ရန်ကုန် အောက်တိုဘာ ၁
ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၃ ရက် အထိ (၅)ကြိမ်မြောက် အာရှ သဲသောင်ပြင် အားကစားပြိုင်ပွဲကို အရှေ့တောင်အာရှ ကိုးနိုင်ငံ၊ အာရှ လေးနိုင်ငံ စုစုပေါင်း ၁၃ နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် ထိုင်းနိုင်ငံက အဆင့်(၁)၊ မြန်မာနိုင်ငံက အဆင့်(၂)နှင့် ဗီယက်နမ် နိုင်ငံက အဆင့်(၃) အသီးသီး ရရှိခဲ့ပြီး မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့က အမျိုးသား သုံးယောက်တွဲ ပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု၊ အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် ငွှေတံဆိပ်တစ်ခု၊ အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ် တစ်ခု၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ် တစ်ခု စုစုပေါင်း ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ်တစ်ခုဖြင့် နိုင်ငံအလိုက် အဆင့်(၂) ရရှိခဲ့သည်။
ယင်းပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြား ရေးမှူး အဖွဲ့ခေါင်းဆောင် ဦးကျော်ဇင်မိုး က ပြောကြားရာတွင် အဓိကရည်ရွယ်ချက်သည် မလေးရှားဆီးဂိမ်း ပြိုင်ပွဲအတွက်ရည်မှန်းချက်ဖြစ်ပြီး ယခုသွားရောက် ယှဉ်ပြိုင်ရသော သဲသောင်ပြင်ပိုက်ကျော်ခြင်းအားကစား ပြိုင်ပွဲမှာ အခက်အခဲများစွာရှိ၍ ပြင်ဆင်သည့်အချိန် ကာလနည်းပါးခဲ့ရပါကြောင်း၊ ပင်လယ်ကမ်းခြေ၌ သွားရောက်လေ့ကျင့်ရန် အချိန်နှင့်အခွင့်အခါမသင့်၍ နေပြည်တော် လေ့ကျင့်ရေးစခန်း မြင်းစီးကွင်း၌ သဲကွင်းကို သီးခြားဖောက်၍ တကယ်သဲသောင်ပြင်လို နှစ်လလောက် လေ့ကျင့်ခဲ့ရပါကြောင်း၊ ယခုပဉ္စမကြိမ်၌ ရရှိခဲ့ သော သဲသောင်ပြင်ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ပထမဦးဆုံး ရွှေတံဆိပ်ဆုရရှိခဲ့၍ အားကစားနည်း (၄)မျိုး ဝင်ပြိုင်ရာ (၄)မျိုးစလုံးဆုတံဆိပ်ရရှိခဲ့ပါကြောင်း၊ ယခုလာမည့် အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံမှာ ပြုလုပ်မည့် ထိုင်းဘုရင်ဖလားပြိုင်ပွဲကို အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၂ ဦး၊ နည်းပြ လေးဦး၊ အုပ်ချုပ်သူ နှစ်ဦးဖြင့် အင်ပြည့်အားပြည့်သွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားပါကြောင်း ပြောကြားခဲ့သည်။
အောင်ပွဲရမြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့သည် ယမန်နေ့ည ၈ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်း အုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်နှင့် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား သင်တန်းသူများ၊ မိဘဆွေမျိုးများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်း သိရသည်။
(ကြေးမုံ)
No comments:
Post a Comment