Thursday, September 1, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပထမနေ့ အစည်းအဝေးစတင်ကျင်းပ



 


 နေပြည်တော်   သြဂုတ်   ၃၁

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ  ပထမနေ့ အစည်းအဝေးကို ယနေ့ မွန်းလွဲ  ၂  နာရီတွင်  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန -၂ (MICC-2) တွင် စတင်ကျင်းပရာ သဘာပတိ  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -(၂၁)ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း က အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက UPDJC ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား အစီရင်ခံစာတင်သွင်းရာ''ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)ဆိုတာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)မှာပါရှိတဲ့ နိုင်ငံရေးလမ်းပြမြေပုံ အတိုင်း နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်ကို ကြီးကြပ်လမ်းòန်ဖို့ တာဝန်ပေးအပ်ခြင်း ခံရတဲ့ ကော်မတီတစ်ရပ်ဖြစ်ပါတယ်။ ကော်မတီကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစု အဖွဲ့ ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအစုအဖွဲ့ ကိုယ်စား လှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် ၁၆ ဦး စုစုပေါင်း ၄၈ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ သတ္တမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အစည်းအဝေးမှာ ဆုံးဖြတ်ချက် ၁၉ ခုကို ချမှတ်နိုင်ခဲ့ပါတယ်။

''ဆုံးဖြတ်ချက်(၁)မှာ ''ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ''နဲ့  သက်ဆိုင်နေပြီး အားလုံးပါဝင်၍ အားလုံးပိုင်ဆိုင်သော ငြိမ်းချမ်းရေးဖြစ်စဉ် စတင် နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန်တို့ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ဆုံးဖြတ် ချက်တစ်ခုကတော့ ညီလာခံပြီးပြီးချင်းဆောင်ရွက်ရမယ့် နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ပါ။        

အဲ့ဒါက   နံပါတ်(၁၄)မှာပါတဲ့  ''ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ    ပထမ အစည်းအဝေးကျင်းပပြီးတာနဲ့  အမျိုးသားအဆင့်  နိုင်ငံရေးဆွေးနွေးပွဲများကို    စတင်ကျင်းပရန် သဘောတူသည်''ဆိုတဲ့ အချက်ပါ။ UPDJC ရဲ့ လုပ်ငန်းဆောင်ရွက်ချက်အားလုံးနဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အားလုံးကို ၂ဝ၁၆ သြဂုတ်လမှာ    ကျင်းပတဲ့   တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)မှာ အတည် ပြုချက်ရယူပြီးဖြစ်ကြောင်း   ဤညီလာခံကြီးသို့ လေးစားစွာ  အစီရင်ခံ တင်ပြအပ်ပါတယ်''ဟု ပြောကြားသည်။

ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ လေ့လာစောင့်ကြည့်ရေး ပူးတွဲ ကော်မတီ(JMC)၏    အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က JMC ရဲ့ ဖွဲ့စည်းပုံကို ပြည်ထောင်စု အဆင့်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်၊ ဒေသ ဆိုင်ရာအဆင့်ဆိုပြီးJMC ယ္တရားကို အလွှာ သုံးခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲဒီကော်မတီ အလွှာတိုင်းမှာလည်း  အစိုးရ၊  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့   အရပ်သား ကိုယ်စားလှယ်တွေဆိုပြီး အစု ၃ စုနဲ့ ဖွဲ့စည်းထား တာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ ဒေသဆိုင်ရာ အဆင့်မှာ ရပ်ကွက်ကျေးရွာက ရွေးချယ်ထားတဲ့ ဒေသခံပြည်သူလူထုကိုယ်တိုင် စောင့်ကြည့်ရေး လုပ်ငန်းတွေမှာ ပါဝင်နိုင်အောင် စုဖွဲ့ထားခြင်းပဲ ဖြစ်ပါတယ်။

ယခုအခါမှာ ပြည်ထောင်စုအဆင့်JMC ရဲ့ ပင်မရုံးအဖွဲ့ကိုလည်း ကနဦးယာယီရုံးအနေနဲ့ ဖွဲ့စည်းလည်ပတ်နေပြီ    ဖြစ်ပါတယ်။     ပစ်ခတ် တိုက်ခိုက်မှုစောင့်ကြည့်ရေး လုပ်ငန်းတွေအတွက် အဓိကကျတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ဖွဲ့စည်းရေးကို ဦးစားပေးဆောင်ရွက်ခဲ့တဲ့အတွက် ယခုအခါမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်၊  မွန်ပြည်နယ်နဲ့  ရှမ်းပြည်နယ်တွေမှာ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။JMC လုပ်ငန်းအကောင် အထည်ဖော်မှုရဲ့ အဓိကဆောင်ရွက်ချက်ကတော့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေ ကြားမှာ တိုက်ပွဲတွေ လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ်။JMC ယ္တရားကို  ထိရောက်အောင် အကောင် အထည်ဖော်ဆောင်ရွက်တဲ့အတွက် သတ်မှတ် ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို နှစ်ဖက်တပ် များ လိုက်နာစောင့်ထိန်းစေရန် ကြီးကြပ်နိုင်မှာ ဖြစ်ပါတယ်။  ပြည်သူလူထုအပေါ်  ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့  နှစ်ဖက်တပ်တွေကြားမှာ ရန်လိုမှုတွေ လျှော့ချနိုင်ဖို့၊ ယုံကြည်မှုတွေ တည်ဆောက်ဖို့ အတွက်   တည်ငြိမ်ကောင်းမွန်တဲ့  အခြေအနေ တွေကို   ဖန်တီးတည်ဆောက်ရမှာ  ဖြစ်ပါတယ်။

ဒါမှသာ နိုင်ငံရေးဆွေးနွေးပွဲတွေကို အထောက် အကူပြုနိုင်မှာဖြစ်ပြီး အဲဒီကတစ်ဆင့် ဒီမိုကရေစီ နဲ့   ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့  ပြည်ထောင်စု ကို   နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီ   တည် ဆောက်သွားနိုင်မှာဖြစ်ပါတယ်''ဟု ပြောကြား သည်။

ယင်းနောက်   နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဆွေးနွေးချက်များနှင့် ပတ်သက်၍  ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တွဲဖက်အတွင်းရေးမှူး           စိုင်းကျော်ညွန့်က ''တစ်နိုင်ငံလုံး၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက် ပွဲရလဒ်နဲ့ ဖွဲ့စည်းခဲ့တဲ့ အစိုးရသစ်က အားလုံးပါဝင် ရေးမူကို  အခြေခံပြီး  ငြိမ်းချမ်းရေးညီလာခံမှာ NCA လက်မှတ်ရေးထိုးထားတာ  မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို      ညီလာခံတက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲမှု   လုပ်ငန်းစဉ် မှာ  မပါခဲ့တဲ့ NCA လက်မှတ်မရေးထိုးထားတဲ့        တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်းတွေ ကိုလည်း   ဖိတ်ကြားပြီး    မူဘောင်သုံးသပ်မှု အစည်းအဝေးကို ပထမ အကြိမ်နဲ့ ဒုတိယအကြိမ် ကျင်းပနိုင်ခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ  မူဘောင်  ပြန်လည်သုံးသပ်ခြင်း   အစည်းအဝေး ကို  ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအပြီးမှာ ဆက်လက်ကျင်းပဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

      နောင်ဆက်လက်ကျင်းပမယ့်    ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံမှာ အားလုံးပါဝင်ရေးမူကို အလေးထားတဲ့ အနေနဲ့  ယခုအကြိမ်မှာ    ပါဝင်တက်ရောက်ခွင့် မရရှိသေးတဲ့ အဖွဲ့အစည်းတွေ  ပါဝင်လာနိုင်ရေးကို   ဝိုင်းဝန်းကြိုးစားပေးကြဖို့၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို   အထောက် အကူပြုစေမယ့်     နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို   ရေးဆွဲဖို့အတွက်   သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက သဘောထားကြီးစွာနဲ့ ပါဝင်ပေးကြဖို့ တိုက်တွန်းပါတယ်'' ဟု ပြောကြား သည်။

ဆက်လက်၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ    ကိစ္စရပ်များနှင့်  စပ်လျဉ်း၍  ပဒိုစောကွယ်ထူးဝင်းက ''အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲတွေကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ပထမအစည်းအဝေး ကျင်းပပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ရေးဆွဲ   အတည်ပြုမှု   ပြုလုပ် ကာ ဆွေးနွေးပွဲတွေကို  စတင်ပါမယ်။  ဆွေးနွေးမယ့် ခေါင်းစဉ်တွေအပေါ်မှာ    လုပ်ငန်းကော်မတီ အသီးသီးဖွဲ့စည်းပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၏ ဦးဆောင် လမ်းညွှန်မှုနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။  အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်မှာ    သဘောတူညီ ထားတဲ့အတိုင်း   ဒေသအလိုက်၊  လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် ကျင်းပသွားရမှာပါ။

အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲတွေမှာ ပြည်ထောင်စုအစိုးရအဖွဲ့က ကိုယ်စား လှယ်တွေ၊ လွှတ်တော်အသီးသီးက ကိုယ်စားလှယ် တွေ၊    တပ်မတော်သား     ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီး ကကိုယ်စားလှယ်တွေ၊ တရားဝင်နိုင်ငံရေး ပါတီ အစုအဖွဲ့က ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လူမျိုးကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ အခြားပါဝင် သင့် ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ပါတယ်။ အမျိုး သားအဆင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ သက်တမ်းဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံရဲ့ သက်တမ်းအတိုင်း ဖြစ်ပါတယ်'' ပြောကြားသည်။

ထို့နောက်  ညီလာခံအကြို    ပြင်ဆင်ရေး ကော်မတီ၏ ဆောင်ရွက်ချက်များကို ဦးလှမောင် ရွှေက အစီရင်ခံတင်ပြပြီး ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁) ရာစုပင်လုံတွင် ဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)က ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍  ညီလာခံဆိုင်ရာ   စည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ရဲဘော်မျိုးဝင်းက တက်ရောက်သူများ  လိုက်နာရမည့်  စည်းမျဉ်း စည်းကမ်းများနှင့် လေ့လာသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို   ဖတ်ကြားတင်သွင်း သည်။

ယင်းနောက် ဒေါက်တာတင်မျိုးဝင်းက နိဂုံး ချုပ်အမှာစကားပြောကြား၍      ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ပထမနေ့ မွန်းလွဲပိုင်း အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ 
ညနေပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ ဦးလှမောင်ရွှေ၊ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်း၊ ဦးဇော်ဌေးနှင့် ဦးစိုင်းကျော်ညွန့်တို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ  ပထမအစည်းအဝေး  အစီအစဉ်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ပြည်တွင်း ပြည်ပ မီဒီယာများ၏ မေးမြန်းမှုများ အား ပြန်လည်ဖြေကြားခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment