Friday, September 2, 2016

စစ်ဘေးဒဏ်ခံရတဲ့နေရာတွေ၊ စစ်ရှောင်ဒေသက ကလေးတွေရဲ့အသံကို ကျွန်တော် နားထောင်ခဲ့တယ်၊ သူတို့အသက်လုပြေးရတဲ့ဘဝက လွတ်ချင်တယ်၊ သူတို့အများနည်းတူ ပညာသင်ချင်တယ်၊ အေးချမ်းစွာ အသက်မွေးချင်ကြတယ်



The Mirror Daily's photo.
ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
သြဂုတ် ၃၁ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံသို့ တက်ရောက်လာကြသူများထဲမှ အချို့ကို တွေ့ဆုံမေးမြန်းထားမှုများအား ဖော်ပြလိုက်ပါသည် -
ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
ဒီငြိမ်းချမ်းရေးညီလာခံကနေ အရင်ကထက်စာရင် တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးယုံကြည်မှုရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလို ယုံကြည်ဖို့အတွက်လည်း ပွင့်လင်းမြင်သာဖို့ အရေးကြီးပါတယ်။ အပြန်အလှန် ဝှက်ဖဲတွေမထားဖို့ လိုပါတယ်။ ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ အရင်ထက် အပေါင်းလက္ခဏာဆောင်လာမယ်။ ကျွန်တော်တို့ ပြည်သူတွေကလည်း အများကြီးလောဘမကြီးပါဘူး။
စစ်ဘေးဒဏ် ခံရတဲ့နေရာတွေ၊ စစ်ရှောင်ဒေသက ကလေးတွေရဲ့အသံကို ကျွန်တော် နားထောင်ခဲ့တယ်။ သူတို့ အသက်လုပြေးရတဲ့ဘဝက လွတ်ချင်တယ်။ သူတို့အများနည်းတူ ပညာသင်ချင်တယ်။ အေးချမ်းစွာ အသက်မွေးချင်ကြတယ်။ ဒါကြောင့် အားလုံးသဘောတူတဲ့ အဖြေမရတောင် စစ်ပွဲတွေ စိတ်ချ လက်ချရပ်လို့ရတဲ့ အခြေအနေကနေ စတင်စေချင်ပါတယ်။ ဒီဆွေးနွေးပွဲဟာ လူကြီးလူကောင်းဆန်တဲ့ ဆွေးနွေးပွဲဖြစ်အောင် အားလုံးကကြိုးစားရမှာပါ။ ပြည်သူတွေ နောက်ထပ် မကြေကွဲပါရစေနဲ့လို့ ကျွန်တော်ပြောချင်ပါတယ်။
ဦးသန်းဌေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ

ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အကောင်းဆုံးမျှော်လင့်ထားပါတယ်။ ဘဝမျိုးစုံဖြတ်သန်းခဲ့တယ်။ စစ်သားဘဝလည်း ဖြတ်သန်းခဲ့တယ်။ အဲဒီဘဝမှာ အင်မတန်ခါးသီးတဲ့ အတွေ့အကြုံတွေ၊ သေကြ၊ ကျေကြပျက်စီးကြတာတွေ ကိုယ်တိုင်ကြုံတွေ့ဖူးတယ်။ သက်ဆိုင်ရာ ဒေသတွေမှာဖြစ်တဲ့ အပျက်အစီး တွေ၊ စိတ်မကောင်းစရာတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်။ ဒီဒုက္ခတွေငြိမ်းချင်တာပါ။ ကိုယ်ကိုယ်တိုင်ဝင်ပြီး တိုက်ခိုက်ခဲ့ရတဲ့အတွက် အချိန်မရွေး သေသွားနိုင်တယ်။ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးက စစ်သားတွေပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း တိုက်ခိုက်နေတဲ့စစ်သားတွေ၊ တစ်ဖက်က အစိုးရတပ်မတော် အဲဒီလိုလူတွေငြိမ်းချမ်းရေးကို အလိုချင်ဆုံးပဲဖြစ်ပါတယ်။
