Sunday, October 2, 2016

(၃၇)ကြိမ်မြောက် AIPA အစုအဖွဲ့ကော်မတီအစည်းအဝေးများ၌ ပင်လယ်ရေကြောင်းနှင့် ဆိုက်ဘာလုံခြုံရေး အလေးပေးဆွေးနွေး



The Mirror Daily's photo.
မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော (၃၇) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ၏ ဆက်စပ်အစည်း အဝေးများဖြစ်သော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအစုအဖွဲ့ ကော်မတီအစည်းအဝေးများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ACE ဟိုတယ်၌ ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားများသို့ တက်ရောက်လာခဲ့သော အာဆီယံနိုင်ငံများမှ လွှတ်တော်ကိုယ်စားလှယ်များ၏အမြင်များကို မြန်မာ့သတင်းစဉ်မှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဦးထွန်းထွန်းဟိန်
AIPA နိုင်ငံရေးအစုအဖွဲ့ကော်မတီဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ

ဒီနေ့ နိုင်ငံရေးအစုအဖွဲ့ဆွေးနွေးတာကတော့ အချက်ခြောက်ချက် ပါဝင်ပါတယ်။ ပထမအချက်က (၈)ကြိမ်မြောက် AIPA Caucus အစည်းအဝေးမှာတင်လိုက်တဲ့အစီရင်ခံစာကို ကျွန်တော်တို့က Draft resolution အနေနဲ့ ပြန်ပြီးတင်ပြတာပါ။ ဒုတိယအချက်ကတော့ အာဆီယံ AIPA interface အစည်းအဝေးမှာတင်တဲ့ အစီရင်ခံစာကို ဒီမှာပြန်ပြီးတော့ Draft resolution အနေနဲ့ ပြန်ပြီးတင်ပြတာပါ။ တတိယအချက်ကတော့ မြန်မာနိုင်ငံကတင်တဲ့ Resolution ပါ။ အဲဒါကတော့ ပြည်တွင်းဖြစ်ဖြစ်၊ ပြည်ပဖြစ်ဖြစ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါမှာ ရရှိနိုင်တဲ့ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုတွေ၊ အဲဒီငြိမ်းချမ်း၊ တည်ငြိမ်မှုတွေမှာဆိုရင် ကျွန်တော်တို့ အကြုံပြုတာတွေ၊ အများစု ရဲ့ သဘောတူညီချက်ကိုရယူတာတွေ၊ ညှိနှိုင်းတာတွေကတစ်ဆင့် ရနိုင်တယ်ဆိုပြီးတော့ တင်ပြတဲ့ Draft resolution ပါ။ နောက်တစ်ခုကတော့ ဗီယက်နမ်နိုင်ငံကတင်ပြတဲ့ ဆိုက်ဘာလုံခြုံရေးအကြောင်းပါ။ နောက်တစ်ခုကတော့ ပင်လယ်ရေကြောင်းလုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်ပါ။ အဲဒီမှာဆိုရင် ပင်လယ်ရေကြောင်းသွားလာမှုမှာ လုံခြုံမှုရှိဖို့နဲ့ ပင်လယ်ပြင်မှာရှိတဲ့သယံဇာတ တွေကို ဝိုင်းဝန်းထိန်းသိမ်းဖို့ တင်ပြတဲ့ resolution ပါ။ နောက်ဆုံးအချက်ကတော့ အာဆီယံနဲ့ချိတ်ဆက်ဖို့က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သံအမတ်ကြီးတွေရဲ့ အခန်းကဏ္ဍပါ။ အဲလိုချိတ်ဆက်နိုင်ဖို့ အဖွဲ့ငယ်လေးတွေဖွဲ့စည်းဖို့အတွက်မှာ ဒီဘက်နိုင်ငံတွေက နောက်နှစ်မှဆွေးနွေးမယ်ဆိုပြီးပြောတော့ ရွှေ့ဆိုင်းထား လိုက်ရတယ်။ တောင်တရုတ်ပင်လယ်ပြင်ကိစ္စကတော့ စောစောကပင်လယ်ရေကြောင်းကိစ္စထဲမှာပါဝင်နေပြီး တောင်တရုတ်ပင်လယ်ပြင်နဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကိုမဆွေးနွေးဘဲ ရေကြောင်းသွားလာမှုကိုသာ အဓိကထား ဆွေးနွေးကြပါတယ်။
Mr. Keo Phirum
ကမ္ဘောဒီးယားလွှတ်တော်အမတ်

ကျွန်တော်ကတော့ နိုင်ငံရေးအစုအဖွဲ့ကော်မတီကဖြစ်ပြီး အာဆီယံဒေသအတွင်း ဖြစ်ပျက်နေတဲ့ နိုင်ငံရေးကိစ္စရပ်တွေကို ဆွေးနွေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ အာဆီယံဒေသအတွက် အဆိုတင်သွင်းမှုတွေ၊ ဆုံးဖြတ်ချက် မူကြမ်းတွေကို အတူတကွဆွေးနွေးပြီး အတည်ပြုခဲ့ပါတယ်။ ကိစ္စအမျိုးမျိုးအပေါ် နိုင်ငံအများစုရဲ့ သဘောတူညီမှုရရှိမယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အာဆီယံနိုင်ငံတိုင်းမှာ ပြဿနာကိုယ်စီရှိကြပါတယ်။ ဥပမာ-ဗီယက်နမ် နိုင်ငံက ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီး အဆိုပြုခဲ့ပါတယ်။ ဆိုက်ဘာလုံခြုံ ရေးက အာဆီယံဒေသအတွက် အလွန်ကိုအရေးကြီးပြီး အဲဒီကိစ္စကို ကျွန်တော်တို့ အလေးထားဆွေးနွေးနေပါတယ်။ အာဆီယံနိုင်ငံတွေကို ဒီမိုကရေစီစနစ်ဆီကို ရှေ့ဆက်လျှောက်လှမ်းနေသလို မြန်မာနိုင်ငံကလည်း ဒီမိုကရေစီစနစ်ဆီ ရှေ့ဆက်လျှောက်လှမ်းနေတဲ့အတွက် ကျွန်တော်ဝမ်းသာမိပါတယ်။ မြန်မာနိုင်ငံ က လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေတယ်ဆိုတာ ပြီးခဲ့တဲ့ရွေးကောက်ပွဲက သက်သေပြခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာလည်း ဒီမိုကရေစီစနစ် တိုးတက် လာရေးအတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံလိုပဲ ဒီမိုကရေစီသက်တမ်း နုနယ်သေးပါတယ်။ အင်စတီကျူးရှင်းတွေကလည်း အလွန်အရေးကြီးပါတယ်။ အစိုးရ၊ အင်စတီကျူးရှင်းတွေနဲ့ လွှတ်တော်တွေ ခိုင်မာအားကောင်းမှသာ တရားစီရင်ရေးစနစ် တရားမျှတမှုရှိမှာဖြစ်ပါတယ်။
Mr. Viengthavisone Thephachanh
ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးရာကော်မတီ
လာအိုအမျိုးသားလွှတ်တော်

အခုလုပ်နေတာကတော့ နိုင်ငံရေးအစုအဖွဲ့ကော်မတီ အစည်းအဝေး ဖြစ်ပါတယ်။ အာဆီယံဒေသတွင်းနဲ့သက်ဆိုင်ရာတိုင်းပြည်တွေက နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ကျွန်တော်တို့ အဓိကထားဆွေးနွေးပါတယ်။ အဆိုတင်သွင်းမှုများစွာကို ကျွန်တော်တို့ ဒီနေ့ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။ အာဆီယံဒေသမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ နိုင်ငံရေးဆိုင်ရာပေါင်းစည်း ညီညွတ်မှုအပေါ် လွှတ်တော်အခန်းကဏ္ဍက ဘယ်လိုပံ့ပိုးကူညီနိုင်တယ်ဆိုတဲ့ အရာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အဓိကထားဆွေးနွေးပါတယ်။ ဒါဟာ ဒီ AIPA ညီလာခံရဲ့ ခြုံငုံသုံးသပ်ချက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနဲ့စာရင် အာဆီယံဒေသက အခြေအနေပိုမိုကောင်းမွန်လာပြီဆိုတာ ကျွန်တော်တို့တွေ့မြင်နေရပါတယ်။ အခု အာဆီယံဒေသက ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုရရှိနေပေမယ့် အခြားတစ်ဖက်မှာ ပြဿနာများစွာဖြေရှင်းဖို့နဲ့ အလေးထားလုပ်ဆောင်စရာ ကျန်ရှိနေပါသေးတယ်။ အာဆီယံနိုင်ငံအားလုံးရဲ့ ကြိုးပမ်းမှုကတော့ ဒေသတွင်းပြည်သူအားလုံးကောင်းစားဖို့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမယ့် ဒေသတွင်းငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ဖြစ်ပါတယ်။
Mr. Fahri Hamzah
အင်ဒိုနီးရှားအောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ

ဒီနေ့ဖိုရမ်မှာ ဒေသတွင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကိစ္စတွေ၊ အာဆီယံနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ပင်လယ်ရေကြောင်းကိစ္စရပ်တွေ၊ ဥပမာ-တောင်တရုတ် ပင်လယ်အရေးလိုကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ ပစိဖိတ်ဒေသတွင်း လွတ်လပ်စွာကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ပင်လယ်ရေကြောင်းဆိုင်ရာလုံခြုံရေးကိစ္စဟာ အလွန်အရေးကြီးပါတယ်။ နောက်ထပ် ဆွေးနွေးခဲ့တဲ့အရေးကြီးကိစ္စတစ်ခုကတော့ ဆိုက်ဘာလုံခြုံရေးကိစ္စပဲဖြစ်ပါတယ်။ ကျွန်တော်တို့အာဆီယံနိုင်ငံတွေအနေနဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ အလွဲသုံးစားပြုမှုခံရတာတွေ၊ ခြိမ်းခြောက်ခံရတာတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အခြားအရေး ကြီးဆွေးနွေးခဲ့တဲ့အကြောင်းအရာတစ်ခုကတော့ အာဆီယံနိုင်ငံတွေရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးကဏ္ဍနှစ်ခုကို ဘယ်လိုပေါင်းစည်းမလဲဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အတိတ်ကာလတုန်းက အာဆီယံနိုင်ငံတွေမှာ အဲဒီကဏ္ဍနှစ်ခုက သီးခြားဖြစ်နေလို့ပါ။ AIPA အနေနဲ့လည်း အဲဒီကိစ္စအောင်မြင်အောင် ပံ့ပိုးပေးသွားမှာပါ။
Mr. Chheang Vun
ကမ္ဘောဒီးယားလွှတ်တော် အမြဲတမ်းကော်မတီအဖွဲ့ဝင်
နိုင်ငံခြားရေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ

ဒီအစည်းအဝေးကျင်းပတာဟာ AIPA အဖွဲ့ဝင်နိုင်ငံတွေအတွက် အလွန်ကို ကောင်းပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးရာဆိုင်ရာကိစ္စရပ်တွေမှာ တွေ့ဆုံညှိနှိုင်းပြီး ပူးပေါင်းအလုပ်လုပ်ဖို့ လိုပါတယ်။ ပူးပေါင်းဆောင်ရွက်မှုက AIPA နဲ့ အာဆီယံရဲ့ အစဉ်အလာ တစ်ရပ်ပါ။ AIPA အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လွှတ်တော်ဆိုင်ရာကိစ္စရပ်တွေမှာ တွေ့ဆုံပြီး အမြင်ချင်းဖလှယ်ဖို့ လိုအပ်ပါတယ်။
ဦးခင်အေး
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ နတ္တလင်းမြို့နယ်
စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ

စီးပွားရေးကော်မတီကတော့ resolution နဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါမှာ အဲဒါနဲ့ပတ်သက်တဲ့ စာသားတွေမကြိုက်ရင်ပြင်၊ အချက်အလက်တွေထည့် စတာတွေဆွေးနွေးတယ်။ ဆွေးနွေးပွဲရလဒ်ကတော့ ကောင်းပါ တယ်။ ကျွန်တော်တို့ဘက်က တင်တာသုံးခုပါတယ်။ ပထမအချက်ကတော့ အလုပ်အကိုင်ဖန်တီးမှု၊ ကောင်းမွန်တဲ့လုပ်ငန်းခွင်ဖန်တီးရေးပါဝင်ပြီး အဲဒီ အလုပ်အကိုင်ဖန်တီးမှုအတွက် သက်မွေးဝမ်းကျောင်းသင်တန်း၊ ရွှေ့ပြောင်း လုပ်သားနဲ့ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းဖို့တွေ ပါရှိပါတယ်။ ဒုတိယ resolution ကတော့ SMEs လိုခေါ်တဲ့ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းတွေ တိုးတက်ဖို့အတွက် ငွေကြေးဘယ်လိုထောက်ပံ့မလဲ၊ လွတ်လပ်စွာယှဉ်ပြိုင်နိုင် ဖို့အတွက် သူတို့ကိုဘယ်လိုနည်းပညာတွေပေးမလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်တို့နိုင်ငံမှာ အလုပ်လက်မဲ့များနေတဲ့အတွက် SMEs အတွက် အစိုးရက အရင်းအနှီးတွေထုတ်ပေးဖို့ လုပ်ဆောင်နေကြတယ်။ အသေးစားလုပ်ငန်းတွေအများကြီးရှိတဲ့အတွက် အလုပ်လက်မဲ့ပြဿနာ လျှော့ချနိုင်တယ်။ နည်းပညာတွေရလာရင် export အဆင့်ဖြစ်လာမယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပို့ကုန်သွင်းကုန်လိုင်စင်တွေ မလိုတော့တဲ့အထိ စဉ်းစားထား ပါတယ်။ ဟိုတုန်းကဆိုရင် ပို့ကုန်သွင်းကုန်လိုင်စင်စတဲ့ အတားအဆီးတွေကြောင့် အရောင်းအဝယ်သိပ်မဖြစ်တာတွေ့ရပါတယ်။ အလုပ်အကိုင်အခွင့် အလမ်းကတော့ SMEs တိုးတက်လာတာနဲ့အမျှ ကျယ်ကျယ်ပြန့်ပြန့်ရရှိလာမှာ ဖြစ်ပါတယ်။
Dr. HJ. Irmohizam Bin HJ. Ibrahim JP
မလေးရှားလွှတ်တော်အမတ်

ဒီနေ့ကျွန်တော်တို့ အကြောင်းအရာတွေအများကြီးဆွေးနွေးခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ ဗှုဏဗ အတွက်အရေးကြီးတဲ့ကိစ္စရပ်ဖြစ်တဲ့ ဆိုက်ဘာလုံခြုံ ရေးတိုးမြှင့်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို အထူးအလေးပေး ဆွေးနွေးခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတွေအတွက် ဆိုက်ဘာလုံခြုံရေးဟာ အရေးကြီးပါတယ်။ ဒီအစည်းအဝေးကနေပြီးတော့ ဆိုက်ဘာလုံခြုံရေးအတွက် နီးကပ်ပြီးခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ကိစ္စတစ်ခုကတော့ ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေးကိစ္စရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး သဘောတူခဲ့တာကတော့ နိုင်ငံတကာဥပဒေကို လေးစား လိုက်နာရမယ်ဆိုတဲ့အချက်ပါပဲ။ ဒီအချက်ကိုလည်း အာဆီယံနိုင်ငံရဲ့ အကြီးအကဲတွေက တညီတညွတ်တည်း သဘောတူခဲ့ပါတယ်။ လွှတ်တော်အမတ် တစ်ယောက်အနေနဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေကို ခိုင်မာအောင်ဆောင်ရွက်ပြီး လွှတ်တော်အချင်းချင်းဆက်ဆံရေးကို တိုးမြှင့်ချင်ပါတယ်။ ဆိုက်ဘာ လုံခြုံရေးနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်တွေမှာ သဘောတူညီချက်ရရှိခဲ့ ပါတယ်။ ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာအစိုးရတွေကို အသိပေးသွားမှာပါ။ အာဆီယံနိုင်ငံအချင်းချင်း လွှတ်တော်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတော့လည်း ဆုံးဖြတ်ချက် သုံးခုချမှတ်နိုင်ခဲ့ပါတယ်။ ပထမအချက်ကတော့ ပြည်တွင်းပြည်ပ စိန်ခေါ်မှုတွေကို ဒီမိုကရေစီနည်းအရဖြေရှင်းပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကို ဆွေးနွေးပွဲတွေကတစ်ဆင့်လုပ်ဆောင်သွားဖို့ပါ။ ဒုတိယအချက်ကတော့ ဗီယက်နမ်က အဆိုပြုတဲ့ အာဆီယံနိုင်ငံတွေရဲ့ ဆိုက်ဘာလုံခြုံရေးပြဿနာကို ဖြေရှင်းပေးဖို့ကိစ္စပါ။ တတိယအချက်ကတော့ အာဆီယံနိုင်ငံတွေရဲ့ ပင်လယ် ရေကြောင်းလုံခြုံရေးတိုးမြှင့်ပြီးတော့ ရေကြောင်းသယံဇာတတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - ကျော်ထိုက်စိုး၊ စိုးသူရ၊ ဓာတ်ပုံ - သုတ

No comments:

Post a Comment