Thursday, September 1, 2016

၂ဝ၁၅ ရွေးကောက်ပွဲအပြီးဖြစ်လာတဲ့ အစိုးရဟာ နိုင်ငံသားများ မျှော်လင့်ခဲ့ကြသည့် ငြိမ်းချမ်းရေးကို ရယူပေးဖို့ ဆုံးဖြတ်ခဲ့ မအောင်မြင်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို သင်ခန်းစာယူပြီး အားလုံးစုပေါင်းကာ သမိုင်းသစ်ကို ရေးသားကြမည်



Image may contain: 1 person , child
နေပြည်တော် သြဂုတ် ၃၁

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အဖွင့်မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ယနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံညီလာခံဖွင့်ပွဲအခမ်းအနားကို ကြွရောက်လာကြတဲ့ ဧည့်သည်တော်များ၊ ကိုယ်စားလှယ်များနဲ့တကွ၊ ယခုလို အချိန်အခါမှာ ကျွန်မတို့နဲ့ စိတ်အားဖြင့် အတူရှိနေသူများ အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေလို့ ပဏာမအားဖြင့် ဆုတောင်းမေတ္တာပို့သပါတယ်။

ဒီခန်းမကြီးဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတန်ဖိုးထားတဲ့ ဧည့်သည်တော်များ၊ ကိုယ်စားလှယ်များနဲ့သာ ပြည့်နေရုံမက ကမ္ဘာတစ်ဝန်းက ကျွန်မတို့ အပေါ် စိတ်ကောင်းစေတနာထားတဲ့ မိတ်ဆွေများရဲ့ မျှော်လင့်ချက်တွေ၊ ကျွန်မတို့ ပြည်သူပြည်သားတွေရဲ့ အိပ်မက်တမ်းတချက်တွေနဲ့ လျှံနေပါတယ်။ ဒီမျှော်လင့်ချက်တွေ ဖြည့်ဆည်းပေးဖို့၊ ဒီအိပ်မက်တွေ အကောင်အထည် ဖော်ပေးဖို့ဆိုတာ လွန်စွာကြီးမားတဲ့ တာဝန်ကြီးဖြစ်ပါတယ်။ ကြီးမားပေမယ့် ကြီးလေးတယ်လို့တော့ မဆိုလိုပါဘူး။

ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ အနှိုင်းမဲ့ပျော်ရွှင်ချမ်းမြေ့မှုကြီးကို မခံစားသွားရရှာတဲ့၊ ဒီလောကကြီးမှ ထွက်ခွာသွားပြီဖြစ်တဲ့ နိုင်ငံချစ်ပုဂ္ဂိုလ်တွေအပေါ် သစ္စာစောင့်သိခြင်း၊ လက်ရှိပစ္စုပ္ပန်ကာလမှာ ငြိမ်းချမ်းမှုမရှိခြင်းရဲ့ ဒုက္ခတွေကို ခါးစည်းခံနေရတဲ့ ပြည်သူတွေအပေါ် ထားအပ်တဲ့ကရုဏာကို အတည်ပြု ခြင်း၊ ကျွန်မတို့ထားခဲ့မယ့် ကောင်းမွေဆိုးမွေမှန်သမျှကို ဆက်ခံရမယ့် အနာဂတ်မျိုးဆက်တွေအားလုံးအပေါ် မေတ္တာသက်သေထူခြင်း၊ အရာထမ်း ဆောင်ရမယ့် တာဝန်ဆိုတာ ကြီးလေးလွန်းတယ်လို့ မရှိနိုင်ပါဘူး။ သမိုင်းမှတ် ကျောက်တင်လောက်တဲ့ လုပ်ငန်းကြီးတစ်ခု အောင်မြင်အောင်လုပ်နိုင်ဖို့ ဘာနဲ့မှမတူ ထူးခြားတဲ့ အခွင့်အရေးကြီးတစ်ရပ်ရခြင်း ဖြစ်ပါတယ်။