ဒေါ်ဒွဲဘူ
ကချင်တိုင်းရင်းသားအစုအဖွဲ့

အခု (၂၁) ရာစုပင်လုံမှာ တိုင်းရင်းသားလက်နက်ကိုင် အတော်များများ ပါလာပြီ။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေလည်း ပါလာပြီ။ ပင်လုံအပြီးမှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးရသေး တဲ့အဖွဲ့တွေလည်း လက်မှတ်ထိုးလာနိုင်မယ်လို့မျှော်လင့်ပါတယ်။ နောက်တစ်ခုက (၂၁) ရာစုပင်လုံကို ကျင်းပနေတဲ့အချိန်မှာ တိုင်းရင်းသားအားလုံးလည်း ပြုံးပြုံးရွှင်ရွှင်တက်ရောက်ကြတယ်။ နှစ်ဖက် လက်နက်ကိုင်ခေါင်းဆောင် တွေလည်း ပြုံးပြုံးရွှင်ရွှင်နဲ့လာတက်နေပါတယ်။ အဲဒီလိုပဲ အောက်ခြေမှာ တိုက်ပွဲဖြစ်နေတဲ့သူတွေလည်း အတူယှဉ်တွဲနေထိုင်စေချင်ပါတယ်။ ကျွန်မတို့ ပြည်သူတွေ ဟိုပြေးဒီလွှား မျက်ရည်၊ မျက်ခွက်နဲ့ မိုးမလုံ၊ လေမလုံနေထိုင်ရတဲ့ ဘဝတွေကနေ အမြန်ဆုံးလွတ်မြောက်ချင်ပါတယ်။ အပေါ်နဲ့အောက်နဲ့ ရေချိန်အမြန်ဆုံး ညှိဖို့လိုပါတယ်။
တိုက်ပွဲတွေက ပင်လုံညီလာခံမတိုင်မီတောင်မှ ကိုယ့်အသိစိတ်နဲ့ ကိုယ်ရပ်သင့်ပါတယ်။ ပင်လုံညီလာခံပြီးသွားရင်တော့ ကျွန်မဆက်မပြောတော့ပါဘူး။ သူတို့သိမှာပါ။ ကျွန်မတို့နိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ တိုင်းရင်းသားညီအစ်ကိုတွေ တစ်ယောက်နဲ့တစ်ယောက် အခွင့်အရေး တန်းတူ ညီမျှဖို့အတွက် လက်နက်ကိုင်ပြီးတော့ ပြဿနာတွေ ဖြစ်ပွားနေတာပါ။ ဒီလို စည်းလုံးညီညွတ်မှုမရှိတဲ့အတွက်ကြောင့် အင်မတန်မှ သာယာလှပတဲ့၊ သယံ ဇာတပေါများတဲ့ တိုင်းပြည်ဟာ ချွတ်ခြုံကျနေတာပါ။
(၂၁) ရာစုပင်လုံညီလာခံကတော့ တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုအတွက် ထွက်ပေါက်ဖြစ်မယ်လို့ မြင်ပါတယ်။ ငြိမ်းချမ်းရေးဆိုတဲ့နေရာမှာတော့ တိုင်းရင်းသားတွေက ကိုယ်လိုချင်တာတွေပဲလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေး ဆီဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တာနဲ့ သူဖြစ်ချင်တာတွေ ညှိနှိုင်းပြီးတော့မှ အပေးအယူမျှမျှတတနဲ့ လုပ်ဆောင်သွားရမှာပါ။ အပေးအယူမျှတယ်ဆိုတဲ့နေရာမှာလည်း ဖြစ်သင့်တဲ့အပေးအယူမျိုးကို အားလုံးညီတူမျှတူ စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်းတိုင်ပင်မယ်၊ စားပွဲပေါ်မှာ ဆွေးနွေး အဖြေရှာမယ်၊ ဥပဒေတစ်ခုအတည်ပြုနိုင်မယ်ဆိုရင် ပင်လုံညီလာခံကြီးရဲ့ ရည်ရွယ်ချက်အောင်မြင်မယ်၊ တိုင်းရင်းသားတွေစည်းလုံးညီညွတ်ပြီးတော့ ကျွန်မတို့နိုင်ငံကြီးလည်း ပြန်လည်နာလန်ထူလာနိုင်မယ်။
ပင်လုံညီလာခံမှာ လက်မှတ်ထိုးပြီးသား လက်နက်ကိုင်တွေ၊ လက်မှတ် မထိုးရသေးတဲ့ လက်နက်ကိုင်တွေ၊ တပ်မတော်၊ အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားအစုအဖွဲ့၊ ပါဝင်သင့်ပါဝင်ထိုက်သူများအဖွဲ့၊ နိုင်ငံရေးပါတီ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင် တက်ရောက်တဲ့အပေါ်မှာ အလွန်ဝမ်းမြောက်ပါတယ်။ ဘာကြောင့်လဲဆိုရင် အရင်ကလုပ်ခဲ့တဲ့ အရာတွေဟာ သိပ်ပြီးထင်သာမြင်သာမရှိခဲ့ပါဘူး။ ဒီတစ်ခေါက်ကတော့ ကမ္ဘာကပါ စောင့်ကြည့်နေတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပါဝင်မှုဟာ အတော်လေး အထောက်အကူဖြစ်စေပါတယ်။ ကျန်တဲ့တိုင်းပြည်တွေကနေ ငြိမ်းချမ်းရေးကို ရစေချင်လို့ နည်းလမ်းအမျိုးမျိုးနဲ့ ကူညီပံ့ပိုးနေတဲ့ပုဂ္ဂိုလ်တွေလည်း တက်ရောက်တဲ့အတွက် အားရစရာပါ။
နိုင်ငံတော်အတွက်၊ ပြည်သူအတွက်၊ တိုင်းရင်းသားတွေ တန်းတူညီမျှမှုအတွက်၊ ခိုင်မာတဲ့လုပ်ငန်းတွေအတွက် အများကြီး မျှော်လင့်ပါတယ်။ ဒီညီလာခံကြီးက အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားတွေ ပေါင်းစည်း ရေးအတွက် အစပျိုးတဲ့၊ ရှေ့ဆက်ပြီး ပေါင်းစည်းမယ့် လူမျိုးအလိုက် ဆွေးနွေးပွဲတွေ၊ ဒေသအလိုက်ဆွေးနွေးပွဲတွေ၊ အကြောင်းအရာအလိုက် ဆွေးနွေးပွဲတွေ ရှိလာမယ်။ ဒီညီလာခံမှာတော့ အစိုးရရဲ့အသံ၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့အသံ၊ တပ်မတော်ရဲ့အသံ၊ ပြည်သူလူထုအသံ၊ နိုင်ငံရေး အသံ အဲဒါတွေကို နားထောင်ပြီးတော့ အောက်ခြေဒေသတွေအထိ သယ်သွားပြီး နောက်တစ်ကြိမ်ကျင်းပတဲ့အခါမှာ အောက်ခြေနဲ့အပေါ် ညှိရမှာ ဖြစ်ပါတယ်။
ဆုံးဖြတ်ချက်တွေချနိုင်မယ်။ ဥပဒေဖြစ်လာတယ်ဆိုရင် တိုင်းပြည်ဟာ မျှော်လင့်ချက်တွေအများကြီးနဲ့ လှုပ်ရှားနိုင်မယ်၊ သွားလာနိုင်မယ်။ ငြိမ်းချမ်းရေးကို အထောက်အပံ့ပေးနိုင်မယ့်အခြေအနေ ဖန်တီးပေးမယ့်အရာ ဖြစ်တယ် လို့ မျှော်လင့်ပါတယ်။
ဦးခက်ထိန်နန်
တိုင်းရင်းသားကိုယ်စားလှယ်

တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ကို အစိုးရဘက်က မဖိတ်လို့ဆိုတာ တွေကြား နေရတယ်။ ကျွန်တော်တို့ သိသလောက်ကတော့ နိုင်ငံတော်အစိုးရ ကလည်းဖိတ်တယ်။ ဖိတ်ပေမယ့်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတိုင်းဟာ သူ့သမိုင်းနဲ့ သူ့နောက်ခံ အကြောင်းအခြေအနေရှိတယ်။ ဒါကြောင့်မို့လို့ ဒီအနေအထားအရ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင် ဖို့အတွက် တောက်လျှောက်ညှိနှိုင်းမှုတော့ ရှိပါတယ်။
ကျွန်တော်တို့အားလုံးကလည်း ဒီတစ်ခေါက်ကတော့ ပါဝင်လာတော့မယ်လို့ မျှော်လည်း မျှော်လင့်တယ်။ ယုံလည်းယုံကြည်တယ်။ အစိုးရရော တပ်မတော်ရော အကုန်လုံးတော့ ကြိုးစားတယ်၊ ညှိနှိုင်းတယ်။ ဒါပေမယ့် အချိန်ကာလအတိုင်းအတာအရ ဒီညီလာခံမှာ သူတို့မပါဝင်ဖြစ်ပေမယ့်လို့ လည်း အားလုံးက ဆက်ကြိုးစားရင် နောင်လာမယ့် အချိန်မှာကတော့ အတူတကွလက်တွဲပြီး ပါဝင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုမှမဖြစ်ရင်လည်းမရဘူး။ တစ်နိုင်ငံတည်းမှာ၊ တစ်ပြည်ထောင်စု ထဲမှာ အတူတူနေတဲ့သူတွေကတော့ တစ်ချိန်ချိန်မှာ အတူတကွ ညှိနှိုင်းသွား ပြီးတော့ လက်တွဲဖို့ လိုအပ်ပါတယ်။ ဒါဟာ အားလုံးရဲ့တာဝန်ဖြစ်သလို ဒီခေတ် ဒီစနစ် ဒီအချိန်အခါမှာ ဦးဆောင်နေတဲ့သူတွေရဲ့တာဝန်လည်း ဖြစ်ပါ တယ်။
ဒီညီလာခံကနေပြီးတော့ ကျွန်တော်တို့ ရင်ထဲမှာ၊ ဦးနှောက်ထဲမှာ၊ အသွေးထဲ အသားထဲမှာ၊ ရိုးတွင်းချဉ်ဆီထဲမှာ ကျွန်တော်တို့ လိုချင်တဲ့၊ တောင့်တနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုရရှိမယ် လို့၊ ဒီမှာ အစပြုမယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံအတွက် အရေးကြီးတဲ့၊ ပြည်ထောင်စုအတွက် အရေးကြီးတဲ့၊ တိုင်းရင်းသားတွေ အားလုံးအတွက် အရေးအကြီးဆုံးဖြစ်လို့ လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်သွားဖို့၊ လိုအပ် ချက်ပေါ်မူတည်ပြီး သုံးရက်နဲ့ပြီးရင်လည်းသုံးရက်၊ လေးရက်ဆိုလည်း လေးရက် အစည်းအဝေးကျင်းပသွားဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခဲ့တယ်။ ဒါပေမယ့် အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဆိုတဲ့နေရာမှာ (၂၁) ရာစုပင်လုံဆိုပြီး ထပ်ပြီးတော့ထည့်လိုက် တဲ့အတွက်ကြောင့် ၁၉၄၇ ပင်လုံသည် လွတ်လပ်ရေးရဖို့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာတဲ့ ပင်လုံဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ (၂၁)ရာစုပင်လုံဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ရရှိအောင် ကြိုးစားသွားမယ့် ညီလာခံ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။
နိုင်ငံရေးအရ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေကိုတော့ ဒီညီလာခံပြီးမှ ဆက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်တဲ့အတွက် ဒီညီလာခံဟာ အဖွင့် အစပြုတဲ့ညီလာခံပဲ ဖြစ်ပါတယ်။ ဒီညီလာခံပြီးတာနဲ့ ငြိမ်းချမ်းရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် သယံဇာတခွဲဝေရေးခေါင်းစဉ်တွေနဲ့ ဆက်ပြီးတော့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆက်တိုက်ကိုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
နောက်တစ်ကြိမ် ညီလာခံကို ခြောက်လအတွင်းမှာ ထပ်ပြီးတော့ ကျင်းပသွားမှာပါ။ ဒီကြားထဲမှာ ဒီခေါင်းစဉ်ငါးချက်နဲ့ ဆွေးနွေးလို့ရခဲ့တဲ့ သဘောတူညီချက်တွေကို နောက်တစ်ကြိမ် ညီလာခံမှာ ပြန်ပြီးတော့တင်ပြသွားဖို့ ဖြစ်ပါတယ်။
ဦးထွန်းဇော်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)

NCA လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်းမှာ မြေပြင်အခြေအနေတွေ ကိုကြည့်တယ်။ လက်တွေ့အကောင်အထည်ဖော်မှုတွေကို ကြည့်တယ်။ ကျွန်တော်တို့ NCA လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ နည်းနည်း သုံးသပ်စရာလေးတွေရှိတယ်။ အဲဒါလေးတွေကို ဆွေးနွေးခွင့်ပေးဖို့ လိုတယ်။ အဲဒါကို ဆွေးနွေးခွင့်ရဖို့လည်း ကျွန်တော်တို့ဘက်က အဆိုပြုချက် ရှစ်ချက်တင်ပြထားတာရှိတယ်။ အဲဒါကိုတော့ (၂၁)ရာစုပင်လုံ ဖွင့်ပွဲပြီးရင် ညှိနှိုင်းဖို့ ဆက်လက်ဆွေးနွေးဖို့ အချက်အနေနဲ့ သဘောတူထားတာရှိတယ်။ အဲဒီ အချက်တွေကိုလည်း ဆက်ပြီးတော့ ဆွေးနွေးရပါဦးမယ်။ ဒီညီလာခံမှာ ဆုံးဖြတ်ချက်ချဖို့ဆိုပြီး ပြင်ဆင်ထားတာတော့ မရှိသေးပါဘူး။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်က ရေရှည်သွားမယ့်ဖြစ်စဉ်ပါ။ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ဆိုတာတို့ နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းဆိုတာတွေက အကုန်လုံး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ဦးတည်နေတယ်။ မူဘောင်ကလည်း သုံးသပ်နေတဲ့အဆင့်မှာပဲ ရှိနေသေးတယ်။ သုံးသပ်လို့ မပြီးသေးဘူး။
(၂၁)ရာစုပင်လုံညီလာခံဆိုတာ ကျွန်တော်တို့ရေရှည်သွားမယ့် ခရီးအတွက် ပထမခြေလှမ်းပဲဖြစ်သေးတယ်။ ပထမခြေလှမ်းကနေပြီးတော့ ဆက်ပြီးတော့မှ မိုင်ထောင်ချီခရီးကြီးကို ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဒါတွေက ဒီဖွင့်ပွဲပြီးတာနဲ့ အရှိန်ရလာမယ်။
ဒီအရှိန်ကို မသတ်လိုက်ဘဲနဲ့ ဒီအရှိန်ကိုယူပြီးတော့မှ ဆက်ပြီးတော့ မြန်မြန်ဆန်ဆန်သွားဖို့လိုလိမ့်မယ်လို့ ကျွန်တော်မြင်တယ်။ ဒီ PROCESS မှာ သူ့အဆင့်နဲ့သူရှိတယ်။ နိုင်ငံရေးစားပွဲဝိုင်းမှာ ညှိနှိုင်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်ရမယ်။ ငြိမ်းငြိမ်းချမ်းချမ်းအဖြေရှာနိုင်ဖို့အတွက် ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့လိုမယ်၊ တည်ဆောက်ဖို့လိုမယ်။ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်က ဘာဖြစ်ရမလဲဆိုတော့ မြေပြင်မှာ တိုက်ပွဲတွေရပ်ရမယ်။ မြေပြင်မှာ တိုက်ပွဲတွေရှိနေရင် ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်မဖြစ်ဘူး။
ကျွန်တော်မြင်တာကတော့ အစိုးရတပ်မတော်ဘက်က မူဝါဒတွေနဲ့ ပတ်သက်ပြီးတော့ တရားသေဆုပ်ကိုင်မှုမထားဘဲနဲ့ အလျှော့အတင်းလုပ်မယ်။ သဘောထားကြီးမယ်ဆိုရင် မြေပြင်ကတိုက်ပွဲတွေ မြန်မြန်ဆန်ဆန် ရပ်နိုင်မယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေက သူတို့နယ်မြေမှာ သူတို့နေနေတာဖြစ်တယ်။ မြန်မာ့တပ်မတော် က ဒါကို ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်းအဖြေရှာပြီးတော့မှ တိုက်ပွဲတွေမလုပ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာမယ်ဆိုရင် မြန်ဆန်တဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆီကို ရောက်မယ်လို့ မြင်ပါတယ်။
ဒီညီလာခံကြီး ကျင်းပတဲ့ ရည်ရွယ်ချက်က နှစ်ခုရှိပါတယ်။ ဒီညီလာခံက အားလုံးစုပေါင်းပြီး အတူတကွကျင်းပတဲ့ ညီလာခံဖြစ်တယ်။ အားလုံးတန်းတူ ရည်တူနဲ့ ပါဝင်တက်ရောက်ပြီးတော့မှ ပါဝင်တက်ရောက်သူတွေအနေနဲ့ တင်ပြကြမယ်၊ ဆွေးနွေးကြမယ်ဆိုတဲ့ အနေအထားပါ။ ဆုံးဖြတ်ချက်တွေ လုပ်မှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ဘက်ကတော့ UNFC အနေနဲ့ တင်ပြထားဖို့တော့ ပြင်ဆင်ထားတယ်။ ဒါပေမယ့် အစုအဖွဲ့နဲ့ တင်ပြမှုကို သူတို့က ခွင့်မပြုဘူးဆိုတာမျိုး တော့ ဖြစ်နေတယ်။ တစ်ဖွဲ့ချင်းစီက အချိန် ၁ဝ မိနစ်စီ ရတယ်။ အဲဒီ ၁ဝ မိနစ်စီကို အသုံးချပြီးတော့ တစ်ဖွဲ့ချင်းစီမှ တင်ပြပါဆိုပြီး ပြောထားတာ ရှိတယ်။ ဒီလုပ်နည်းလုပ်ဟန်လေးကတော့ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုနဲ့ မကိုက် ဘူးဖြစ်နေတယ်။ ဒါကို ကျွန်တော်တို့ ဘယ်လိုတင်ပြရမလဲ၊ ဘယ်လိုလုပ်ရ မလဲဆိုတာ မသိသေးတဲ့အတွက် ဆက်ပြီးညှိရဦးမယ်။
ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့ အထူးသဖြင့် UNFC အနေနဲ့ ကျွန်တော်တို့ NCA ဆိုတာ အတူတကွ လုပ်ခဲ့ ကြတာဖြစ်ပါတယ်။ နှစ်နှစ်သုံးနှစ်လောက်ကြာပါတယ်။ ဒီဖြစ်စဉ်ကြီးမှာ NCA နဲ့ပတ်သက်ပြီးတော့မှ အငြင်းပွားဖွယ်ရာမရှိပေမယ့် ကျွန်တော်တို့ဟာ NCA ကို လက်မှတ်ရေးထိုးပေးလိုက်တဲ့နောက်ပိုင်းမှာ အကောင်အထည်ဖော်မှု ဖြစ်စဉ်တွေကို ပြန်ကြည့်တဲ့အခါမှာ သုံးသပ်စရာလေးတွေရှိတယ်။ အဲဒါတွေ ကို သုံးသပ်ပြီးတော့ NCA လက်မှတ်ရေးထိုးနိုင်ရေးကိစ္စကို ကျော်ဖြတ်ရမှာ ဖြစ်တယ်။ အဲဒီလိုမျိုးဖြစ်ပေါ်ဖို့အတွက် ကျွန်တော်တို့ UNFC ဘက်က အဆိုပြုချက်လေးတွေ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက အစိုးရဘက်ကို ပေးထားပါတယ်။ ကျွန်တော်တို့ ပေးထားတဲ့ အဆိုပြုချက်ထဲမှာ အချက် (၈) ချက် ပါဝင်ပါတယ်။ အဲဒီ ရှစ်ချက်နဲ့ပတ်သက်ပြီး အစိုးရရဲ့ သဘောထားတုံ့ပြန်မှု က ဘာလဲဆိုတော့ ဆက်လက်ညှိနှိုင်းဆွေးနွေးရဦးမယ်ဆိုပြီးတော့ အဲဒီလို သဘောထားတုံ့ပြန်ထားပါတယ်။ အခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံပထမအစည်းအဝေးပြီးရင် ကျွန်တော်တို့အဆိုပြုထားတဲ့ အချက်တွေကို ဆက်လက်ပြီးတော့ ညှိနှိုင်းအဖြေရှာသွားဖို့ရှိပါတယ်။
ဦးနိုင်ငံကျော်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ဒီ (၂၁) ရာစုပင်လုံညီလာခံက လွပ်လပ်ရေးရပြီးနောက်ပိုင်းမှာ တိုင်းပြည် မငြိမ်မသက်ဖြစ်ခဲ့တဲ့ နှစ်ပေါင်း (၆ဝ) ကျော်မှာ တစ်တိုင်းပြည်လုံး တည်တည် ငြိမ်ငြိမ်နဲ့၊ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ တိုင်းပြည်ကြီးကို တည်ဆောက်သွားဖို့အတွက် ဒီညီလာခံကနေ အခြေခံပြီးမှ ကျွန်တော် တို့တစ်တွေ စည်းစည်းလုံးလုံး လုပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော့်အမြင်ပြောရရင် ဒီညီလာခံမှာ တက်ရောက်ဆွေးနွေးကြမယ့် တာဝန်ရှိတဲ့သူတွေအားလုံးက တိုင်းပြည်နဲ့ လူမျိုးတွေအတွက် ရှေးရှုပြီးတော့မှ ငါတို့တစ်တွေ ဘာတွေကောင်းအောင်ပေးဆပ်ကြမလဲ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသလို ကိုယ်လိုချင်တာတွေချည်းမဟုတ်ဘဲနဲ့ ငါတို့ တစ်တွေ ဘာတွေကိုပေးဆပ်ပြီးတော့မှ ငါတို့ တိုင်းပြည်နဲ့ လူမျိုးအတွက် ကောင်းအောင်၊ တိုင်းပြည်နဲ့လူမျိုး ငြိမ်းချမ်းအောင် ဘယ်လိုလုပ်ကြမလဲဆိုပြီးမှ ဆွေးနွေးညှိနှိုင်းသွားမယ်ဆိုရင် ဒီညီလာခံကြီးက အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။
တွေ့ဆုံမေးမြန်း - နိုင်လင်းကြည်၊ ခင်စုစုလှိုင်

No comments:

Post a Comment