Sunday, October 2, 2016

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်



 
အတွေးအခေါ်တို့၏စွမ်းပကား

(၃၇)ကြိမ်မြောက်အာဆီယံပါလီမန်များအထွေထွေညီလာခံဖွင့်ပွဲအခမ်း အနား၌ နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က ''ဒါကြောင့် ဒီကနေ့အားလုံးကို ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ ဒေါသတရား၊ အမုန်းတရား၊ အကြောက်တရားနဲ့ မသိနားမလည်ခြင်းတရား တွေနဲ့   ကြုံတွေ့ရတိုင်းသူတို့နဲ့ ဆန့်ကျင်ဘက်က ရပ်တည်ပေးကြပါ။ ကရုဏာတရား၊ အကြင်နာမေတ္တာတရားနဲ့ တစ်ပါးသူရဲ့ပျော်ရွှင်မှုကိုဆောင် ကြဉ်းပေးနိုင်မယ့်လမ်းကြောင်းကိုသာ ရှာဖွေလျှောက်လှမ်းကြပါဆိုတာပဲ ဖြစ်ပါတယ်'' ဟု    အဖွင့်မိန့်ခွန်းပြောကြားရာတွင်     ထည့်သွင်းပြောဆိုခဲ့ ပါသည်။
အဆိုပါမိန့်ခွန်းကောက်နုတ်ချက်သည် အမျိုးသားပြန်လည်ရင်ကြား စေ့ရေးနှင့် သဟဇာတဖြစ်ရေးမူဝါဒကို ဆုပ်ကိုင်ဦးဆောင် အကောင် အထည်ဖော်လျက်ရှိသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၏ အတွေးအခေါ်ကို လှစ်ဟဖော်ပြလျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ကြမ်းတမ်းခက်ထန်သော   ဒီမိုကရေစီခရီးလမ်းကို   လျှောက်လှမ်းရာ၌ ဤအတွေးအခေါ်၏ အင်အားတို့သည်ဖိနှိပ်မှုတို့ကို  ယိမ်းယိုင်ပြိုလဲစေခဲ့ ပါသည်။   ဤအတွေးအခေါ်သည်   အတိတ်၏   အင်အားဖြစ်သကဲ့သို့ ပစ္စုပ္ပန်၏အင်အားလည်း ဖြစ်ပါသည်။ အနာဂတ်၏အင်အားအဖြစ်လည်း ဆက်ရှိနေဦးမည်ဖြစ်ပါသည်။  အဘယ်ကြောင့်ဆိုသော်ငြိမ်းချမ်းလုံခြုံသာယာဝပြောသော အနာဂတ်ကို ဤအတွေးအခေါ်ဖြင့်သာ ပုံဖော်ထုဆစ် နိုင်သောကြောင့်ဖြစ်ပါသည်။ အဆိုပါအတွေးအခေါ်ကို  ထင်ဟပ်လျက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏အနာဂတ်ခရီးနှင့်ပတ်သက်၍''ကျွန်မတို့နိုင်ငံမှာ တိုင်းရင်းသားမျိုးနွယ်စု ပေါင်းများစွာရှိနေတဲ့အပြင် ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်တည်လာခဲ့တဲ့ယုံကြည်မှု ပြိုကွဲခဲ့တာတွေကြောင့် ရှေ့ခရီးမှာ ရှုပ်ထွေးလှတဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင် ရမယ်ဆိုတာ  ယုံမှားသံသယမရှိပါဘူး။  ဒါပေမယ့်လည်းပူးပေါင်းဆောင် ရွက်လိုစိတ်၊   အပေးအယူလုပ်ညှိနှိုင်းဆွေးနွေးလိုစိတ်တွေနဲ့    ကျင်းပတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် ကျွန်မတို့ပြည်သူအားလုံးအတွက် ငြိမ်းချမ်းလုံခြုံပြီး သာယာဝပြောတဲ့ အနာဂတ်ဆိုတဲ့ ဘုံရည်မှန်းချက်ကို လက်တွေ့ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်''ဟု ရှင်းလင်းတင်ပြ ခဲ့ပါသည်။
ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍လည်း    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နားလည်မှုနှင့်  သဟဇာတ  ဖြစ်မှုနှင့်အတူ    ယုံကြည်မှုတည်ဆောက်နိုင်ရေးကြိုးပမ်းနေသည်ကို ထောက်ပြပြောဆိုခဲ့ပါသည်။ အာဆီယံနိုင်ငံများ၏ အောင်မြင်မှုများကို လေ့လာသင်ယူမည်ဆိုသော     နိုင်ငံတော်၏     အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်သည် ပွင့်လင်းရိုးသားမှုကို ထင်ဟပ်နေသကဲ့သို့   မြန်မာနိုင်ငံ၏   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အာဆီယံဒေသကြီးတစ်ခုလုံး၏  ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု နေပြီး  အာဆီယံအသိုက်အဝန်း၏ အနာဂတ်အောင်မြင်မှုကို အားဖြည့် ပေးနိုင်မည်ဟူသော ပြောကြားချက်သည်လည်း အမြော်အမြင်ရှိမှုကို ရည်ညွှန်းဖော်ပြနေပါသည်။ မြန်မာနိုင်ငံကအတည်ပြုပြီးနှင့် အတည်ပြု ရန် ဆောင်ရွက်ဆဲနိုင်ငံတကာစာချုပ်များနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက်သည် နိုင်ငံ တကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏တာဝန်သိသိ ဆောင်ရွက်ချက်များကို ပေါ်လွင်ထင်ရှားစေခဲ့ပါသည်။
အာဆီယံပါလီမန်များညီလာခံတွင်  ဆိုက်ဘာလုံခြုံမှုမြှင့်တင်ရေး၊ ပင်လယ်ထွက် သဘာဝသယံဇာတများ ကာကွယ်ရေး၊ ရာသီဥတုဖောက်ပြန် မှု  အကျိုးဆက်များ  လျော့ပါးသက်သာရေး၊ အသေးစား၊ အလတ်စား ရင်းနှီးမြှုပ်နှံမှုပံ့ပိုးရေးနှင့် ဇီကာဗိုင်းရပ်စ်ပိုးကာကွယ်ရေးတို့အပေါ် အပြန် အလှန် ဆွေးနွေးမှုများသည် အလားတူပြဿနာများ ကိုင်တွယ်ရာ၌ မြန်မာနိုင်ငံ၏ မူဝါဒအတွေးအခေါ်များ ထက်မြက်ရေးကို အကျိုးပြုစေမည် ဖြစ်ပြီး ကျန်အာဆီယံနိုင်ငံများ၌လည်း အလားတူ အကျိုးရလဒ်ကောင်းကို ရရှိစေမည် ဖြစ်ပါသည်။  ခြုံငုံတင်ပြရပါက (၃၇)ကြိမ်မြောက်အာဆီယံ ပါလီမန်များညီလာခံတွင် မိန့်ကြားခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းသည် အတွေးအခေါ်တို့၏ စွမ်းပကားကို လှစ်ဟဖော်ပြနေပါသည်။          ။

No comments:

Post a Comment