ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းမှ ဂါဘွန် ကစားသမား အော့ဘာမီယန်သည် လက်ရှိကလပ် ဒေါ့မွန် အသင်းမှ ထွက်ခွာကာ စပိန်လာလီဂါကလပ် ရီးယဲလ် မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားမည်ဖြစ်ကြောင်း စပိန်သတင်းစာမာကာက သတင်းဖော်ပြသည်။
လက်ရှိအချိန်တွင် ဆွေးနွေးညှိနှိုင်းမှုမပြုလုပ်ရသေးသော်လည်း ဒေါ့မွန်အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်း တို့အကြား တည်ရှိနေသည့် အပြုသဘောဆောင်သော ဆက်ဆံရေးကြောင့် မကြာမီကာလအတွင်း သဘောတူညီ ချက်ရရှိလိမ့်မည်ဟု စပိန်သတင်းစာမာကာ၏ သတင်း ဖော်ပြချက်အရ သိရသည်။
အဆိုပါသတင်းတစ်ရပ်သည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် စပိန်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ကစားမည်ဟု အော့ဘာမီယန်အနေဖြင့် အဘိုးဖြစ်သူအား ကတိပြုထား သည်ဆိုသည့်အချက်ကို အခြေခံကာ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်းကလည်း တိုက်စစ်မှူး အော့ဘာမီယန်ကို လာမည့်ဘောလုံးရာသီ အတွက် ခေါ်ယူရန်ပြင်ဆင်လျက်ရှိပြီး အော့ဘာမီယန် အနေဖြင့်လည်း စပိန်နိုင်ငံတွင် မွေးဖွားခဲ့သည့် ၄င်း၏မိခင် ပျော်ရွှင်မှုရရိရန်အတွက် စပိန်လာလီဂါသို့ ပြောင်းရွှေ့ ကစားရန် ဆန္ဒရှိနေခဲ့ခြင်းဖြစ်သည်။ ဂါဘွန်တိုက်စစ်မှူး အော့ဘာမီယန်အား စာချုပ်ချုပ်ဆိုခဲ့မည်ဆိုပါက ရီးယဲလ် မက်ဒရစ်အသင်းနည်းပြ ဇီဒန်းအနေဖြင့် မိုရာတာနှင့် ဘင်ဇီမာအကြား ရွေးချယ်မှုတစ်ရပ်ကို ပြုလုပ်ရတော့မည် ဖြစ်သည်။
အော့ဘာမီယန်သည် ၂ဝ၁၃ ခုနှစ် ဇူလိုင်လအတွင်းက ဒေါ့မွန်အသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ဒေါ့မွန်အသင်း နှင့်အတူ ဘောလုံးရာသီသုံးရာသီအတွင်း ဂိုးသွင်းစံချိန်တင် ထားခဲ့သည့်အပြင် ပြီးခဲ့သည့်ရာသီကမူ ၄၉ ပွဲတွင် ၃၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သည့် ကစားသမားတစ်ဦးဖြစ်သည်။ ယခုနှစ်ဘောလုံးရာသီတွင်မူ ဒေါ့မွန်အသင်း အတွက် ခုနစ်ပွဲကစားပေးခဲ့ရာတွင် ခြောက်ဂိုးသွင်းယူပေး နိုင်ခဲ့သည်။
ဖရိုင်းဘတ်အသင်းအား ဒေါ့မွန်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်သည် အော့ဘာမီယန် အတွက် ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၁ဝဝ)ပြည့်မြောက်သည့် ပွဲစဉ်ဖြစ်ပြီး အဆိုပါပွဲစဉ်တွင်လည်း ဂိုးသွင်းယူနိုင်ခဲ့သည်။ အော့ဘာမီယန်သည် ဒေါ့မွန်အသင်းနှင့်အတူ ပွဲပေါင်း ၁ဝဝ ကစားပေးပြီးချိန်တွင် သွင်းဂိုး ၅၉ ဂိုးသွင်းယူပေးနိုင် ခဲ့ပြီး ဂိုးဖန်တီးပေးနိုင်မှု ၁၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ သည်။
(ငွေကြယ်)
No comments:
Post a Comment