ဒီအခွင့်အရေးကြီးကို ကျွန်မတို့အားလုံး ပညာ၊ သတ္တိ၊ လုံ့လ ဝိရိယတို့နဲ့ မိမိရရဆုပ်ကိုင်ပြီး အလင်းရောင်သန်းတဲ့ အနာဂတ်တစ်ရပ် ဖော်ထုတ်ကြပါစို့။ မတူညီတဲ့ အမြင်သဘောထားတွေကို ပြည်သူတွေကောင်းကျိုးအတွက် ညှိနိုင်စွမ်းဖြစ်စေတဲ့ပညာ၊ လက်ခံသင့်တဲ့ အတွေးအခေါ်၊ အပြုအမူသစ်တွေကို လက်ခံရဲတဲ့ သတ္တိ၊ ခက်ခဲတဲ့လုပ်ငန်းတွေကို အောင်မြင်သည်အထိ ဆောင်ရွက်နိုင်တဲ့ ဝီရိယတို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ပါဝင်နေသူ များအားလုံး မိမိတို့ရဲ့ကဏ္ဍကြီးငယ်မရွေး ကြိုးပမ်းသွားမယ်ဆိုရင် ကျွန်မတို့ မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်စဉ်ကစပြီး ''ပင်လုံ စိတ်ဓာတ်''ကို အခြေခံတဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွေဟာ တန်းတူရည်တူအခွင့်အရေးတွေကို အာမခံခြင်း၊ ပြည်ထောင်စုသား တိုင်းရင်းသားအချင်းချင်း အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန်ယုံကြည်မှုရယူပြီး ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်း တို့အပေါ် အခြေခံမှာဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ အမျိုးသားရင်ကြားစေ့ရေးမူကို အခြေခံတဲ့ အစိုးရကလည်း ဒီရည်မှန်းချက်ကို အကောင်ထည်ဖော်ဖို့ စိတ်အားထက်သန်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီချက် Nationwide Ceasefire Agreement(NCA)ဆိုတာ ငြိမ်းချမ်းရေးအတွက်သာမကဘဲ ကျွန်မတို့အားလုံး ရှည်ကြာစွာမျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ပါ တယ်။ NCA နဲ့ ပတ်သက်လို့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေရှိသလို အကြောင်းကြောင်းကြောင့် မထိုးရသေးတဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်ပြီးပြုလုပ်တဲ့အခါမှာ NCA ကို အခြေခံပြီး ဆောင်ရွက် သွားရမှာဖြစ်တဲ့အတွက် ကျွန်မတို့အစိုးရသစ်လက်ထက်မှာ NCA လက်မှတ် ထိုးဖို့ ကျန်နေသေးတဲ့အဖွဲ့တွေ ပါဝင်လာနိုင်အောင် အထူးအလေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဟာ ပြည်ထောင်စုသား အားလုံးနဲ့ဆိုင်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အချင်းချင်းအကြားက သင့်မြတ်ရေးလည်းပါဝင်ရပါမယ်။ NCA လက်မှတ်ထိုးပြီးသားအဖွဲ့နဲ့ NCA မထိုးရသေးတဲ့ အဖွဲ့တွေကြားမှာ ဝိဝါဒကွဲပြားမှုတွေ ဖြစ်ပေါ်နေရင် ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးခရီးဟာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့ တိုင်းရင်းသား အချင်းချင်းကြားမှာ နားလည်မှု လွဲမှားတာတွေ၊ စိတ်ဝမ်းကွဲပြားမှုတွေ မရှိစေဖို့ ဘုံသဘောတူညီချက်ဖြစ်တဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ အားလုံးရောက်ရှိလာအောင် ကျွန်မတို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲအပြီးမှာ အစိုးရဖြစ်လာတဲ့ ကျွန်မတို့ဟာ မဲဆန္ဒရှင်များ အပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့်အာဏာအရ နိုင်ငံသူနိုင်ငံသားတွေ ခေတ်အဆက်ဆက် မျှော်လင့်တောင့်တခဲ့ကြတဲ့ ရေရှည်တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးကို ရယူပေးဖို့ ကြိုးပမ်းရန်ဆုံးဖြတ်ခဲ့ပါတယ်။

ကျွန်မတို့ရဲ့ ပြည်ထောင်စုသားအားလုံးအပေါ် ယုံကြည်မှုအပြည့်အဝနဲ့ ငြိမ်းချမ်းရေးခရီးကို လျှောက်လှမ်းဖို့ ကျွန်မတို့ စတင်ခဲ့တာပါ။ ကျွန်မတို့နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသားညီညွတ်ရေး မတည်ဆောက် နိုင်သမျှ ကာလပတ်လုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကို ဘယ်လိုမှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့အားလုံးညီညွတ်မှ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းမယ်။ ကျွန်မတို့နိုင်ငံငြိမ်းချမ်းမှ အခြားဒေသတွင်း နိုင်ငံတွေ၊ ကမ္ဘာတစ်ဝန်းနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်မှာပါ။

အချိန်လွန်နေပြီဖြစ်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကျွန်မတို့ ဆွေးနွေးရမယ်။ ညှိနှိုင်းရမယ်။ ဒီလိုမျိုးနိုင်ငံရေးစားပွဲဝိုင်းမှာ စေ့စပ်ညှိနှိုင်းအဖြေရှာ ကြမယ်ဆိုရင် အားလုံးသဘောတူလက်ခံတဲ့ မူဘောင်တစ်ခု မရှိမဖြစ် လိုအပ်ပါတယ်။ NCA သဘောတူညီချက်အရ နိုင်ငံရေး ဆွေးနွေးမှုမူဘောင် Political Dialogue Framework ကို ပြီးခဲ့တဲ့ကာလမှာ ရေးဆွဲစဉ်ကတည်းက ပြောင်းလွယ်ပြင်လွယ်ဆောင်ရွက်နိုင်အောင် လုပ်ကြဖို့ ကျွန်မတို့ တိုက်တွန်းခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးအခင်းအကျင်းတွေ ပြောင်းလဲလာနိုင်တဲ့ မျှော်မှန်းချက်တွေအရ ကျွန်မတို့ ဒီလိုတိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်မတို့အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေစတင် ဆောင်ရွက်စဉ်ကစပြီး နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်ရေး လုပ်ငန်းတွေကို NCA လက်မှတ်ထိုးပြီးသား အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက် ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ လက်မှတ်မထိုးရသေးတဲ့ လက်ကျန်အဖွဲ့ တွေလည်း မူဘောင်သုံးသပ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေရဲ့ မူလဇာစ်မြစ်ဖြစ်တဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အဓိကလိုအပ်ချက်ဟာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုနဲ့ ပူးပေါင်းအဖြေရှာနိုင်ဖို့ ဖြစ်တယ်ဆိုတာကို အမြဲပဲခံယူ ထားခဲ့ပါတယ်။ ပြည်သူလူထုအားလုံးရဲ့ လွတ်လပ်ရေးအတွက် မျှော်လင့်ချက်တွေကို ညီညွတ်ခြင်း၊ ပေါင်းစည်းခြင်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်ဟာဆိုရင် ကျွန်မတို့လက်ရှိရောက်ရှိနေတဲ့ (၂၁)ရာ စုအတွက်လည်း မရှိမဖြစ်လိုအပ်ချက်ဖြစ်နေပါတယ်။ ကျွန်မတို့အားလုံး မျှော်မှန်းတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ကျွန်မတို့တိုင်းရင်းသားတွေအားလုံး ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး တန်းတူရည်တူ စုပေါင်းဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်စေမယ့်(၂ဝ)ရာစု ပင်လုံညီလာခံနဲ့ တူညီတဲ့ (၂၁)ရာစုညီလာခံတစ်ခု ကျင်းပနိုင်ဖို့ အထူးပဲလိုအပ်ပါတယ်။ ဒါဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီး စတင်ဖြစ်ပေါ်လာခဲ့တဲ့ နောက်ခံ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။

ကျွန်မတို့အစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ်ကြီးတစ်ခုအနေနဲ့ ဒီညီလာခံ စတင်ကျင်းပနိုင်ဖို့အတွက် ၂ဝ၁၆ ခုနှစ် မေလ ၉ ရက်နေ့က စတင်ပြီး ဆောင် ရွက်တာဖြစ်ပါတယ်။ ညီလာခံအကြိုပြင်ဆင်ရေး ကော်မတီဖွဲ့စည်းပြီး တစ်ဖက်မှာလည်း Myanmar Peace Center ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ဒီနေရာမှာ အခွင့်ကြုံတုန်း MPC ကို ထူထောင်ပြီး အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ဦးဆောင်ခဲ့တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုပါတယ်။ ယခင်အစိုးရရဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက်များအပေါ် ကျွန်မတို့ ယခုဆက်လက်ပြီး တည်ဆောက်သွားပါမယ်။

NCA အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ပြင်ဆင်ဖွဲ့စည်းရာမှာ ကျွန်မကိုယ်တိုင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး UPDJC အစည်းအဝေးကို နှစ်ကြိမ်ကျင်းပခဲ့ပါတယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး JICM ကိုလည်း တစ်ကြိမ် ခေါ်ယူကျင်းပနိုင်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးပြီးသားအဖွဲ့တွေရဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ (၂)ကြိမ် တွေ့ဆုံခဲ့ပါတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့များနဲ့ ပတ်သက်၍ဆိုလျှင် UNFC ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့မှာတွေ့ဆုံခဲ့ပြီးတော့ ''ဝ'' အထူး ဒေသ(၂)နဲ့ အထူးဒေသ (၄) မိုင်းလားက ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ညီလာခံကျင်းပတဲ့အခါမှာ ကျွန်မတို့အစိုးရသက်သက်ချည်းမဟုတ်ဘဲ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ စတဲ့သုံးပွင့်ဆိုင် ပူးတွဲကျင်းပတဲ့အနေအထားမျိုးဖြစ်အောင် ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းဆောင် ရွက်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့မှာလည်း NCA ထိုးပြီး သားအဖွဲ့ရော မထိုးရသေးတဲ့အဖွဲ့တွေရော ပါဝင်အောင် အားလုံးညှိနှိုင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ လုပ်ရမယ့်အလုပ်တွေ များပြားလှတာကြောင့် ညီလာခံကျင်းပမယ့် အချိန်ကို ရွှေ့ဆိုင်းပေးဖို့ တချို့ပြောကြတာတွေတောင် ရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့အားလုံးစည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့နိုင်ကြလို့ နှစ်ပေါင်းများစွာကတည်းက ကျင်းပသင့်ခဲ့တဲ့ ညီလာခံကြီးကို အခုလိုအောင်အောင်မြင်မြင် ကျင်းပနိုင်ပါပြီ။

ဒီအတွေ့အကြုံကြောင့် ပါဝင်ပတ်သက်သူတွေအကြားက ယုံကြည်မှုတွေ ကို ပိုမိုပြီးခိုင်မာလာစေခဲ့ပြီဖြစ်ပါတယ်။ မတူကွဲပြားတဲ့ သဘောထားအမြင် တွေ ရှိခဲ့ကြပေမယ့်လည်း ကျွန်မတို့အားလုံး (၂၁) ရာစုပင်လုံညီလာခံ အောင်မြင်ရေးကို ဘုံရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြလို့ အခုလို ဒီနေရာမှာ စုစည်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေဟာ ရာစုနှစ် တစ်ဝက်ကျော်၊ နှစ်ပေါင်း ၇ဝ နီးပါး သက်တမ်းရှည်ကြာခဲ့ပြီဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းရေးပန်းတိုင်နဲ့ အလှမ်းကွာဝေးခဲ့ရပါတယ်။ မအောင်မြင်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို ကျွန်မတို့သင်ခန်းစာယူပြီး ကျွန်မတို့ခေတ်၊ ကျွန်မတို့အချိန်အခါမှာ ကျွန်မတို့အားလုံးစုပေါင်းပြီး သမိုင်းသစ်ကို ရေးသားကြရမှာပဲဖြစ်ပါတယ်။ အခုဆိုရင် တစ်နိုင်ငံလုံးမှာ ရှိနေကြတဲ့ ကျွန်မတို့ရဲ့ နိုင်ငံသူနိုင်ငံသားတွေအားလုံးဟာ စိုးရိမ်မျှော်လင့်ချက်များနဲ့ စောင့်ကြည့်နေကြပါပြီ။ မငြိမ်းချမ်းသေးတဲ့ နယ်မြေဒေသတွေမှာ ရှိနေတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသူ တိုင်းရင်းသားတွေဟာလည်း ကျွန်မတို့ရဲ့ ညီလာခံကြီး ဘယ်လိုဖြစ်လာမလဲဆိုတာကို အားကိုးတကြီး စောင့်မျှော်နေကြပြီဖြစ်ပါတယ်။ စစ်ဘေးရှောင်ဖို့ ဟိုဟိုဒီဒီပြေးလွှားနေကြရတဲ့ ဒုက္ခသည်တွေထဲမှာ အရွယ်အမျိုးမျိုးပါနေပါတယ်။ သူတို့အားလုံးရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်အားပျော့ နေတာကြာခဲ့ပါပြီ။ ဒီတစ်ခါတော့ ဘယ်လိုများဖြစ်လာမလဲ ဆိုတာကိုလည်း မဝံ့မရဲမျှော်လင့်နေကြပါတယ်။ သူတို့ရဲ့ ဒုက္ခသုက္ခတွေကို ကျွန်မတို့တွေ မေ့လို့ မဖြစ်ပါဘူး။

ဒီကနေ့မှာတော့ ကျွန်မတို့ရဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ (၂၁)ရာစုပင်လုံညီလာခံကြီးကတစ်ဆင့် ငြိမ်းချမ်းရေးလမ်းကို ကျွန်မတို့ စတင်လျှောက်လှမ်းလိုက်ပြီ ဖြစ်ပါတယ်။ ဘယ်အထိရောက်မလဲ၊ ငြိမ်းချမ်းရေးကိုရောက်အောင် လှမ်းနိုင်မှာလားဆိုတာ မြန်မာသာမက ကမ္ဘာကပါ စောင့်ကြည့်နေကြပါတယ်။ ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ၊ စိတ်ကူးအိပ်မက်တွေကို ဖြည့်ဆည်းပေး နိုင်မလားဆိုတာကတော့ ဒီကနေ့ ညီလာခံခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ ခေါင်းဆောင်တွေ အားလုံးအပေါ်မှာ မူတည်နေပါတယ်။

လူ့ဘောင်အသိုင်းအဝိုင်းရဲ့ အစုအဖွဲ့တွေအားလုံး ပါဝင်ပတ်သက်မှု မရှိဘဲ ငြိမ်းချမ်းရေးကို မရရှိနိုင်ပါဘူး။ လူထုအခြေပြုအဖွဲ့အစည်းတွေဟာ တိုင်းရင်းသားဒေသတွေအပါအဝင် မြန်မာပြည်အနှံ့အပြားမှာ အရေးကြီးပြီး တက်ကြွတဲ့အခန်းကဏ္ဍမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။ ကျွန်မတို့ တိုင်းပြည်တစ်လွှား ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရရှိဖို့ အားကြိုးမာန်တက်ဆောင်ရွက်ကြသူတွေအားလုံးကို ဒီနေရာက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

အထူးသဖြင့် ကျွန်မတို့လူငယ်တွေရဲ့ စွမ်းပကားနဲ့ တက်ကြွမှုတွေအတွက် ချီးမွမ်းအားရမိပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်းကပဲ လူငယ်တွေဟာ တိုင်းပြည်အနှံ့မှာ (၂၁)ရာစုပင်လုံညီလာခံကို ထောက်ခံကြိုဆိုပွဲတွေပြုလုပ်ခဲ့ ကြပါတယ်။ ဒီအတွက်လည်း အထူးကျေးဇူးတင်ပါတယ်။

ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိဘဲ ဘယ်ငြိမ်းချမ်းရေးဖြစ်စဉ်မှ အောင်မြင်မှာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ခေါင်းဆောင်တွေသက်သက်က အထက်ကချပေးနိုင်တဲ့အရာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ညီလာခံ ခန်းမတွေမှာသာ မွေးဖွားပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် ပြည်သူအားလုံးရဲ့တက်ကြွတဲ့ ပါဝင်လှုပ်ရှားမှု၊ ထောက်ခံအားပေးမှုတွေ လိုအပ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုပေါ်ပေါက်လာဖို့ အတွက် ကျွန်မတို့ တိုင်းသူပြည်သားအားလုံးဟာ မဆုတ်မနစ်တဲ့သတ္တိနဲ့ သန္နိဋ္ဌာန်ကို အကြိမ်ကြိမ်ပြသခဲ့ပြီးဖြစ်ပါတယ်။ ရှေ့လာမယ့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေဟာ ဘယ်လောက်ခက်ခဲပါစေ ကိုယ့်ရဲ့ခေါင်းဆောင်တွေ ဉာဏ်အမြော်အမြင်တွေ၊ သတ္တိ၊ စာနာမှုတို့နဲ့ ဆောင်ရွက်ကြမယ်ဆိုရင် ပြည်သူလူထု လိုလားတဲ့ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။

ကျွန်မတို့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ဒီကနေ့ ဒီအခန်းထဲမှာရှိတဲ့ လူတွေရဲ့ အကျိုးစီးပွားအတွက် အဓိကမဟုတ်ပါဘူး။ အနာဂတ်မျိုးဆက် သစ်တွေစိတ်ရောကိုယ်ပါ ငြိမ်းချမ်းလုံခြုံစွာ ရှင်သန်ကြီးပြင်းလာနိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နောက်လာမယ့်မျိုးဆက်တွေဟာ ပဋိပက္ခတွေ၊ ဆုံးရှုံးနစ်နာမှုတွေကြောင့် စိတ်၊ ခန္ဓာဒဏ်ရာအနာတရတွေ ဘယ်တော့မှ မရသင့်တော့ပါဘူး။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရမှသာ ကျွန်မတို့တိုင်းပြည် ကြီးပွားတိုးတက်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မတူကွဲပြားမှုတွေဟာ ပျော်ရွှင်ဂုဏ်ယူဖွယ်ဖြစ်လာပါမယ်။ နောက်ဆုံးကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ရင်သွေးတွေအဖြစ်နဲ့ မိမိတို့ရဲ့ ပင်ကိုအရည် အချင်းတွေကို ဖော်ထုတ်ပြီး ပွဲလယ်တင့်နိုင်ကြမှာပါ။

နောက်ဆုံးနိဂုံးချုပ်အနေနဲ့ ကြမ်းတမ်းခက်ခဲလှတဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် မတိမ်းမစောင်း လျှောက်လှမ်းခဲ့နိုင်အောင် အားပေးကူညီခဲ့ကြတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေနဲ့မိတ်ဆွေတွေကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ပြောပါရစေ။ မှန်ကန်တဲ့အဖြေကို အတူတကွရှာဖွေဖော်ထုတ်ကြမယ်ဆိုရင် ကျွန်မတို့ရဲ့ အိပ်မက်တွေ လက်တွေ့အကောင်အထည်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ ''ကိုယ့်အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ အိပ်မက်ရှင်ဟာ အားလုံးရဲ့တကယ့်အရှင်သခင်ဖြစ်တယ်'' ဆိုတဲ့ စကားရှိပါတယ်။ တစ်တိုင်းပြည်လုံးရဲ့ အိပ်မက်တွေကို အမှန်တကယ်လက်တွေ့အကောင်အထည်ပေါ်လာအောင် လုပ်နိုင်မယ်ဆိုရင် ကျွန်မတို့ဟာ အမှန်တကယ် ကိုယ့်ကိုယ်ကိုယ် လွှမ်းမိုးနိုင်တဲ့ အရှင်သခင်တွေဖြစ်ကြမှာပါ။

ကျွန်မတို့ရဲ့ လွတ်လပ်တဲ့နိုင်ငံရဲ့ဖခင်ကြီးတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ ကံကြမ္မာကို ကိုယ့်ဘာသာဖန်တီးနိုင်မယ့် အခွင့်အရေးကို မျှော်မှန်းခဲ့ပါတယ်။ ရရှိဖို့ကြိုးစားခဲ့ပါတယ်။ ရှင်းလင်းတိကျတဲ့ ရေရှည်အမြင်၊ ခိုင်မာတဲ့သန္နိဋ္ဌာန်တို့နဲ့ ညီညွတ်ယုံကြည်ခြင်းတို့ရဲ့ ခိုင်မာတဲ့စုစည်းမှုအတွင်းက ဒီအခွင့်အရေးကို ဝင့်ကြွားစွာ ကျင့်သုံးကြပါစို့။
ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment