ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်၊ အလှကုန်များနှင့် ပြည်သူများ နေ့စဉ်အသုံးပြုနေရသည့် ပြည်တွင်းထုတ် အခြေခံလူသုံးကုန်များတွင် အရည်အသွေးပြည့်မီခြင်းမရှိသည့် ပစ္စည်းများကြောင့် ပြည်သူများအန္တရာယ်မဖြစ်စေရေးအတွက် စစ်ဆေးအရေးယူဆောင်ရွက်ပေးနေသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ ဆောင်ရွက်ချက်များကို ပြည်သူများသိရှိနိုင်ရန် တွေ့ဆုံမေးမြန်းခဲ့သည်။
ဒေါက်တာဒေါ်သဇင်ရီလှိုင် (ဒုတိယညွှန်ကြားရေးမှူးချုပ်)
ဈေးကွက်ထဲက အလှကုန်ပစ္စည်းတွေကို အရှိန်အဟုန်မြှင့်ပြီး စစ်ဆေးနေပါတယ်။ တားမြစ်ဓာတုပစ္စည်းပါဝင်တဲ့ အလှကုန်ပစ္စည်းတွေ အခုလတ်တလောမှာ အမျိုးအစား ၃ဝ လောက်တွေ့ထားပြီးပါပြီ။ ဒီတွေ့ရှိထားတဲ့ ပစ္စည်းတွေကို အများပြည်သူသုံးစွဲဖို့ မသင့်တော်ဘူးဆိုပြီး သတင်းမီဒီယာကနေ ထုတ်ပြန်ကြေညာပါတယ်။ ဒီပစ္စည်းတွေ ဈေးကွက်ထဲမှာရှိနေမယ်ဆိုရင်လည်း လိုက်လံစစ်ဆေးပြီး သိမ်းဆည်းဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။ သုံးစွဲဖို့မသင့်လို့ ကြေညာထားတဲ့ပစ္စည်းတွေကို အများပြည်သူကလည်း မသုံးစွဲကြဖို့လိုပါတယ်။
ပြည်သူတွေ မသုံးစွဲမှ လက်လီရောင်းချတဲ့သူတွေ မရောင်းရတော့ဘူးပေါ့။ လက်လီရောင်းချတဲ့သူတွေကလည်း ကြေညာထားတဲ့ပစ္စည်းတွေကိုဆိုင်မှာ မရောင်းချဖို့လိုပါတယ်။ အပြန်အလှန်တော့ ရှိနေရမှာပါ။ တင်သွင်းဖြန့်ဖြူးတဲ့ သူတွေအနေနဲ့လည်း တားမြစ်ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်တွေကို တင်သွင်းခြင်းမလုပ်ဖို့လည်း အရေးကြီးပါတယ်။ အခုတွေ့ထားတဲ့ တားမြစ် ဓာတုပစ္စည်းအလှကုန်တွေဟာ FDA မှာ မှတ်တမ်းတင်မထားတဲ့ ပစ္စည်းတွေပါ။
ဒေါက်တာဒေါ်ခင်ချစ် (ဒုတိယညွှန်ကြားရေးမှူးချုပ်)
တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံးမှာ အစားအသောက်နဲ့ပတ်သက်ပြီး စစ်ဆေးတဲ့အခါ ဧရာဝတီမှာဆို ငါးပိကို အဓိကထားစမ်းသပ်တယ်။ အဲဒီလို စမ်းသပ်တဲ့အခါ ခွင့်မပြုတဲ့ဆိုးဆေးအရောင်တွေ အကုန်လုံးနီးပါးမှာ တွေ့ရ တယ်။ ငရုတ်သီးမှုန့်ဆိုရင်လည်း တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံးကနေ နမူနာအားလုံးကောက်ယူပြီး စစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ငရုတ်သီး မှုန့် ၅ဝ ရာခိုင်နှုန်းကျော်က ခွင့်မပြုတဲ့ဆိုးဆေးတွေပါဝင်နေတယ်။ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကတော့ ဆက်လက်စစ်ဆေးနေဆဲပါပဲ။ ပဲပြားနဲ့ မုန့်ဟင်းခါးမှာပါဝင်တဲ့ ဖော်မလင်ကိစ္စကိုလည်း နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အကုန်လုံးမှာစစ်ခဲ့ပါတယ်။ အသုံးပြုမှုတွေ့ထားရင် နောက်မသုံးအောင် အသိပညာပေးခဲ့ပါတယ်။
ပညာပေးမှုတွေအများကြီးလုပ်နေပေမယ့် ဆက်သုံးနေတာလည်း တွေ့နေရတယ်။ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှု အားနည်းနေပါသေးတယ်။ အလှကုန် ဆိုရင်လည်း ဈေးကွက်ထဲမှာ လက်လှမ်းမီသလောက်နဲ့လူမှုကွန်ရက်မှာ ပြဿနာရှိတဲ့ပစ္စည်းမှန်သမျှစစ်ဆေးတဲ့အခါ အသားဖြူဆေးဆိုရင် မလိုလား အပ်တဲ့ဓာတုပစ္စည်းတွေ ထည့်တယ်။ ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပေါ့။ အဲဒီလိုမျိုးတွေ့ရင်စစ်ဆေးပြီး တစ်ခါတည်း မသုံးသင့်တဲ့ပစ္စည်းဆိုပြီး ကြေညာ လိုက်တယ်။ အခုဆိုရင် နိုင်ငံတကာအဆင့်မီ၊ အာဆီယံအဆင့်မီတဲ့ နည်းလမ်း တွေနဲ့ စစ်ဆေးနေပါတယ်။
ဒေါက်တာဒေါ်သိင်္ဂီဇင် (ညွှန်ကြားရေးမှူး၊ ဆေးဝါးဌာနခွဲ)
ဆေးဝါးဆိုတာက ကျန်းမာရေးမှာမရှိမဖြစ်အသုံးပြုရတာပါ။ ဆေးကုတယ်ဆိုတာက ဆရာဝန်ရောဂါရှာပြီးတာနဲ့ ထိရောက်ပြီး အရည်အသွေး အာနိသင်ရှိတဲ့ဆေးဝါးနဲ့ကုသမှ ရောဂါကပျောက်ကင်းမှာဖြစ်ပါတယ်။ ဒီလို အရည်အသွေးအာနိသင်ကောင်းမွန်တဲ့ ဆေးဝါးရရှိဖို့ ကြီးကြပ်ကွပ်ကဲပြီး လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်မှာပြဋ္ဌာန်းထားတဲ့ အမျိုးသားဆေးဝါး ဥပဒေရဲ့အမိန့်ကြော်ငြာစာတွေနဲ့အညီ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကို တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးအလိုက် အဆင့်ဆင့် ဆောင်ရွက်နေပါတယ်။
ဒီဥပဒေအရ ဆေးဝါးတွေ ပြည်တွင်းကို တင်သွင်းမယ်၊ ထုတ်လုပ်တော့ မယ်ဆိုရင် မှတ်ပုံတင်ရပါတယ်။ ဆေးဝါးတင်သွင်းမယ်ဆိုရင်လည်း တင်သွင်း ခွင့်လိုင်စင်လျှောက်ရသလို၊ ထုတ်လုပ်မယ်ဆိုရင်လည်း ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ရပါတယ်။ ဆေးဝါးဆိုတာက ထုတ်လုပ်တဲ့သူက ဘယ်လောက်ပဲ ကောင်းအောင်ထုတ်ထုတ် ဈေးကွက်တင်သွင်းတဲ့နေရာမှာ သိုလှောင်တာပဲ ဖြစ်ဖြစ်၊ ဖြန့်ဖြူးတာပဲဖြစ်ဖြစ် စနစ်မရှိဘူးဆိုရင် ပျက်စီးတာတို့၊ စံမမီတာတို့ ဖြစ်တတ်ပါတယ်။ ထုတ်လုပ်တယ်၊ တင်သွင်းတယ်၊ ဖြန့်ဖြူးတယ်၊ ရောင်းချမှု ပြုလုပ်တဲ့လုပ်ငန်းအဆင့်ဆင့်ကို ကြပ်မတ်ဆောင်ရွက်နေပါတယ်။
ဒေါက်တာထက်အောင်(လက်ထောက်ညွှန်ကြားရေးမှူး၊ အစားအသောက်ဌာနခွဲ)
အစားအသောက်ဌာနခွဲ၊ သွင်းကုန် ထုတ်ကုန်ဌာနစိတ်အနေနဲ့ မြန်မာ ပြည်ထဲကိုဝင်လာတဲ့ အစားအသောက်တွေနဲ့ပတ်သက်ပြီး တင်သွင်းလာတဲ့ အစားအသောက်တွေကို သွင်းကုန်လိုင်စင်ထောက်ခံချက်ပေးရပါတယ်။ ပြီးရင် စီးပွားကူးသန်းမှာ လိုင်စင်လျှောက်ပြီး တင်သွင်းလာတဲ့ စားသောက်ကုန်တွေကို တင်သွင်းကျန်းမာရေးထောက်ခံချက်ပေးရပါတယ်။ ပို့ကုန်ပိုင်းနဲ့ပတ်သက်ပြီး လည်း ပို့ကုန်လိုင်စင်ထောက်ခံချက်ရယ်၊ ပို့ကုန်ကျန်းမာရေးထောက်ခံချက် တွေထုတ်ပေးပါတယ်။ ဈေးကွက်ထဲမှာ ပြည်သူတွေ အဓိကထားစားသုံးနေတဲ့ အခြေခံစားသောက်ကုန်တွေကို ရုတ်ခြည်းစစ်ဆေးတာရှိတယ်။ နယ်လှည့် ယာဉ်တွေနဲ့လည်း အရေးပေါ်စစ်ဆေးတာရှိပါတယ်။ အထူးသဖြင့် လုပ်နေတာတော့ ခွင့်မပြုဆိုးဆေးတွေသုံးတာ၊ သတ်မှတ်ဆိုးဆေးပမာဏထက် ကျော်လွန်အသုံးပြုနေတာတွေကို လှည့်လည်စစ်ဆေးနေပါတယ်။ နောက်ပြီး ကျောင်းကျန်းမာရေးအနေနဲ့ ကျောင်းနေအရွယ်ကလေးတွေ မစားသုံးသင့်တဲ့ အရောင်ပါတဲ့အစားအစာတွေကို စစ်ဆေးပြီး အရေးယူဆောင်ရွက်တာ တွေရှိပါတယ်။
သတင်း-အောင်ရဲသွင်၊ ဓာတ်ပုံ-ကျော်ရဲဆွေ
No comments:
Post a Comment