Friday, September 2, 2016

၂ဝ၁၇ ခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများအတွက် မြန်မာအမျိုးသမီးအသင်းပြင်ဆင်



Image may contain: 4 people , people smiling , outdoor
ရန်ကုန် စက်တင်ဘာ ၁
အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂ဝ၁၆ အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် တတိယရရှိခဲ့သည့် မြန်မာအမျိုးသမီးအသင်းသည် ၂ဝ၁၇ ခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် ဆီးဂိမ်း ပြိုင်ပွဲနှင့် အာရှဖလားခြေစစ်ပွဲတို့အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံအမျိုးသမီးပြိုင်ပွဲတွင် ချန်ပီယံနှစ်ကြိမ်ရရှိဖူးသော်လည်း ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင်ခြင်းမရှိသေးပေ။ မြန်မာအမျိုးသမီးအသင်းသည် ၂ဝ၁၇ ခုနှစ် အတွင်း ဆီးဂိမ်းပြိုင်ပွဲအပါအဝင် ၂ဝ၁၈ အာရှဖလား အမျိုးသမီးခြေစစ်ပွဲအတွက်ပါ ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် သြဂုတ် ၂၉ ရက်မှစ၍ လေ့ကျင့်လျက်ရှိသော်လည်း တစ်ပတ်လျှင် သုံးရက်သာ လေ့ကျင့်နေပြီး နည်းပြချုပ် ရော်ဂျာရိုင်နာရောက်ရှိအပြီး စက်တင်ဘာ ၁၂ ရက်မှစ၍ နေ့စဉ်လေ့ကျင့်သွားမည်ဖြစ်သည်။ နယ်သာလန်အမျိုးသမီးလက်ရွေးစင်အသင်း နည်းပြဟောင်းရော်ဂျာရိုင်နာသည် မြန်မာအမျိုးသမီးအသင်းကို ဖေဖော်ဝါရီလမှစတင်ကိုင်တွယ်ခဲ့ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂ဝ၁၆ အာဆီယံအမျိုးသမီးပြိုင်ပွဲတွင် အောင်မြင်မှုမရရှိခဲ့ဘဲ တတိယသာ ရရှိခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သက်တမ်းတိုး ရန်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ရော်ဂျာရိုင်နာသည် စက်တင်ဘာလ ဒုတိယပတ်တွင် ပြန်လည်ရောက်ရှိ မည်ဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲနှင့် အာရှဖလားခြေစစ်ပွဲအတွက် အချိန်ယူ ပြင်ဆင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းကို ပဏာမကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ယူ-၁၉ အမျိုး သမီးအသင်းကို သုံးဦးပြန်ပေးထားရသောကြောင့် ၂၄ ဦးဖြင့်သာ စတင် လေ့ကျင့်လျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၄ ရက်အထိ မန္တလေး မြို့၌ ကျင်းပခဲ့သည့် အာဆီယံ အမျိုးသမီးပြိုင်ပွဲတွင် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့သော်လည်း တတိယလုပွဲတွင် သြစတြေးလျ ယူ-၂ဝ အသင်းကို အနိုင်ကစားခဲ့သည်။
မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူနိုင် ခြင်းမရှိသေးသော်လည်း ၁၉၉၇ ပြိုင်ပွဲ၊ ၂ဝဝ၃ ပြိုင်ပွဲ၊ ၂ဝဝ၅ ပြိုင်ပွဲ တို့တွင် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ သည်။ နောက်ဆုံးကျင်းပခဲ့သည့် ၂ဝဝ၇၊ ၂ဝဝ၉၊ ၂ဝ၁၃ ပြိုင်ပွဲတို့တွင် မြန်မာအမျိုးသမီးအသင်းမှာ ဗိုလ်လု ပွဲတက်ရောက်နိုင်ခြင်းမရှိဘဲ တတိယ နေရာသာရယူနိုင်ခဲ့သည်။
ရှိုင်းထက်ဇော်

No comments:

Post a Comment