Thursday, September 1, 2016

(၂၁) ရာစု ပင်လုံညီလာခံမှသည် . . .



Image may contain: text
ယနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတင်သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးတစ်ခုအဖြစ် ငြိမ်းချမ်းရေး စိတ်ဓာတ်ကိုအခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့ပြီဖြစ်ပါသည်။ ပြည်ထောင်စုတိုင်းရင်းသား ပြည်သူလူထုအားလုံး မျှော်လင့်ထားသော စံနှုန်းများဖြင့် မကိုက်ညီ မပြည့်စုံမှုများ ရှိနေနိုင် ကောင်းရှိနေနိုင်သည့် အခြေအနေဖြစ်သော်လည်း သမိုင်းမော်ကွန်းတင်ရ မည့် ညီလာခံကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့ပြီဟုမူ ဆိုနိုင်ပြီ ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုသည်က မြန်မာပြည်ထဲရှိ ပြည်သူလူထုအားလုံးသာမက၊ နိုင်ငံတကာက မိတ်ဆွေစစ်နိုင်ငံများနှင့် ကမ္ဘာ့ပြည်သူအားလုံးတို့ကပါ အမျှော်လင့်ကြီး မျှော်လင့်နေကြသည့် ရည်မှန်းချက်ပန်းတိုင်ကြီးတစ်ခု ဖြစ်ပါသည်။
ငြိမ်းချမ်းရေးကို မမြတ်နိုးသူ မည်သူရှိမည်နည်း။
စစ်ကို လိုလားသူ မည်သူရှိမည်နည်း။
ပြည်သူလူထုအများစုကြီးကမူ စစ်ကိုမလိုလား၊ ငြိမ်းချမ်းရေးကိုသာ တောင့်တနေကြသည်မှာ အသေအချာ။ ငြိမ်းချမ်းရေး အိပ်မက်များကို နှစ်ပေါင်းများစွာ မက်နေခဲ့ကြရသည်မှာ အခိုင်အမာ။
စစ်ရပ်စဲရေးအတွက်၊ ပြီးတော့ ငြိမ်းချမ်းရေး ပေါ်ထွက်လာရေး ဆိုသည့်သစ္စာတရားအတွက် အသက်ပေးခဲ့ရသူများ မည်မျှလောက် များပြားခဲ့ပြီနည်း။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ကြရင်း ငြိမ်းချမ်းရေးအလင်းရောင်ကို တစ်စွန်းတစ်စမျှ မမြင်လိုက်ရဘဲ မျှော်လင့်ချက်များကို ဖက်တွယ်ရင်း ဘဝကူးခဲ့ရရှာသော အဘိုးအဘွား အမိအဖတို့ မည်မျှလောက်ရှိခဲ့ပြီနည်း။
ယနေ့အချိန်တွင်မတော့ မျှော်လင့်ချက်အလင်းရောင်များ ပြူထွက်စ ပြုလာခဲ့ပြီ။ ယင်းမျှော်လင့်ချက်အလင်းရောင်လေးမှတစ်ဆင့် မြန်မာ တစ်နိုင်ငံလုံးသို့ ဖြာကျလွှမ်းခြုံသွားမည့် ငြိမ်းချမ်းရေး အာဝါသတစ်ခု ပေါ်ပေါက်လာဖို့ ညီလာခံခန်းမကြီးထဲမှ ကိုယ်စားလှယ်တော်များအားလုံး စေတနာမှန်မှန်ကန်ကန်ထားရင်း အကောင်အထည်ဖော်နေကြပြီဟု ထင်မြင်ပါသည်။
မတူညီသည့် သဘောထားများ၊ အမြင်များ ရှိနေဦးမည်ဆိုတာ နားလည်ရင်း၊ ပြည်သူလူထု ကောင်းကျိုးစီးပွားအတွက်ဆိုသည့် ဦးတည် ချက်ကို ပိုင်ပိုင်ချရင်း အမြော်အမြင်ကြီးကြီး၊ ပညာဉာဏ်မြင့်မြင့်တို့ဖြင့် ဆောင်ရွက်ကြမည်ဟု ပြည်သူအပေါင်းက မျှော်လင့်နေကြပြီဖြစ်ပါသည်။
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ပြည်တွင်းစစ်မီးဆိုသည်က နိုင်ငံရေးပြဿနာများကို စစ်ရေးသက်သက်ဖြင့် ဖြေရှင်းဖို့ ကြိုးစားခဲ့ကြခြင်းက အစပြုခဲ့တာဖြစ်ပါသည်။ ယနေ့ ပြည်သူတို့၏ မဲပေးရွေးချယ်မှုဖြင့် အာဏာနှင့်လုပ်ပိုင်ခွင့်များရရှိလာသော ပြည်သူ့အစိုးရအနေဖြင့် စစ်ပွဲများ၏ အရင်းခံအကြောင်းတရားဖြစ်ခဲ့သည့် နိုင်ငံရေးပြဿနာများကို ဒူးတိုက် ဆွေးနွေး အဖြေရှာကာ ပြေလည်အောင် ဆွေးနွေးသွားနိုင်လိမ့်မည်ဟု လည်း ပြည်သူတို့က ယုံကြည်နေကြတာ ဖြစ်ပါသည်။
စစ်ရပ်စဲရေးက စရတာဖြစ်သည့်အတွက် လက်နက်များကိုင်စွဲထားသူ များအားလုံး၏ ငြိမ်းချမ်းရေးအပေါ်ထားရှိသည့် စေတနာမှန်က အထူးအရေးကြီးပါလိမ့်မည်။ စေတနာမှန်၊ သဘောထားမှန်ဖြစ်မှသာလျှင် ငြိမ်းချမ်းရေးအမှန်ကို ရရှိနိုင်မည်ဆိုသည်ကိုလည်း အင်အားစုများအားလုံး သိရှိယုံကြည်ကာ နှလုံးသည်းပွတ်တွင်းသို့ ထည့်သွင်းမွေးမြူထားကြလိမ့် မည်ဟုလည်း ပြည်သူတို့က မျှော်လင့်အားထားနေကြပါသည်။
ယနေ့ (၂၁) ရာစု ပင်လုံညီလာခံကြီးက လိုအပ်ချက်များရှိနေပါလိမ့်ဦး မည်။ လက်မှတ်မထိုးရသေးသော အဖွဲ့အချို့ရှိနေသေးသည့်အနေအထားမျိုးတွင် ထိုအဖွဲ့များအားလုံး ပါဝင်လာဖို့ ညီလာခံတွင်း ရောက်ရှိနေကြသော အင်အားစုအားလုံးက ကြိုးပမ်းနိုင်ကြမည်ဟုလည်း ပြည်သူတို့က ယုံကြည် အားထားနေပါသည်။
ပြည်သူတို့၏ ငြိမ်းချမ်းရေးမြတ်နိုးတောင့်တမှုကို အခြေခံကာ အင်အားစုအားလုံးတို့သည် တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ တစ်ဦးနှင့် တစ်ဦး လေးစားမှု၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတို့ကို တည်ဆောက်ရင်း ယနေ့ညီလာခံကြီးမှတစ်ဆင့် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ပေါ်ထွန်းရေးတို့ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ကြပါစေ သတည်း။ ။

No comments:

Post a Comment