Thursday, September 1, 2016

ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါ အထောက်အကူပြုဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ရမယ်ဆိုတဲ့ အသိစိတ်နဲ့ ကာတွန်းတွေရေးဆွဲဖြစ်သွားတယ်



The Mirror Daily's photo.
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပြည်သူများ၊အလွှာအသီးသီး၊အဖွဲ့အစည်းအသီးသီးတို့ကလည်း ထောက်ခံပွဲများကို နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲကျင်းပလျက်ရှိရာ ကာတွန်းအနုပညာရှင်များ ကလည်း ၎င်းတို့ တတ်ကျွမ်းသည့်အတတ်ပညာဖြင့် ငြိမ်းချမ်းရေးကြီး အောင်မြင်စွာကျင်းပနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုးခဲ့ကြသည်။
ယနေ့ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံဖွင့်ပွဲ အခမ်းအနားတွင် ကာတွန်းဆရာများက ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုရန် ၎င်းတို့တတ်ကျွမ်းသည့်အတတ်ပညာဖြင့် ရေးဆွဲထားသည့် ကာတွန်းပေါင်း ၁ဝဝ ကျော်ကို ပြသထားခဲ့ရာ ကာတွန်းဆရာများ၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အမြင်များကို ဖော်ပြလိုက်ပါသည်။
ကာတွန်းမောင်မောင်အောင်
ငြိမ်းချမ်းရေးညီလာခံကိုအများ မျှော်လင့်သလို ပြည်သူတစ်ယောက်ဖြစ်တဲ့ ကာတွန်းဆရာတွေကလည်း ငြိမ်းချမ်းရေးကို မျှော်လင့်တာပေါ့။ ဒါကြောင့် ကျွန်တော်တို့တတ်တဲ့ ကာတွန်းပညာနဲ့ ငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးတဲ့ သဘောပါ။ ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးညီလာခံကို အောင်မြင်စေချင်တယ်။ ကျွန်တော်ဆို အသက် (၆ဝ) ကျော်လာပြီ၊ ငြိမ်းချမ်းရေးကို ရနိုးရနိုးမျှော်လာတာ တစ်သက်ရှိနေပါပြီ။ အခုလို အခွင့်အခါ ကြုံလာတဲ့အခါမှာ ကျွန်တော်တို့တတ်တဲ့ပညာနဲ့ ပူးပေါင်းပါဝင်ဖို့ စိတ်ကူးဖြစ်လာပါတယ်။
ကာတွန်းဖောင်းဖောင်း
(၂၁)ရာစုပင်လုံညီလာခံကြီး လုပ်မယ်ဆိုတာ ကြားကတည်းကပီတိဖြစ် မိတယ်။ ကာတွန်းဆရာတွေက ဘာလုပ်ပေးနိုင်မလဲ၊ ဘယ်လိုကူညီပေးနိုင်မလဲဆိုပြီး ဆွေးနွေးကြတယ်။ ပထမဆုံး ရန်ကုန် ဗန္ဓုလပန်းခြံရှေ့မှာ ငြိမ်းချမ်း ရေးကာတွန်းပြပွဲလုပ်ခဲ့တယ်။ အလွန်အောင်မြင်ခဲ့တယ်။ အခု ဒီညီလာခံမှာ ထပ်ပြီးလာပြတာပါ။
ဒီပွဲမှာကာတွန်းငါးခုရေးထားပါတယ်။ ရေးဆွဲတဲ့အခါမှာလည်း ကျွန်တော်တို့ စိတ်ခံစားမှုထက် ပြည်သူလူထုရဲ့စိတ်ခံစားမှုနဲ့ရေးဆွဲပါတယ်။ ပြည်သူလူထုက ငြိမ်းချမ်းရေးကိုလိုလားတောင့်တနေတယ်။ ဒါကြောင့် ပြည်သူတွေဆီကလာတဲ့ အသံတွေနဲ့ ကျွန်တော်တို့က ကာတွန်းရုပ်လေးတွေရေးဆွဲပြီး သရုပ်ဖော် ပေးတာပါ။ ကာတွန်းတစ်ကွက်ကြည့်လိုက်တာနဲ့ ဘာကိုဆိုလိုတာလဲဆိုတာ ပြည်သူကိုတစ်ချက်တည်းနဲ့ သိသွားစေပါတယ်။
ကာတွန်းကိုရွှေထူး(ပြည်)
ကာတွန်းကားပေါင်း ၃ဝဝ နီးပါးနဲ့ ရန်ကုန်မှာပြပွဲအရင်လုပ်ခဲ့တယ်။ နေပြည်တော်မှာတော့ ကာတွန်းကားပေါင်း ၁ဝဝ လောက်ပြသပါတယ်။ ကာတွန်းဆရာပေါင်း အယောက် ၄ဝ ပါဝင်ရေးဆွဲထားပါတယ်။ အားလုံးမျှော်လင့်တောင်းတနေတဲ့ ငြိမ်းချမ်းရေးကို ကာတွန်းရေးဆွဲပြီး လှုံ့ဆော်ပြသပေးတာပါ။
တစ်တိုင်းတစ်ပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးကိုလိုချင်နေကြတယ်။ ကာတွန်းဆရာတွေကလည်း ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အခါ အထောက်အကူပြုဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ရမယ်ဆိုတဲ့အသိစိတ်နဲ့ ကာတွန်းတွေရေးဆွဲဖြစ်သွားတယ်။ ငြိမ်းချမ်းရေးကြီးအောင်မြင်စေဖို့အတွက် စိတ်ရောကိုယ်ပါနှစ်ပြီး ကာတွန်းတွေကိုရေးဆွဲခဲ့ပါတယ်။
ကာတွန်းမောင်ရွှေဝင်း
ရန်ကုန်မှာ ငြိမ်းချမ်းရေးအတွက် ကာတွန်းပြပွဲပြုလုပ်ခဲ့တဲ့ပွဲပြီးတော့ နိုင်ငံတော်က နေပြည်တော်မှာလည်း ကာတွန်းပြပွဲတစ်ခုပြုလုပ်ပေးပါဆိုတဲ့အတွက် သမိုင်းဝင်ငြိမ်းချမ်းရေး ပင်လုံညီလာခံကြီးမှာ ကိုယ်တတ်ထားတဲ့ပညာနဲ့ ပါဝင်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ကတော့ ကာတွန်းငါးခုရေးဆွဲပြသပါတယ်။ ပြည်သူတွေရဲ့ ခံစားချက်ကို အားလုံးသိရအောင်လို့ ကာတွန်းရေးဆွဲပြီး ပြပွဲပြုလုပ်ခြင်း ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း- ရဲခေါင်ညွှန့်၊မင်းသစ်(သတင်းစဉ်)၊အောင်ရဲသွင်
ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment