Thursday, September 29, 2016

ကျောင်းသားအားကစားပွဲတော် ပြန်လည်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ



No automatic alt text available.
နေပြည်တော် စက်တင်ဘာ ၂၈
ကျောင်းသားအားကစားပွဲတော်အား ပြန်လည်ကျင်းပပေး နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် စီမံချက်ရေးဆွဲပြုစု၍ ခွင့်ပြုရန်ပုံငွေဖြင့် အစဉ်အလာ၊ စွမ်းရည်ကောင်းသော အားကစားပြိုင်ပွဲများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
ထို့ပြင် ၂ နှစ် တစ်ကြိမ်ကျင်းပသော အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN University Games)တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ၂ဝ၁၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ကျင်းပသော (၁၈)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်နည်းတူ အခြားနိုင်ငံများမှ ဖိတ်ကြားသည့် အားကစားပြိုင်ပွဲများသို့လည်း သွားရောက် ယှဉ်ပြိုင်လျက်ရှိပါကြောင်း၊ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၂ဝ၁၈ ခုနှစ်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း။
အားကစားပြိုင်ပွဲများကို နိုင်ငံတကာပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့်ပေါင်းစပ်ပြီး ကူညီပံ့ပိုးပေး ခြင်း၊ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အားကစားကွင်း၊ အားကစားရုံများ စီစဉ်ပေးခြင်းတို့ကို လိုအပ်ချက်များ အပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄ဝ)ရက်မြောက်နေ့ တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ မန်းထွန်းကြိုင်၏ ''ကျောင်းသားလူငယ် အားကစားပွဲတော်ကို နိုင်ငံတော်မှ ကျင်းပပေးရန် အစီအစဉ်ရှိ၊ မရှိ'' မေးခွန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၇)မှ ဦးကျော်တုတ်၏ ''ကျောင်းသားအားကစားပြိုင်ပွဲများ နိုင်ငံတော်အဆင့်အထိ အဆင့်ဆင့်ကျင်းပပေးရန် အစီ အစဉ်ရှိ၊ မရှိ'' မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား အားကစားပွဲတော်များကို ၁၉၉ဝ-၁၉၉၁ ပညာသင်နှစ်မှ ၁၉၉၇-၁၉၉၈ ပညာသင်နှစ်အထိ (၈)ကြိမ်ကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်မြို့တော်များ၌ အလှည့်ကျစနစ်ဖြင့် လည်းကောင်း၊ ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်မှ ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်အထိ (၂) ကြိမ်ကို နေပြည်တော်၌ လည်းကောင်း ကျင်းပပေးခဲ့ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ပညာရေးပြက္ခဒိန်ပါ လအလိုက် ဇူလိုင်လနှင့် သြဂုတ်လ များတွင် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို လည်းကောင်း၊ စက်တင်ဘာလတွင် မြို့နယ်ကျောင်းသား အားကစားပြိုင်ပွဲများကိုလည်းကောင်း၊ နိုဝင်ဘာလတွင် ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကျောင်းသားအားကစား ပြိုင်ပွဲများကိုလည်းကောင်း၊ သက်တမ်းအလိုက် ဘောလုံး ပြိုင်ပွဲများကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်၊ သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်း ကျင်းပပေးလျက်ရှိပါကြောင်း။
အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ဘောလုံး၊ ဘော်လီ ဘော၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ လှေလှော်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်စသည့် အားကစားပြိုင်ပွဲများကို တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များအလိုက် ဇုန်အလိုက်၊ ဦးစီးအဆင့်အလိုက် ကျင်းပဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးသိန်းလွင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု ပြီးပေးပို့လာသော ''နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း'' နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်များပါဝင်သော ကော်မတီ၏အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ် အောင်က ''၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း''နှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ၏အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဦးမင်းဦး က ယင်းဥပဒေကြမ်းအား အတည်ပြုပေးရန် အဆိုတင်သွင်းသည်။
လွှတ်တော်ဥက္ကဋ္ဌက ''၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံစာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း'' အား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံး အဖြတ်ရယူအတည်ပြုပြီး ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment