Friday, September 30, 2016

ချင်းတွင်းမြစ်အတွင်း ရေမည်းများစီးဆင်းမှုနှင့်ပတ်သက်ပြီး တိုင်းတာစစ်ဆေးမှုများ နှစ်ပတ်တစ်ကြိမ် သို့မဟုတ် တစ်လတစ်ကြိမ်ထုတ်ပြန်သွားမည်



Image may contain: outdoor, water, nature and one or more people
မုံရွာ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြတ်သန်းစီးဆင်းလျက်ရှိသော ချင်းတွင်းမြစ်ရေသည် ယခုနှစ်မိုးရာသီတွင် မြစ်အတွင်းသို့ စီးဆင်းသော နန့်စလိန်ချောင်းအတွင်းမှတစ်ဆင့် ရေမည်းများ စီးဆင်းမှုဖြစ်ပွားခဲ့သဖြင့် အဆိုပါရေမည်းများကို ကွင်းဆင်းစစ် ဆေးသည့်အဖွဲ့က ချင်းတွင်းမြစ်ရေ တိုင်းတာစစ်ဆေးမှုများကို နှစ်ပတ် တစ်ကြိမ် သို့မဟုတ် တစ်လတစ်ကြိမ် စစ်ဆေးပြီး သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စာရင်းစစ်ချုပ် ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့၏ အစီရင်ခံစာရှင်းလင်းပွဲ တွင် အဖွဲ့ဝင်အဖြစ်ပါဝင်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်၏ ပြောကြားချက်အရ သိရသည်။
ရေမည်းများစီးဆင်းခြင်းအကြောင်း နှင့်ပတ်သက်ပြီး လကြေးများ(Mica)၊ ဂရက်ဖိုက်ဟုယူဆရသော အလွန်သေးမှုန်သည့် မည်းမည်းအမှုန်များကို စစ်ဆေးရာ ဤနာဂဒေသအတွင်းရှိ နာဂအသွင်ပြောင်းကျောက် (Naga Metamorphic Complex) အတွင်း ၌ ပါဝင်သည့် Mica schist, Graphite schist နှင့် သင်ပုန်းကျောက် (Slate)တို့၌ ကြားညှပ်ပါ ဝင်တတ်သော ဂရက်ဖိုက်အလွှာများသည် မိုးသည်းထန်စွာရွာခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် နန့်စလိန်ချောင်းအတွင်းသို့ အရည် ပျော်စီးဝင်သော လက်တက်များမှ စတင်မျောပါလာပြီး ၎င်းမှတစ်ဆင့် ချင်းတွင်းမြစ်အတွင်းသို့ ဆက်လက် စီးဆင်းခြင်းဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
''အဲဒီအခြေအနေတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန က တိုင်းတာစစ်ဆေးမှုတွေ လုပ်မယ်၊ ထွက်ရှိတဲ့အဖြေတွေကိုထုတ်ပြန်ပေးသွားမှာပါ။ သောက်သုံးဖို့အတွက်ကို အဲဒီကာလလေး တစ်ခုလိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရေထဲမှာဂရက် ဖိုက်ပါလာတဲ့အတွက် သောက်သုံး မိရင်ကျန်းမာရေး ထိခိုက်တာတို့ ချို့ယွင်းတာတို့ ဖြစ်လာနိုင်တဲ့အတွက် သောက်သုံးဖို့ကို မသင့်တော်ဘူးလို့ ပြောတာပါ။ ရေမည်းတွေစီးဆင်းနေတဲ့ ကာလတွင်းမှာ သောက်သုံးဖို့ မသင့်ဘူးဆိုတာကို ထုတ်ပြန်ထားမယ်။ ဒါပေမယ့် အခုအနေအထားက မိုးတွင်းကာလဖြစ်နေတာကြောင့် လည်းဆိုတာကိုထည့်တွက်ရမယ်။ ဒီရေမည်းဟာ မိုးတွင်းကာလ လွန်သွားတဲ့အခါမှာ ဆက်ပြီး မစီးဆင်းတော့ဘူး။ ပုံမှန်အတိုင်းပြန် ဖြစ်သွားတဲ့အထိကို စောင့်ကြည့် နေမှာပါ။ အခုလောလောဆယ်မှာတော့ တိုင်းတာမှုတွေကို ဆက်တိုက် လုပ်ဆောင်နေမှာပါ။ ထွက်လာတဲ့ တွေ့ရှိချက်တွေကိုကြည့်ပြီး သောက်သုံးဖို့သင့်တယ်၊ မသင့်ဘူးဆိုတာကို သတင်းထုတ်ပြန်ပေးသွားမှာပါ။ အခု အခြေအနေကလည်း မိုးတွင်းကာလကြောင့်မို့ ရေမည်းတွေ စီးဆင်းတာလို့ ယူဆထားရတာပါ။ မိုးမရွာတော့ဘူး ဆိုရင်တော့ ဆက်မဖြစ်လာနိုင်ဘူးလို့ ခန့်မှန်းရတယ်။ တိုင်းတာမှုတွေကို တောက်လျှောက် လုပ်နေမှာဖြစ်တဲ့ အတွက် သတင်းထုတ်ပြန်ချက်တွေကိုလည်း ထုတ်ပြန်ပေးနေမှာပါ။ ချင်းတွင်း မြစ်ရေရဲ့ ရေအရည်အသွေးဟာ ဘယ်နေ့ဘယ်ရက်မှာ ဘယ်လောက်အထိ ရှိနေတယ်ဆိုတာကို နှစ်ပတ် တစ်ကြိမ်၊ တစ်လတစ်ကြိမ်လောက် ထုတ်ပြန်ပေးသွားဖို့စီစဉ်နေပါတယ်။ အဲဒီအခါမှာလည်း သောက်သုံးဖို့ သင့်၊မသင့်ဆိုတာကို ဆုံးဖြတ်ပေးသွား မှာပါ''ဟု သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ပြောသည်။
ယခုအခါ ချင်းတွင်းမြစ်အတွင်းသို့ ရေမည်းများ ဆက်လက်စီးဆင်းနေပြီး ပမာဏမှာနည်းသွားပြီဖြစ် သော်လည်း ချင်းတွင်းမြစ်တစ်လျှောက် မြို့နယ်များအတွင်းရှိ ကျေးရွာများမှပြည်သူများ သောက်သုံးခြင်း မပြုစေရန်အတွက် အဆိုပါသတင်း ထုတ်ပြန်ချက်များ ပြုလုပ်သွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
မင်းဝေ(မုံရွာ)

No comments:

Post a Comment