Thursday, September 29, 2016

ချင်းတွင်းမြစ်ရေ သုံးစွဲ၍ရနိုင်သော်လည်း သောက်ရေအဖြစ်သုံးရန် မသင့်ကြောင်းထုတ်ပြန်ထား


Image may contain: outdoor, one or more people, nature and water
စစ်ကိုင်း စက်တင်ဘာ ၂၈

ချင်းတွင်းမြစ်အတွင်း ရေမည်းများ စီးဆင်းခြင်းသည် စာရာမေတိတောင် ခြေ၌ မြစ်ဖျားခံပြီး ချင်းတွင်းမြစ်နှင့် နန့်ဘုတ်ချောင်းအတွင်း စီးဝင်သည့် မိုင် ၁၃ဝ ခန့်အရှည်ရှိ နန့်စလိန်ချောင်း လက်တက်တစ်ခုမှ မြေများ ပြိုကျ၍ မည်းပျစ်သောရေများ စီးဆင်းခြင်း ကြောင့်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ ရေမည်းလေ့လာစုံစမ်းရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲမှ သိရ သည်။
''စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာမြင့်နိုင်ရဲ့ တာဝန်ပေး ချက်အရ ချင်းတွင်းမြစ်ရေမည်းတဲ့ ကိစ္စ ကို လေ့လာစုံစမ်းဖို့ အဖွဲ့ဝင်ရှစ်ဦးပါတဲ့ ရေမည်းလေ့လာစုံစမ်းရေးအဖွဲ့ဖွဲ့စည်းခဲ့ပါတယ်။ ရေမည်းလေ့လာစုံစမ်းရေးအဖွဲ့ စက်တင်ဘာ ၆ရက်မှာ ခ္တီးကိုရောက်ပြီး တာဝန်ရှိသူ ဒေသခံတွေနဲ့ ညှိနှိုင်း ဆွေးနွေးချက်တွေအရ ရေမည်းတွေဟာ
နန့်စလိန်ချောင်းကနေ နန့်ပုတ်ချောင်း၊ အဲဒီကနေ ချင်းတွင်းမြစ်ထဲစီးဝင်တာပါ။ လေ့လာရေးအဖွဲ့ဟာ ရေမည်းစတင်ဖြစ် ပေါ်လာရတဲ့အကြောင်းရင်း၊ စတင်ဖြစ် ပေါ်တဲ့ဒေသနဲ့ စီးဆင်းရာနေရာကို ရှာဖွေခဲ့ကြတာပါ။ ဒါ့အပြင် ရေမည်း စီးဆင်းရာဒေသတစ်လျှောက်မှ ပြည်သူ တွေ အန္တရာယ်ရှိနိုင်မှုအခြေအနေနဲ့ အများပြည်သူကို သတင်းအမှန် ထုတ် ပြန်ပေးနိုင်အောင် လေ့လာခဲ့တာဖြစ်ပါ တယ်''ဟု ရေမည်းလေ့လာစုံစမ်းရေး အဖွဲ့ ခေါင်းဆောင် တိုင်းဒေသကြီး စာရင်းစစ်ချုပ်ဦးစိုးလွင်က ပြောပြ သည်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချင်းတွင်း မြစ်တစ်လျှောက် သြဂုတ် ၃ဝ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေရာ ကိုး နေရာတွင် ရေအခြေအနေကိုတိုင်းတာ စစ်ဆေးခဲ့ရာ WHO စံနှုန်းအောက် ရောက်ရှိနေသဖြင့် ရေနေသတ္တဝါများ အနည်းငယ် အရာယ်ရှိနိုင်မှုကို တွေ့ရှိရပြီး ရေမည်းများ ပျောက်ကွယ် သည့်နောက်ပိုင်းတွင် တိုင်းတာစစ်ဆေး ချက်အရ ရေများပုံမှန်အခြေအနေသို့ ရောက်ခဲ့သည်ကိုတွေ့ရကြောင်း အဖွဲ့ဝင် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဦးစီးမှူးထံမှ သိရသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျန်း မာရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့သည် စက်တင်ဘာ ၆ ရက်က ခ္တီးမြို့အနီး ချင်းတွင်းမြစ်တစ်လျှောက် မြစ်ရေကို တိုင်းတာစစ်ဆေးခဲ့ရာ သုံးစွဲရန်သင့် လျော်သော်လည်း သောက်ရေအဖြစ် သုံးစွဲရန်မသင့်လျော်ကြောင်း ခန့်မှန်းရရှိ ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒေါ်ဥမ္မာမြင့်ထံမှ သိရသည်။
နန့်စလိန်ချောင်းကို လေ့လာရာ တွင် ရေလမ်းမှ လေ့လာစုံစမ်းရေးအဖွဲ့ နှင့် ကုန်းလမ်းမှ လေ့လာစုံစမ်းရေးအဖွဲ့ဟူ ၍ ခွဲကာစုံစမ်းခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း ဦးဆောင်၍ အဖွဲ့ဝင်ခြောက်ဦးပါဝင်သော အဖွဲ့သည် ချင်းတွင်းမြစ် နန့်ဘုတ်ချောင်းမှတစ်ဆင့် နန့်စလိန်ချောင်းအတွင်း စက်လှေဖြင့် ရေမိုင် ၂၅ မိုင်အကွာ နန့်စလိန်ကြိုးတံတား အထိလေ့လာရာ အမည်းရောင်မြေသား များ တွေ့ရှိခဲ့ရပြီး ချောင်းရေအခြေအနေ မှာ အရောင်ဖျော့၍ အန္တရာယ်မရှိ နိုင် သည်ကို တွေ့ခဲ့ရကြောင်း သိရသည်။
''နန့်စလိန်ချောင်းဟာ စာရာ မေတိတောင်ခြေက ချောင်းဖျားခံစီးတာ ဖြစ်ပြီး ချင်းတွင်းနဲ့ နန့်ဘုတ်ချောင်း အထိ မိုင် ၁၃ဝ လောက်ရှည်ပါတယ်။ မိုင်တိုင် ၄၇/ ၃ မှာရှိတဲ့ နန့်စလိန်ချောင်း ကို လေ့လာရာမှာ စီးနေတဲ့မြစ်အရောင် ဟာ မည်းနက်နေပြီး ဘေးတစ်ဖက်မှာ ရှိတဲ့ တောင်ကမ်းပါးနံရံတွေပြိုကျ နေသလို မြေသားနဲ့ကျောက်သားတွေ မည်းနက်နေပြီး ဂရပ်ဖိုက် (Graphite)များဖြစ်ကြောင်း အတည်ပြုပါတယ်။ နာဂကျေးရွာ တာမောင်အနီးက နန့် စလိန်ချောင်းကို လေ့လာရာမှာတော့ ချောင်းရေဟာ မည်းနက်ပြီးစီးဆင်းနေ တာတွေ့ရပါတယ်။ အိန္ဒိယနယ်စပ်အနီး က စာရာမေတိတောင်ခြေ နန့်စလိန် ချောင်းလက်တက်တစ်ခုမှာ မြေတွေ ပြိုပြီး မည်းပျစ်တဲ့ရေတွေ စတင်စီးဆင်း နေတာကို တွေ့ရပါတယ်''ဟု လေ့လာရေး အဖွဲ့ဝင် ဦးသန်းဌေး (ဝန်ကြီးချုပ် ကိုယ် ရေးအရာရှိ)က ပြောပြသည်။
နန့်စလိန်ချောင်းအတွင်းမှ ကောက် ယူသော မည်းမည်းအမှုန်၊ အနည်အနှစ် များသည် (Graphite) ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး နမူနာကျောက် တုံးများသည် (Graphite) တွင်းထွက် ကျောက်တုံးများဖြစ်ကြောင်း၊ နန့်စလိန် ချောင်း တစ်လျှောက်လုံး၏ ဘူမိဗေဒမှာ နာဂအသွင်ပြောင်း ကျောက်များသာ အဓိကဖုံးလွှမ်းနေကြောင်း လေ့လာရေး တွင်ပါဝင်သော ဘူမိဗေဒပညာရှင်ထံ မှ သိရသည်။
''(Graphite) တွေဟာကျောက်လွှာ တွေကြားမှာ အလွှာပါးတွေဖြစ်နိုင်ပြီး မိုး သည်းတဲ့အခါ အလွှာကြား ရေစိမ့်ဝင်ကာ ပြိုကျပျော်ဆင်းလို့ ရေမည်းတွေ ချောင်း ထဲစီးဝင်တာဖြစ်ပါတယ်။ (Graphite) အမှုန့်ဖြစ်သွားရင် လုပ်ငန်းခွင်တွေမှာ အန္တရာယ်ရှိနိုင်ပါတယ်။ သာမန်အခြေ အနေမှာတော့ အန္တရာယ်မရှိနိုင်ပါဘူး။ (Graphite) မှာပါဝင်တဲ့ ကာဗွန်ဟာ မူလက ခဲအစရှိတဲ့ သတ္တုတွေပါဝင်သလို ကာဗွန်ရဲ့သတ္တိဟာ ကပ်ငြိဖမ်းယူနိုင်စွမ်း ရှိတဲ့အတွက် ခဲ၊ ကြေးနီ၊ ရွှေစတဲ့ သတ္တုတွေကို ဖမ်းယူနိုင်ပါတယ်။ မြစ်ထဲ ကရေနမူနာမှာ သတ္တုဓာတ်တွေပါဝင် လာတာဖြစ်ပါတယ်'' ဟု လေ့လာရေး တွင် ပါဝင်သော ဘူမိဗေဒပညာရှင် တစ်ဦးက ပြောပြသည်။
ဒေသခံပြည်သူများ၏ ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးမှုကြောင့် သစ်ပင် သစ်တောများပြုန်းတီးသလို မြေဆီလွှာ ထိန်းသိမ်းမှုပျက်စီးကာ နန့်စလိန် ချောင်းအတွင်း ပျော်ဝင်မျောပါစီးဆင်း ၍ ရေညစ်ညမ်းမှုဖြစ်ပေါ်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း သိရ သည်။ နန့်စလိန်ချောင်းသည်ဂရပ်ဖိုက်ကာဗွန်များ စီးဆင်းနေသည့်အတွက် အောက်ဆီဂျင်နည်းပါးကာ ရေနေသတ္တဝါ ငါးအစရှိသည့် သတ္တဝါများအသက် ဆုံးရှုံးနိုင်ပြီး ချောင်းရေကို သောက် သုံးရန်မသင့်တော်ဘဲ ချောင်းရေသုံး စွဲပါက အသားပြာခြင်း၊ ယားယံခြင်းတို့ ဖြစ်နိုင်ကြောင်း ရေမည်းလေ့လာစုံစမ်း ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)

No comments:

Post a Comment