Wednesday, September 28, 2016

ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အခြားတိုင်းဒေသကြီး/ ပြည်နယ်များနှင့်ယှဉ်လျှင် သေဆုံးမှုနှုန်းမြင့်မား


 
 
 
 
နေပြည်တော် စက်တင်ဘာ ၂၇

မြန်မာနိုင်ငံတွင် သေဆုံးခြင်းနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်သုံးစုမှစ၍ မြန်မာနိုင်ငံတွင် စံချိန်တင်ကျဆင်းလာသည်ကို တွေ့ရှိရသော်လည်း အာဆီယံနိုင်ငံ များနှင့်နှိုင်းယှဉ်ပါက သေဆုံးနှုန်း မြင့်မားနေဆဲဖြစ်နေသည်ကို တွေ့နေရကြောင်း၊ သေဆုံးမှုနှုန်း ကျဆင်းသော်လည်း မြန်မာနိုင်ငံ ဒေသအားလုံးကို မလွှမ်းခြုံနိုင်သေး ကြောင်း စက်တင်ဘာ ၂၇ ရက် နံနက်က နေပြည်တော် သင်္ဂဟဟိုတယ်၌ ပြုလုပ် သည့် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မွေးဖွားခြင်း နှင့်လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ သားဖွားမိခင်သေဆုံးခြင်းဆိုင်ရာအသေးစိတ်သုတေသနစာတမ်းများ ထုတ်ပြန်ခြင်းအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသွားသည်။

''စာတမ်းမှာပါတဲ့ သေဆုံးမှုအကြောင်းအရာကို တင်ပြသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လူဦးရေသေဆုံးမှုအခြေအနေကို နှစ်ပိုင်းတင်ပြသွားပါတယ်။ ပထမပိုင်း ကတော့ ကလေးသေဆုံးမှုမှာ အသက်တစ်နှစ်အောက် ကလေးသေဆုံးမှု၊ အသက် ငါးနှစ်အောက် ကလေးသေဆုံးမှု(Early-age mortality) ကို ပထမတင်ပြပါ တယ်။ နောက်တော့ အသက်ကြီးရင့်တဲ့အချိန်မှာ သေဆုံးမှုအခြေအနေကိုတင်ပြပါ တယ်။ ကလေးသေဆုံးမှုနှုန်းကို မိန်းကလေးနဲ့ယောက်ျားလေး သေဆုံးမှုနှုန်းမှာ ယောက်ကျားလေးသေဆုံးမှုနှုန်းက အများကြီးမြင့်နေတာကို တွေ့ရှိရပါတယ်။ ဒါက ဘာကြောင့်ဖြစ်ရလဲဆိုတာကို သန်းခေါင်စာရင်းက လေ့လာတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘာကြောင့် ယောက်ျားလေးတွေက မိန်းကလေးတွေထက် သေဆုံးနှုန်းမြင့်မားရတယ်ဆိုတာကိုတော့ ဆက်ပြီးတော့မှ သုတေသနလုပ်ငန်းတွေ ကို ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

သက်ကြီးပိုင်းသေဆုံးမှုနှုန်းမှာလည်း ဒီလိုပါပဲ။ ယောက်ျားလေးတွေရဲ့ သေဆုံး မှုနှုန်းက မိန်းကလေးတွေရဲ့ သေဆုံးမှုထက်မြင့်နေတာကို တွေ့ရပါတယ်။ မွေးဖွားနှုန်း နဲ့ သေဆုံးမှုနှုန်းက ဆက်စပ်မှုရှိပါတယ်။ ကလေးမွေးဖွားမှုနှုန်းမြင့်မားရင် သေဆုံးမှု နှုန်းကလည်း မြင့်မားလေ့ရှိပါတယ်။ အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ မွေးဖွားနှုန်း ကို လျှော့ချပေးနိုင်လို့ရှိရင် ကလေးမွေးဖွားနှုန်းဟာကျဆင်းသွားဖို့ဖြစ်နိုင်ပါတယ်''ဟု သေဆုံးခြင်း အသေးစိတ်သုတေသနစာတမ်းကို ပြုလုပ်သည့် ညွှန်ကြားရေးမှူး ဒေါက်တာညီညီက ပြောသည်။
မြန်မာနိုင်ငံတွင် သေဆုံးမှုနှုန်းအမြင့်ဆုံးမှာ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်တို့ဖြစ်ပြီး သေဆုံးမှုအနိမ့်ဆုံးမှာ မွန်ပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

မြန်မာနိုင်ငံတွင် မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ သုတေသန စာတမ်းတွေ့ရှိချက်အရ အမျိုးသမီးတစ်ယောက် ကလေးမွေးနှုန်းမှာ ကလေး ၂ ဒသမ ၅ ဦး၊ မြို့ပြတွင် ၁ ဒသမ ၉ ဦးနှင့် ကျေးလက်တွင် ၂ ဒသမ ၈ ဦး ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ကို နှိုင်းယှဉ်ပါက ချင်းပြည်နယ်တွင် အမျိုးသမီး တစ်ဦးလျှင် ကလေးမွေးဖွားနှုန်း ငါးဦးဖြင့် အမြင့်ဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး တွင် အမျိုးသမီးတစ်ဦးလျှင် ကလေးမွေးဖွားနှုန်း ၁ ဒသမ ၈ ဦးဖြင့် အနိမ့်ဆုံးဖြစ်သည် ကို တွေ့ရှိရကြောင်း အဆိုပါစာတမ်းကို ဖတ်ကြားသည့် ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက ပြောသည်။

ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်တွင် အရှင်မွေးကလေးဦးရေ ၁ဝဝဝဝဝ တွင် သားဖွားမိခင် ၂၈၂ ဦးသေဆုံးသည့်အတွက် သားဖွားမိခင်များ သေဆုံးလျက်ရှိကြောင်း၊ ထို့ကြောင့် အမှန်မှာကလေးမွေးဖွားနှုန်းကျ ခြင်း မဟုတ်ကြောင်း၊ သို့အတွက်ကြောင့် အိမ်ထောင်ကျသည့် အမျိုးသမီးများအတွက် ကလေးမမွေးမီ၊ ကလေးမွေးဖွားစဉ်နှင့် ကလေးမွေးဖွားပြီးကာလများတွင် ကောင်းမွန် သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးပေးနိုင်ရေး၊ အမျိုးသမီးများအတွက် မိသားစုစီမံချက်များ လိုအပ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တစ်နှစ် အောက်ကလေး စောင့်ရှောက်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

သတင်း- ဇူလိုင်မိုး၊ ဓာတ်ပုံ- ချစ်သမီး

No comments:

Post a Comment