Thursday, September 1, 2016

ကုလသမဂ္ဂနှင့် ပူးပေါင်းလက်တွဲကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေး



Image may contain: suit and one or more people
နေပြည်တော် သြဂုတ် ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံတွင် လက်ရှိ ကျင်းပလျက် ရှိသည့် (၂၁)ရာစု ပင်လုံညီလာခံကြီးကို အောင်မြင်စွာ ဆွေးနွေးဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များ၊ အာဂျင်ဒါ ၂ဝ၃ဝ အရ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ နှင့်ပူးပေါင်းလက်တွဲကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ၊ Climate Changed Agreement (Cop.21) တွင် လက်မှတ်ရေးထိုးပြီးဖြစ်သည့် မြန်မာနိုင်ငံအတွက် ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားရန် ကိစ္စရပ်များအပေါ် ရင်းနှီးစွာဆွေးနွေးကြသည်။
တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့်အတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment