိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့နှင့် နိုင်ငံ တကာလူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသည့်အဖွဲ့များက ရှုမြင်ကြသည်။ သို့သော် ဖိလစ်ပိုင်ပြည်သူများက ထိုသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံအတွင်းရှိလမ်းမများတွင် ပိုမိုဘေးကင်းသွားစေသည်ဟု ဆိုကြသည်။
မြို့တော်ဝန်နှင့်အဖွဲ့သည် မီသာဖီတမင်းစိတ်ကြွ ဆေးပြားများကို နိုင်ငံရပ်ခြားမှ သင်္ဘောဖြင့်သယ်ဆောင်ကာ ဖိလစ်ပိုင်တစ်နိုင်ငံလုံးသို့ ရောင်းချလျက်ရှိကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ရဲချုပ် အီလိုင်ရစ် ကိုလိုနီယာက ကိုးကားပြီး ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သြဂုတ်လက သမ္မတဒူတာတေးသည် နိုင်ငံအတွင်းမူးယစ်မှောင်ခိုကူးမှုများတွင် တရားသူကြီးများ၊ ရဲအရာရှိများ၊ တပ်မတော်အရာရှိများ၊ မြို့တော်ဝန်များနှင့် လွှတ်တော်အမတ်များ ပါဝင်ပတ်သက်လျက်ရှိသည်ဟု အရိပ်အမြွက်ပြောကြားခဲ့သည်။
ယခုမြို့တော်ဝန်နှင့်အဖွဲ့အား ဖမ်းဆီးပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနှင့်ပတ်သက်သည့် နောက်ထပ် အရာရှိများကိုလည်း ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း သမ္မတဒူတာတေးက သတိပေးပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment